သုံးရလွယ်ကူစေသည့် Link များ

မောင်တောမြို့သွားမယ့်ကားပေါ် စိတ်ကြွဆေး ၃သန်း၎သိန်း ဖမ်းဆီးမိ


မောင်တောမြို့သွားမယ့်ကားပေါ် စိတ်ကြွဆေး ၃သန်း၎သိန်း ဖမ်းဆီးမိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင် ဆိပ်ကမ်းမှာ မောင်တောမြို့ကို သွားမယ့်ကားတစီးကို ဇွန်လ ၁၁ရက်နေ့ကစစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်တွေ ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ရာမှာ ကားထဲမှာ အံဝှက်တွေနဲသယ်ဆောင်လာတဲ့ စိတ်ကြွဆေး ၃သန်း ၄သိန်းကို ဖမ်းဆီးမိခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ကိုသွားမယ့် ကားတစီးကို စစ်တွေမြို့နယ်ထဲက၊ ရေချမ်းပြင်ဆိပ်ကမ်း မှာ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေနဲ့ ပူပေါင်းတပ်ဖွဲ့ တွေက ဖမ်းဆီးရာမှာ စိတ်ကြွဆေး ၃သန်း ၄သိန်းကို ဖမ်းမိခဲ့တယ်လို့ စစ်တွေက မြို့မိမြို့ဖတဦးဖြစ်သူ ဦးသန်းထွန်းက အခုလိုပြောပြပါတယ်။

“စစ်တွေမြို့နယ်ထဲမှာပေါ့ ၊ ရေချမ်းပြင်ဆိုတဲ့နေရာမှာ မိတာပါ။ ဆေးပြား ၃၄ သိန်းလို့ပြောတာပဲ။ ဘယ်လိုမိသွားလဲဆိုတော့ ကုန်မော်တော်ကားတစီး ကြမ်းခင်းပေါ်မှာ အံဝှက်လုပ်ပြီးတော့ ယူလာတာ။”

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မောင်တောဘက်တွေမှာ ၂၀၁၆ခုနှစ်နဲ့ ၂၀၁၇ခုနှစ်ထဲမှာ စိတ်ကြွဆေးတွေ သန်းနဲ့ ချီပြီးဖမ်းဆီးမိတာတွေ ရှိနေပေမယ့် အခုစစ်တွေမြို့ဘက်မှာ မိတာဟာကတော့ အခုတကြိမ်ဟာ အများဆုံးဖမ်းဆီး ရမိတယ်လို့ ဆိုပါတယ်။

“ စစ်တွေမှာ ဖမ်းမိတဲ့အထဲမှာတော့ ဒီဟာအများဆုံးထင်တယ်၊ စစ်တွေမှာ ။ ခါတိုင်းကတော့ မောင်တောတို့ဘာတို့မှာမိတယ်။ စစ်တွေမြို့အတွက်ကတော့ ဒီဟာတော်တော်များတယ်လေ။”

စစ်တွေမြို့က ရဲအာဏာပိုင်တွေကတော့ ဖမ်းဆီးမိတဲ့ကားမှာ ကားမောင်းလာသူတွေသာ ပါလာပြီး အဓိက သယ်ဆောင်ခိုင်းသူ၊ ပို့ဆောင်ခိုင်းသူကို စုံစမ်းစစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။သယ်ဆောင်လာတဲ့ ကားမှာတော့ ဘိလပ်မြေအိပ်တွေ၊ သံဇကာတွေသံဆူးကြိုးခွေတွေကို သာ သယ်ဆောင်လာပြီး ကားဝမ်းဗိုက်အောက်ထဲမှာ အံဝှက်တွေနဲ့ စိတ်ကြွဆေးတွေကို သန်းနဲ့ချီပြီးသယ်ဆောင်လာတာဖြစ်ပါတယ်။ အခုဖမ်းဆီးမိတဲ့ စိတ်ကြွဆေးတွေရဲ့ ကာလတန်ဖိုးဟာ ကျပ်သိန်းပေါင်း ၁၀၂၀၀ ဖိုး ရှိတယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ကားမောင်းသူကိုသာဖမ်းမိပြီးထားပြီး အဓိက ပိုင်ရှင်တွေကိုတော့ ဖမ်းမမိသေးဘူးလိုလည်း ဦးသန်းထွန်းကဆိုပါတယ်

“လောလောဆယ်တော့ သူတို့ကို ဖမ်းမမိသေးဘူးလို့ပြောတယ်။ ဒီတခေါက်တော့ အဲဒီ သယ်ခိုင်းတဲ့လူတွေကို ကားသမားတွေက ပြောတာပေါ့လေ။ ဒါပေမယ့် ဖမ်းမမိဘူးလို့တော့ပြောတယ်။များတယ် နည်းနည်းများတဲ့အထဲမှာ ပါတာပေါ့နော်။ ”

မြန်မာ-ဘင်္ဂလားနယ်စပ်မြို့ ဖြစ်တဲ့ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်တွင်းမှာ ကျပ်သန်းပေါင်း တသောင်းကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးအလုံးရေပေါင်း ၆၈သိန်းကျော် ကို ပြီးခဲ့တဲ့၂၀၁၆ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့ ကနယ်မြေခံအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့သလို ၂၀၁၇ဖေဖော်ဝါရီ အတွင်း မှာပဲ မောင်တော၊ အလယ်သံကောက် ကားလမ်းရှိ ရွှေဗဟို ဘုန်းတော်ကြီး ကျောင်း အတွင်းမှ ကျပ်သန်း ၉၀၀၀ ကျော် တန်ဖိုးရှိစိတ်ကြွ ဆေး ၄၆ သန်းကျော်ကို ဖမ်းမိခဲ့ ပါတယ်။ မေလပထမအပတ်ထဲမှာပဲ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် ခမရ (၅၆၄)ဗိုလ်မှူး တစ်ဦး တပ်ဖွဲ့ဝင်တဦးနဲ့အရပ်သား ၂ဦးတို့ဟာ ဘူးသီးတောင်-မောင်တောကို ထွက်လာစဉ်အတွင်း စိတ်ကြွဆေး အလုံးရေ လေးသိန်းလေးသောင်းကိုသယ်ဆောင်လာခဲ့တာပါ။ သူတိုစီးလာတဲ့ကားကို နယ်ခြားစောင့်တပ်တွေနဲ့ အတူပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေက ရှာဖွေ စစ်ဆေးပြီး ဖမ်းဆီးခဲ့ပါတာဖြစ်ပါတယ်။

မေလ ၁၁ရက်နေ့တုန်းကတော့ ဘူးသီးတောင်မြို့နယ်ထဲမှာ စိတ်ကြွဆေးအလုံးရေ ၁၆သိန်းကို ပီနံအိတ်တွေထဲထည်ပြီး ကုန်တင်ကားနဲ့ ပြောင်းလဲသယ်ဆောင်လာတာဖြစ်တယ်။ အခုဆိုရင် ရခိုင်ပြည်နယ်အတွင်း၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ခုနှစ်အတွင်းမှာ စိတ်ကြွဆေး အလုံးရေ သန်းနဲ့ ချီပြီး ဖမ်းဆီးမိနေတာဖြစ်ပါတယ်။

XS
SM
MD
LG