သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ မူးယစ် တိုက်ဖျက်ရေး UN အစီအစဉ်သစ်


မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်။

မူးယစ်ဆေးမှောင်ခိုကုန်ကူးနေတာတွေ နဲ့ နိုင်ငံဖြတ်ကျော် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ အပေါ် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးစနစ်က ပိုပြီး ထိထိရောက်ရောက်နှိမ်နှင်းနိုင်အောင် အကူအညီပေးမယ် အစီအစဉ်သစ်တရပ်ကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)က စတင်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂက သတိပေးထားတဲ့ အဲဒီ ပြစ်ဒဏ် ကင်းလွတ်ခွင့်တွေနဲ့ ရာဇဝတ်မှုဆိုင်ရာလုပ်ဆောင်ချက်တွေကို တိုက်ဖျက်ဖို့အတွက် နည်းလမ်းဖြစ်တာနဲ့ အမျှ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီအစီအစဉ်ကို ကြိုဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Ron Corben သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရာဇဝတ်မှုနဲ့ ဆက်နွယ်တဲ့ လှုပ်ရှားမှုတွေက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး၊ လူတွေအတွက် မလုံခြုံမှုတွေ တိုးလာစေတဲ့အပြင်၊ တိုင်းရင်းသားတွေလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း ထိခိုက်စေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောလိုက်တဲ့အချိန်မှာပဲ အမေရိကန်ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိတဲ့ ၄ နှစ်စာ အစီအစဉ် ဖြစ်လာခဲ့တာပါ။

ဒေါ်လာသန်းနဲ့ချီတဲ့ တရားမဝင်မှောင်ခိုစီးပွားရေးလုပ်ငန်းက ရတဲ့ငွေတွေကို တခြား စီးပွားရေးနယ်ပယ်တွေမှာ ငွေကြေးခဝါချနေတာကြောင့် လူမှုအဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့် ခြိမ်းခြောက်လာနေတယ်လို့ UNODC ရဲ့ အရှေ့တောင်အာရှ နဲ့ ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ရှိသူ Jeremy Douglas က ပြောပါတယ်။

"မြန်မာနိုင်ငံမြောက်ပိုင်းမှာ မှောင်ခိုဈေးကွက်က အရမ်းကြီးပါတယ်။ အဓိကအားဖြင့် မူးယစ်ဆေဝါးနဲ့ ဆက်နွယ်ပတ်သက်နေတာတွေမှာပါ။ ဒါ့အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းမှောင်ခိုရောင်းဝယ် မှုတွေလည်း အများအပြားရှိသလို၊ တခြား တရားမဝင်မှောင်ခိုကုန် ကူးနေတာတွေ နဲ့ ငွေအများအပြားရရှိနေတဲ့ နိုင်ငံဖြတ်ကျော် ရောင်းဝယ်လုပ်ကိုင်နေကြတဲ့ ကိစ္စရပ်တွေလည်း ရှိပါတယ်။ တချိန်တည်းမှာပဲ ဒီငွေတွေကို လည်ပတ်ဖို့ လိုအပ်သလို၊ တရားဝင်ဖြစ်လာအောင်လုပ်ဖို့လည်း လိုလားနေပါတယ်။ ဒါကြောင့် တရားဝင်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ အပေါ်မှာ ထိခိုက်မှုတွေလည်းရှိလာနေပါတယ်။"

စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ မကြာသေးခင်နှစ်တွေအတွင်း တိုးတက်မှုတွေရှိလာတဲ့ တချိန်တည်းမှာပဲ၊ အဂတိလိုက်စားမှုတွေကြောင့် တိုင်းပြည်ရဲ့ အခြေအနေ ကတော့ အောင်မြင်မှု မရသေးပဲဖြစ်နေပါတယ်။ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ (TI) ရဲ့ သတ်မှတ်ချက်အရ၊ နိုင်ငံ ၁၇၇ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၅၇ မှာရှိတယ်လို့ သတ်မှတ်ထားပါတယ်။

ဘိန်းနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေကနေ ဓနအင်အားနဲ့ သြဇာကြီးမားတဲ့ သူတွေ ပေါ်လာခဲ့ပြီး၊ အဲဒီကနေ လွှတ်တော် အပါအဝင် နိုင်ငံရေးနယ်ပယ်တွေ ထဲပါ ရောက်လာနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ တိုင်းပြည်ရဲ့ ကြီးထွားလာနေတာနဲ့ အမျှ၊ အဲဒီလူတွေရဲ့ သြဇာလွှမ်းမိုးမှုတွေ တိုးလားနေတာဟာ စိုးရိမ်စရာအချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူ Debbie Stothard က ပြောပါတယ်။

"နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းက ကြဉ်ထားပြီး နာမည်ပျက် စာရင်းသွင်းထားတဲ့ ခရိုနီတွေ ချမ်းသာလာကြတာဟာ အဂတိလိုက်စားမှုတွေ နဲ့ တခြား ဥပဒေနဲ့ မလွတ်ကင်းတာတွေနဲ့ ဆက်နွယ်ပတ်သက်ပြီး ချမ်းသာလာတာပါ။ ကျမတို့ အခုတွေ့နေရတာက ဘာလဲဆိုတော့ ၊ ပြီးခဲ့တဲ့မျိုးဆက် တခုက ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေ ၊ အုပ်စုဖွဲ့ပြီး ရာဇဝတ်မှုကျူးလွန်သူတွေဟာ လက်ရှိ အစိုးရလက်ထက်မှာ လူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေ ဖြစ်လာနေကြတာပါ။"

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတဲ့ ကွန်ယက် နဲ့ နီးစပ်သူတွေဟာ ၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လွှတ်တော်အမတ်တွေ အဖြစ် ရွေးခံခဲ့ရတယ်လို့ Stothard က ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးခံရသူတွေနဲ့ ဘိန်းထုတ်လုပ်မှု မြင့်တက်လာတာကြားမှာ ဆက်နွယ်မှုတွေရှိတယ်လို့ သူမက ပြောပါတယ်။ ဘိန်းစိုက်ပျိုးမှုတိုးလာတဲ့အခြေအနေတွေကြောင့်၊ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှုဟာ ၂၆ ရာခိုင်နှုန်းတိုးလာပြီး တန်ချိန် ၈၇၀ အထိရှိလာတယ်လို့ UNODC က အစီရင်ခံစာထုတ်ပြန်ပါတယ်။

HRW အဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Phil Robertson က စီးပွားရေးမှာ မသမာမှုတွေတိုးလာနေတာကြောင့် ပြစ်မှုကျူးလွန်ပေမယ့် ပြစ်ဒဏ်မခံရပဲ ဆက်ပြီးတော့ ကင်းလွတ်ခွင့်ရနေတဲ့ပြဿနာတွေဟာလည်း တိုးလာနေတယ်လို့ ပြောပါတယ်။

"ခင်ဗျားတို့ပြောနေတဲ့ မှောင်ခိုစီးပွားရေးဈေးကွက် ဒါမှမဟုတ် စီးပွားရေး မသမာမှုတွေ နဲ့ စီးပွားရေးလုပ်ဖို့ အခွင့်အရေးဆိုတဲ့ကြားက အဓိက ချိတ်ဆက်ပေးနေတာက ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့လူတွေဖြစ်ပါတယ်။ အဆက်အသွယ်ကောင်းတယ်၊ ဝန်ကြီးတွေနဲ့ ပေါင်းစားနေတဲ့ ခရိုနီဖြစ်တယ်၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ စစ်ဗိုလ်ချုပ်နဲ့ ပတ်သက်တယ်ဆိုရင် အဲဒီလို ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ ရနေတာဖြစ်ပါတယ်။ အဓိက ပြဿနာက အဲဒီ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြဿနာပါ။"

UNODC အစီအစဉ်အတွက် အဓိကစမ်းသပ်မှုဖြစ်မှာကတော့ ဘိန်းမှောင်ခိုကူးတာ ဒါမှမဟုတ် ပြစ်မှုကျူးလွန်သူတွေနဲ့ ဆက်စပ်နေတဲ့သူတွေကို အရေးယူတရားစွဲတာနဲ့ ဒီလို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ ဓလေ့ထုံးစံကြီးကို ပျောက်ကွယ် သွားမလားဆိုတာပဲဖြစ်တယ်လို့ Robertson က ပြောပါတယ်။

XS
SM
MD
LG