သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်မှာ စိတ်ကြွဆေး ၄ သန်းကျော် ဖမ်းမိ


 ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးနှင့်ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ် (bangkokbiznews)
ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးနှင့်ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ် (bangkokbiznews)

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် ခရိုင်အတွင်းမှာ ဇွန်လ ၉ ရက်နေ့က ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပေါင်း ၄သန်း၂သိန်း မြန်မာနိုင်ငံမြောက်ပိုင်း ဝတပ်ဖွဲထံကနေ ဝင်ရောက်လာတာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောကြား လိုက်ပါတယ်။ ဒီဖမ်းဆီးမှုနဲ့ ဆက်စပ် ပတ်သက်နိုင်တယ်လို့ ယူဆရသူတွေကို ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် နယ်စပ်တလျောက် ထိုင်းဘက်ကမြို့နယ်တွေမှာ ဇွန်လ ၁၁ရက်နေ့ထိ လိုက်လံ ဖမ်းဆီး စစ်ဆေးမူတွေ ဆက်လုပ်နေပါတယ်။

ဝတပ်ဖွဲ့ဘက်ကလာတဲ့ စိတ်ကြွဆေးတွေနဲ့ ပတ်သက်လို့အခုဖမ်းဆီးမူဟာ အများဆုံးဖြစ်ပြီး လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ဒီသတင်းတွေကို လိုက်လံစုံစမ်းမူတွေလုပ်ထားခဲ့တာလို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း တပ်မဟာ (၃) နယ်မြေ က ထိုင်းအာဏာပိုင်တွေက ဦးဆောင်ပြီးမြန်မာနိုင်ငံ ဝတပ်ဖွဲ့ ဘက်ကလာတဲ့ စိတ်ကြွဆေး ၄သန်း ၂သိန်းဖမ်းဆီးရမိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ မြန်မာနိုင်ငံဘက်ကလာတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းခဲ့တဲ့ စိတ်ကြွဆေး ၄သန်းကျော် ဖမ်းဆီးမိတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရှမ်းသတင်းစဉ်ရဲ့ အယ်ဒီတာချုပ်ကိုစိုင်းမိုင်က အခုလိုရှင်းပြပါတယ်။

“သတင်းရလို့ စောင့်ဖမ်းတယ်။ အဲဒီအချိန်တုန်းကတိုယိုတာအမျိုးအစား ကားအဖြူတစီးက ဖြတ်လာတယ်။ တာဝန်ရှိတဲ့လူက တားတဲ့အချိန်ကျတော့ အဲဒီကားက မောင်းပြီးထွက်ပြေးတယ်။ ထွက်ပြေးတော့ ထိုင်းအာဏာပိုင်တွေကလိုက်တာပေါ့နော် လိုက်တော့ အဲဒီကားမောင်းတဲ့လူက တောထဲမှာ ထွက်ပြေးသွားတယ်။ နောက်ပစ္စည်းတွေကိုစိစစ်တဲ့အချိန်ကျတော့ ရာဘ ၄ သန်းနဲ့ ၂ သိန်း ဆာလာအိတ် ၁၆ အိတ်ထဲမှာ ထည့်လာတယ်။”

ထိုင်းအာဏာပိုင်တွေရဲ့သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းတပ်ဖွဲ့ ဖြစ်တဲ့ ဝတပ်ဖွဲ့ က လာတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ကြောင်း ဒီတကြိမ်ဟာ ထိုင်းထဲကို ဝင်လာတာ အများဆုံး ဖြစ်ကြောင်းသတင်းထုတ်ပြန်ပြောဆိုခဲ့တာပါ။

“ကျနော်တို့နိုင်ငံ မြောက်ပိုင်း ဝတပ်ဖွဲ့ ရဲ့ စီးပွားရေးနဲ့ စိုက်ပျိုးရေးတာဝန်ခံခေါင်းဆောင်ပေါ့ လွယ်ရှောင်ကမ်းရဲ့ လက်အောက်ခံတပ်ဖွဲ့က ထုတ်လိုက်တဲ့ ရာဘ အမျိုးအစား Y-1 ပေါ့နော် အဲဒီတံဆိပ်ပါ ရာဘကို သူတို့သိမ်းဆည်းရမိတယ်တဲ့။ ဒီဟာတွေက လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက အဲဒီတံဆိပ်ထုတ်တာတွေက လွယ်ရှောင်ကမ်းပိုင်တဲ့ ရာဘမူးယစ်ဆေးဝါးတွေပေါ့နော် ထိုင်းနိုင်ငံထဲကို ခိုးဝင်လာတဲ့ ကုန်ကူးလာတဲ့ ရာဘဆေးပြားတွေဖြစ်တယ်ဆိုပြီးတော့မှ ထိုင်းအာဏာပိုင်တွေက အများဆုံးပဲလို့ ထုတ်ပြန်ထားတယ်။”

အခုလိုမူးယစ်ဆေးဝါးတွေသန်းနဲ့ချီဖမ်းဆီးမိခဲ့ပြီး နောက်ပိုင်းမှာ ချင်းရိုင်ခရိုင်အတွင်းက မြို့ ကြီးတွေသာမက ထိုင်း-မြန်မာ နယ်စပ်မြို့တွေမှာပါ ပတ်သက်ဆက်နွယ်နိုင်တယ်လို့ယူဆရတဲ့ သူတွေကို စစ်ဆင်ရေးတရပ်အနေနဲ့ ဇွန်လ ၁၁ရက်နေ့ အထိ လိုက်လံရှာဖွေဖမ်းဆီး မူတွေကို လည်းဆက်လုပ်နေတယ်လို့ လည်းဆိုပါတယ်။

“ဒီဖမ်းဆီးရရှိတာနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ပုဂ္ဂိုလ် တွေ သူတို့သတင်းရတဲ့ အချက်အလက်တွေမှာ သူတို့လိုက်လံဖမ်းဆီးနေတယ်။ ဆက်တိုက်စစ်ဆေးမှုတွေလုပ်နေတယ်။ ဒီချင်းမိုင်ခရိုင် ကျနော်တို့ ရှမ်းပြည်နယ်ရဲ့ နယ်စပ်တလျှောက်ပေါ့နော်၊ ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဆိုင်၊ နောက်ပြီးတော့ မယ့်ဖလုံ အဲဒီမြို့နယ် တွေထဲမှာ ဆက်တိုက်ပြုလုပ်နေတယ်ခင်ဗျ အခုထိပေါ့နော်။”

လွန်ခဲ့တဲ့ ၂နှစ်ခန့် ကစပြီး ဝတပ်ဖွဲတွေထံကနေ ဝင်လာနေတဲ့ မူးယစ်ဆေးဝါး သတင်းလိုက်လံ စုံစမ်းနေတာဖြစ်ပြီး နယ်စပ်လမ်းကြောင်းတွေကနေ သယ်ဆောင်လာမယ့် သတင်းတွေကို ကြိုတင်ရရှိထားတဲ့ အတွက် လမ်းကြောင်းတွေအားလုံးပိတ်ဆို့ စောင့်ကြည့်နေတယ်လို့ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG