သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ထောင်ဒဏ်တနှစ် အမိန့်ချ


ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာမှာ တပ်ကို အကြည်ညိုပျက်အောင် ရေးသားတယ်ဆိုတဲ့ စွဲချက်နဲ့ စစ်တပ်က တရားစွဲဆိုတာခံရတဲ့ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် တနှစ်အမိန့် ချမှတ်လိုက်ပါတယ်။

အခုလို မင်းထင်ကိုကိုကြီးကို ထောင်ချလိုက်တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်နေမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာနေပြီး နိုင်ငံသားတို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်မှုအဖြစ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Human Rights Watch က ဝေဖန်ထောက်ပြသလို မင်းထင်ကိုကိုကြီး ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International တောင်းဆိုပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးလှုပ်ရှားသူ ရုပ်ရှင်ဒါရိုက်တာမင်းထင်ကိုကိုကြီးကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စစ်တပ် ဂုဏ်သိက္ခာကျအောင် ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုလုပ်ပြီး မတ်လတုန်းက ၆၆(ဃ)နဲ့ အရင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဧပြီလမှာတော့ ဒီလိုဝေဖန်ရေးသားမှုတွေဟာ တပ်မတော်ကို အကြည်ညိုပျက်အောင် ရေးတယ်ဆိုပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ အင်းစိန်တရားရုံးမှာ တပ်ဘက်က ထပ်မံဦးတိုက် လျှောက်ထားစွဲဆိုခဲ့တာပါ။ အသည်းကင်ဆာရောဂါခံစားနေရတဲ့ မင်းထင်ကိုကိုကြီ်းကို ကျန်းမာရေးအာမခံပေးဖို့ လျှောက်ထားခဲ့ပေမဲ့ ပယ်ချခဲ့ပြီး အင်းစိန်ထောင်တွင်း ချုပ်နှောင်ထားပြီး တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

ငါးလတာ တရားရင်ဆိုင်ပြီးနောက်မှာတော့ ဒီကနေ့ သြဂုတ်လ ၂၉ရက်နေ့မှာ မင်းထင်ကိုကိုကြီးကို အင်းစိန်တရားရုံးမှာ တရားသူကြီးကနေ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)အရ ချုပ်ရက်ခံစားခွင့်နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁နှစ်တိတိ ချမှတ်လိုက်ပါတယ်။ အင်းစိန်တရားခွင်ကနေ ထောင်ဒဏ်ချခံရ အပြီး ပြန်ထွက်လာတဲ့ မင်းထင်ကိုကိုကြီးက သူ့အပေါ် ထောင်ဒဏ်စီရင် လိုက်တဲ့အပေါ် အခုလိုပြောပါတယ်။

“မစိုးရိမ်ပါနဲ့ ကျနော်ပြန်ထွက်လာမှာပါ။ ပြီးတော့ ကျနော့်အလုပ်တွေပြန်လုပ်မှာပါ။ ဇတ်ညွှန်းတွေလည်း ရေးဖို့ရှိပါတယ်။ အဲဒါစီစဉ်နေတာပါ အဲဒီအချိန်မှာ အထဲကို ရောက်သွားတာပါ အဲဒါတွေလည်း ကျနော်ထွက်လာတဲ့အချိန်မှာ လုပ်မှာပါ။ ပြီးတော့ အရေးကြီးတာက အခြေခံဥပဒေ ပြင်ဆင်ရေး အဲဒါကို အားလုံး ကျနော်တို့ ခေါင်းဆောင်တွေနဲ့ အတူ မျက်ခြေမပျက် စိတ်ရောကိုယ်ရော အားလုံး ညီညီညွှတ်ညွတ် ဆက်လက်ပြီး ချီတက်ကြပါလို့ ပြောချင်ပါတယ်။”

အခုလိုမင်းထင်ကိုကိုကြီးကို ထောင်ဒဏ် ၁နှစ်ချမှတ်လိုက်တဲ့အပေါ် သူ့အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားဥပဒေ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း အမှုအပေါ် ရက်ပေါင်း (၃၀)အတွင်း အယူခံဆက်တက်သွားနိုင်ဖို့စီစဉ်ထားသလို သမ္မတကနေတဆင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိအောင်လည်း ဆောင်ရွက်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

“ရက်ပေါင်း ၃၀ အတွင်းမှာ အယူခံတင်သွင်းဖို့ ဆုံးဖြတ်ထားပြီးသားပါ ။ ဒီကနေ့ အမိန့်ချတဲ့နေရာမှာ တရားသူကြီးက အလေးထားမယ်ဆိုရင် သူ့ကို ၅၀၅ (က) အရ အရေးယူအပြစ်ပေးလို့ မရပါဘူး။ ကျန်းမာရေးအခြေအနေအရပ်ရပ်အရ ကိုမင်းထင်ကိုကိုကြီးက တရားရုံးမှာ အမူရင်ဆိုင်ပြီးတော့ ထောင်ထဲရောက်တဲ့အခါ သေမင်းနဲ့ ရင်ဆိုင်ရဦးမယ့်အနေအထားမို့လို့ နိုင်ငံတော်သမ္မတ ကြီးအနေနဲ့ အမြန်ဆုံးလွတ်ငြိမ်းချမ်းသာခွင့်ပြုပြီးတော့ အသက်တခေါင်းကယ်သင့်ပါတယ် လို့ အဲလိုမျိုးလုပ်ပေးပါလို့ မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်။”

စစ်တပ်က တရားစွဲဆိုခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ ရုံးချိန်းမှာ ကိုယ်တိုင်သွားရောက်လေ့လာခဲ့သူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်(အသံ)က မောင်ဆောင်းခကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်နေမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာနေပြီး နိုင်ငံသားတို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်မှုအဖြစ် ရှု့မြင်ပါတယ်။

“ တပ်မတော်နဲ့ အစိုးရအပေါ်မှာ လူတွေဝေဖန်ပြောဆိုတာတွေကို တရားစွဲဆိုတဲ့ ကိစ္စရပ်တွေက မရှိသင့်တော့ဘူး။ နောက်တခုကတော့ ဒီလိုတရားစွဲဆိုတာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ဖိနှိပ်ကန့်သတ်ရာရောက်တဲ့အတွက် ကျနော်တို့အနေနဲ့ အပြင်းအထန်ကန့်ကွက်ပါတယ်။ အမှန်တက်ကတော့ ဒီအမှုဟာ တရားရုံးကနေ ပလပ်ပေးရမယ့် ကိစ္စပါ။ စွဲချင်တဲ့သူကတော့ စွဲကြမှာပေါ့နော်။ ဆိုတော့ တရားစီရင်ရေးစနစ်က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရ ဒါက ရှင်းရှင်းလင်းလင်းခိုင်ခိုင်မာမာ လွတ်လွတ်လပ်လပ် ရပ်တည်ဖို့ ကောင်းတယ်ပေါ့။ မန္တလေးမှာလည်း ဆရာတော် ဦးတောပိတတို့အမှုနဲ့ ပတ်သက်ရင်လည်း ဒါက တရားစွဲဆိုရန်မသင့်ဆိုပြီးတော့ ပလပ်ခဲ့တာပဲ။ အဲလိုပဲ ကိုမင်းထင်ကိုကိုကြီးမှာလည်း အဲလိုပဲ ဖြစ်သင့်တယ်လို့ ကျနော်ယူဆတယ်။ ကျနော်နားလည်လိုက်တာကတော့ တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ နီးလာလေလေ၊ နိုင်ငံအတွက် ရှုပ်ထွေးဖို့အခြေအနေတွေ ဖန်တီးတာ ကြိုးစားလေလေလို့ ကျနော်မြင်တယ်ပေါ့။”

အခုလို မင်းထင်ကိုကိုကြီးကို ထောင်ချလိုက်တဲ့အပေါ် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်နေမှု လုပ်ငန်းစဉ် ဟာ မေးခွန်းထုတ်စရာဖြစ ်လာနေပြီး နိုင်ငံသားတို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆန္ဒထုတ်ဖော်ခွင့် စတဲ့နိုင်ငံသားအခွင့်အရေးတွေကို ခြိမ်းခြောက်မှုအဖြစ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Human Rights Watch က ဝေဖန်ထောက်ပြသလို မင်းထင်ကိုကိုကြီး ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International က တောင်းဆိုလိုက်ပါတယ်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးရဲ့အမှုအပေါ် ဒီလိုထောင်ချလိုက်တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သရော်ခြင်း နိုင်ငံရေးမှတ်ချက်ပေးခြင်းမျှဖြင့် ဖမ်းဆီးထောင်ချခံရခြင်း မဖြစ်သင့်ကြောင်းနဲ့ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ဒီမိုကရေစီရေးအကူးအပြောင်းကို အားပေးထောက်ခံသူတွေ အတွက် စိတ်သောကဖြစ်ရပါကြောင်း၊ အရပ်သားအစိုးရလက်ထက် ပြုပြင်ရေး လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဆက်လက်ထောက်ခံသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG