သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈-၂၉ မြန်မာ့စီးပွားရေးဖွံဖြိုးမှု ၆ % ကျော်ခန့်မှန်း


ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်းတခု။ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုတချို့ကို ဖြေလျှော့ထားပါတယ်။ ဒီဇင်ဘာ ၈၊ ၂၀၁၅။
ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်းတခု။ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုတချို့ကို ဖြေလျှော့ထားပါတယ်။ ဒီဇင်ဘာ ၈၊ ၂၀၁၅။

၂၀၁၈-၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ၆% ကျော်ပဲရှိမယ်လို့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့က ခန့်မှန်းပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်၊ ကြာသပတေးနေ့မှာ IMF မစ်ရှင်အဖွဲ့တွေရဲ့ Article IV ခရီးစဉ်အဆုံးသတ် ထုတ်ပြန်ချက်ထဲမှာ တိုးတက်မှု နှုန်းဟာ ၆.၄% ဝန်းကျင်ပဲရှိမယ်လို့ ခန့်မှန်းထားပါတယ်။ တရက်ထဲမှာပဲ ထွက်လာတဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံစီးပွားရေး စောင့်ကြည့်အစီရင်ခံစာထဲမှာတော့ ၆.၂% ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

၂၀၁၇-၂၀၁၈ ခုနှစ်က တိုးတက်မှုနှုန်း ၆.၈% ရှိတာကြောင့် လာမယ့်နှစ် တိုးတက်မှုနှုန်း ခန့်မှန်းချက်က ပိုပြီး လျော့သွားတဲ့ သဘောပါပဲ။ ဒါပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ပြီး အားကောင်းလာမယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွက် ကာလလတ် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ဟာ အကောင်းဘက်မှာ ဆက်ရှိနေပြီး ၂၀၂၀-၂၀၂၁ ခုနှစ်အတွက်ဆိုရင် ၆.၆% ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

စီးပွားရေးတိုးတက်မှုနှုန်း နှေးသွားရတဲ့ အဓိကအကြောင်းရင်းတွေအပေါ် ဒီနှစ်ဖွဲ့စလုံးရဲ့ သုံးသပ်ချက်တွေကလည်း တူညီပါတယ်။ အဓိကအားဖြင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အရှိန်နှေးလာတာ၊ နိုင်ငံစီးပွားရေး တရပ်လုံးမှာ ဟန်ချက်မညီတာ၊ ဥရောပသမဂ္ဂ EU နဲ့ ဆက်စပ်တဲ့ ကုန်သွယ်ရေးအခွင့်အလန်းတွေ ဆုံးရှုံးနိုင်ခြေရှိတာနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မတည်မငြိမ်အခြေအနေတွေကို ထောက်ပြကြပါတယ်။

ဒါပေမဲ့ အလားအလာကောင်းတွေ ရှိနေပြီး၊ ဒီအထဲမှာ ကုမ္ပဏီများအက်ဥပဒေ စပြီးအသက်ဝင်လာတာ၊ နိုင်ငံခြားဘဏ်တွေ ပြည်တွင်းမှာ ချေးငွေလုပ်ငန်းဆောင်ရွက်နိုင်ဖို့ ဖြေလျှော့ပေးထားတာ၊ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အကောင်အထည်ဖော်တာ စတဲ့အချက်တွေ ပါဝင်တဲ့အကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG