ဒီနေ့က အပြည်ပြည်ဆိုင်ရာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနေ့ပါ။ UNDP၊ ဗဟိုစာရင်းအင်း အဖွဲ့ နဲ့ ကမ္ဘာ့ဘဏ်(မြန်မာ)တို့ ပူးတွဲပြုစုခဲ့တဲ့ မြန်မာ့နေထိုင်မှုအခြေအနေ စစ်တမ်းရဲ့ စာရင်းအင်းတွေ အရ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းက ကျန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ၁၆ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီး စီးပွားရေးဟာ အရင်ကထက် ပိုပြီး ခိုင်မာလာတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဆင်းရဲနွမ်းပါးမှုကတော့ မြို့ပြထက် ကျေးလက်မှာ ပိုပြီးများနေပါသေးတယ်။ ဒါကြောင့်ကျေးလက်ဒေသ ကသူတွေရဲ့ ဝင်ငွေတိုးလာအောင် လုပ်ဖို့လည်းအရေးကြီး တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတိုက်တွန်းထားပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ပေးပို့ထားပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၊ ဗဟိုစာရင်းအင်းအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်မြန်မာတို့ပူးတွဲပြုစုတဲ့ ၂၀၁၇ မြန်မာ့နေထိုင်မှုအခြေအနေစစ်တမ်းအရ ဆိုရင် မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုက ၂၀၀၅-၂၀၁၅ ဆယ်နှစ်တာကာလအတွင်းမှာ ၄၈%ကနေ ၃၂%ကိုကျဆင်းသွားပြီး စီးပွားရေး ကလည်းကိုပြီး ခိုင်မာလာတယ်လို့ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာမှာ ဆင်းရဲနွမ်းပါးမှုကို တိုင်းတာတဲ့နေရာမှာ လူတစ်ယောက် တစ်ရက်ဝင်ငွေဒေါ်လာ ၁.၂၅ မြန်မာကျပ်ငွေနဲ့ ၁၉၀၀ ဝန်းကျင် ရှိတာမို့ ပြည်တွင်းက တချို့အခြေခံအလုပ်သမားတွေရဲ့ဝင်ငွေက အဆမတန်နည်းနေတာပါ။ တက်လာတဲ့အခြေခံ ကုန်စည်ဈေးတွေနဲ့ လိုက်ပြီး ဝင်ငွေကိုချိန်ညှိပေးမှ ဆင်းရဲနွမ်းပါးမှုကလည်းအထိုက်အလျောက်သက်သာနိုင်လိမ့်မယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂရဲ့ စည်းရုံးရေးကော်မတီဝင် ဒေါ်သက်ထားဆွေ ကပြောပါတယ်။
“တိုးလာတဲ့ငွေ amount နဲ့ တက်လာတဲ့ကုန်ဈေးနှုန်းကမကာမိလို့ဒီလိုမျိုး ဖြစ်တာပေါ့နော်။ အဲလိုလုပ်အားခတွေတိုးမြင့်ပေးမယ်ဆိုလို့ရှိရင် လည်းတက်လာတဲ့ကုန်ဈေးနှုန်းကို အစိုးရတစ်ရပ်အနေနဲ့ ထိန်းပေးဖို့လိုတယ်လို့ ညီမတို့ကမြင်တယ်။ ဘယ်လောက်ပဲလုပ်အားခတွေ မြှင့်တင်မြှင့်တင် ကုန်ဈေးနှုန်းကိုထိန်းမပေးနိုင်လို့ရှိရင်တော့ ဒီလိုမျိုးပြဿနာတွေကတော့ဖြစ်နေဦးမှာပဲ ဆင်းရဲနွမ်းပါးမှုကတော့ပပျောက် လာလိမ့်မယ်လို့ညီမတို့ကမထင်ဘူး။”
ဆင်းရဲနွမ်းပါးမှုက ရေမြေဒေသပေါ်မူတည်ပြီးကွာခြားပါတယ်။ နွမ်းပါးသူတွေရဲ့ ၆၅%က အပူပိုင်းဒေသနဲ့ မြစ်ဝကျွန်းပေါ်မှာနေကြတာပါ။ မြန်မာ့လူဦးရေရဲ့ ၇၀%က ကျေးလက်မှာနေတဲ့အတွက် သူတို့ရဲ့ဝင်ငွေကတည်း တိုင်းပြည်အပေါ်အများကြီသက်ရောက်မှုရှိတယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာကိုကိုအောင်ကပြောပါတယ်။
“လူတစ်ဦးစီ တစ်ဦးစီရဲ့ Capacity နိမ့်ကျတဲ့တိုင်းပြည်တွေမှာ ဆင်းရဲမွဲတေမှုဖြစ်ကြတာပဲဗျ။ Capacity ဆိုတာပညာရေးပဲဖြစ်ဖြစ်၊ ကျန်းမာ ရေးပဲဖြစ်ဖြစ် ငွေကြေးဓန ဥစ္စပဲဖြစ်ဖြစ်ဒီ capacity ရှိနေတဲ့တိုင်းပြည်တွေမှာတော့ သဘာဝဘေးအန္တရာယ်ပဲဖြစ်ဖြစ် ခံနိုင်ရည်ရှိကြတာပေါ့ ဗျာ။ ပြည်သူမြင့်ရင် တိုင်းပြည်မြင့်တာပဲဗျ။ ပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေမြင့်လာမယ်၊ ပြည်သူတွေရဲ့ လူနေမှုအဆင့် အတန်းတွေမြင့်လာမယ် ဒါတိုင်းပြည်ကအလိုလိုနေရင်း မြင့်လာတာပဲ။ capacity ဆိုတာသူ့ရဲ့မွေးရာပါ အခွင့်အရေးတွေရှိတယ်။ ကျန်းမာရေး ပညာရေး စသဖြင့်သူတို့ကိုယ်တိုင်ကြိုးပမ်းနိုင်အောင် စာသင်ချင်တဲ့သူ စာသင်နိုင်အောင်နော် နိုင်ငံတော်ဘက်ကလည်း ပံ့ပိုးပေးရမယ်။ ကျန်းမာရေးမှာဆို ကျေးလက်ကျန်းမာရေးဌာနလေးတွေ လုပ်ပေးရမယ်။ နောက်ကျေးလက် မီးလင်းရေးတွေလုပ်ပေး ရမယ်။ တစ်နည်းပြောရရင် ဆင်းရဲမွဲတေမှုဆိုတာ လူတစ်ဦးစီ တစ်ဦးစီကသူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေကို အပြည့်အဝ အသုံးချလာနိုင်ပြီ ဆိုရင် ဆင်းရဲမွဲတေမှုက သူ့အလိုလိုလျော့သွားတာပံဲဗျ။”
စစ်တမ်းတွေအရဆိုရင် ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်က အဆင်းရဲဆုံးပြည်နယ် အနေနဲ့ ရှိနေပါတယ်။ ကမ်းရိုးတမ်းဒေသတွေ မှာလည်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကိုပြန်ပြီးထူထောင်ပေးဖို့နဲ့ အခြေခံအဆောက်အဦတွေတိုးတက်အောင် ဆောင်ရွက်ဖို့ လိုကြောင်း ကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြနေပါတယ်။