ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရခိုင်မြောက်ပိုင်းအရေးကြောင့် အနောက်နိုင်ငံအသိုင်းအဝိုင်းက မြန်မာကိုရှောင်ကျဉ် လာတော့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ပိုနီးကပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဆိုတော့... တရုတ်သည် မြန်မာနိုင်ငံအတွက် မိတ်ဆွေစစ်လား "ပွဲလန့်တုံးဖျာခင်းသူ" လား၊ ဒါအပြင် ရခိုင်အရေး တရုတ်ဝင်ရောက်ဖျန်ဖြေမှု ကကော ဘယ်လောက် ထိရောက်နိုင်ပါသလဲ။ တရုတ်ရေးရာကျွမ်းကျင်သူ Yun Sun နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Yun Sun က မကြာသေးခင်က မြန်မာပြည်နယ်ကို သွားပြီးတော့ ရခိုင်မြောက်ပိုင်း ပြဿနာနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဆိုတော့ ဒီဆွေးနွေးပွဲက ဘာတွေကို ဆွေးနွေးလဲ။ ဘယ်လို အဖြေတွေ ထွက်ခဲ့သလဲဆိုတာကို နည်းနည်းရှင်းပြပါ။
Yun Sun ။ ။ ဒီဆွေးနွေးပွဲက ရှေ့ကို ဘယ်လိုဆက်သွားမယ်ဆိုတာကို ဆွေးနွေးတဲ့ပွဲပါ။ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို မြန်မာနိုင်ငံမှာ ဘယ်လို အသုံးချနိုင်မလဲဆိုတာပါ။ ဝေဖန်မှုတွေကတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေက ဒီဆွေးနွေးပွဲရဲ့ အဓိက အကြောင်းအရာ မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေက အတော်လေး ပြင်းထန်ပါတယ်။ ခြိမ်းခြောက်တဲ့လေသံပါတယ်လို့တောင် ပြောလို့ရပါတယ်။
Yun Sun ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ၊ မီဒီယာတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေဟာ ရခိုင်ပြည်နယ်မှာ တကယ်ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို ပိုပြီးနားလည်ဖို့ လိုတယ်လို့ ထင်ပါတယ်။ အစိုးရဘက်ကလည်း လူထုကို ပညာပေးဖို့ အဓိက တာဝန်ရှိပါတယ်။ ပြဿနာကိုလည်း စနစ်တကျ ပိုပြီးကိုင်တွယ်ဖို့ လိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံပြီး ရှင်းပြဖို့၊ အသိပေးဖို့လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ အားလုံးသိထားကြတဲ့အတိုင်းပါပဲ ပြဿနာက သိပ်ကိုရှု့ပ်ထွေးပါတယ်။ သမိုင်းကြောင်းက ရှည်လျားပါတယ်။ မတူကွဲပြားတဲ့ လူမှုရေးအစပျိုးမှုတွေလည်း ရှိနေတာပါ။
ဦးကျော်ဇံသာ ။ ။ တချိန်တည်းမှာပဲ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ချည်းကပ်မှုထက် တရုတ်နိုင်ငံရဲ့ ချည်းကပ်မှုကို မြန်မာအစိုးရက ပိုပြီးလိုလားလက်ခံမယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ ဘာများ ထူးခြားလို့လဲ။
Yun Sun ။ ။ ဒီနေရာမှာ တရုတ်အတွက် အလေးသာစေတာက ကျမ့အထင် ပြောရရင် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာ တရုတ်အစိုးရအတွက် သိပ်ဂရုစိုက်စရာ မဟုတ်ပါဘူး။ ဒါက ပထမတချက်ပါ။ ဒုတိယတချက်ကတော့ NLD အစိုးရက နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒီလို မြန်မာနိုင်ငံ တကျော့ပြန် အထီးကျန် ဖြစ်နေတဲ့အချိန်မှာ တရုတ်က တခါ အထောက်အကူ ဖြစ်လာပြန်ပါတယ်။ ဥပမာ ပြောရရင် အောက်တိုဘာလတုန်းက ကုလသမဂ္ဂမှာ ရိုဟင်ဂျာပြဿနာကို ဆွေးနွေးမယ့်ကိစ္စ တရုတ်က ပိတ်လိုက်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက စစ်အစိုးရအတွက် တရုတ် လုပ်ပေးခဲ့တာကို ကျမ ပြန်ပြီးသတိရမိပါသေးတယ်။ အဲဒီတုန်းကလည်း ရွှေဝါရောင် တော်လှန်ရေးအပြီး ကုလလုံခြုံရေးကောင်စီမှာ မြန်မာကိစ္စကို ဆွေးနွေးမယ်ဆိုတော့ တရုတ်က ဟန့်တားခဲ့ပါတယ်။ အခု ဆယ်နှစ်ကြာလာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံ အစိုးရ ရှိနေပါပြီ။ ဒီတကြိမ်လည်း တရုတ်ကပဲ ကာကွယ်ပေးနေတာပါ။ နည်းနည်းတော့ ဆန်းသလို ဖြစ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ တရုတ်က မြန်မာနိုင်ငံကို အခက်ကြုံတိုင်း ကူညီတတ်တဲ့ မိတ်ဆွေကောင်းလို့ ယတိပြတ် ပြောနိုင်မလား။ မြန်မာ တော်တော်များကတော့ ပြောကြပါတယ် … တရုတ်က ပွဲလန့်တုန်း ဖျာခင်းတာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အခက်အခဲကို အခွင့်ကောင်း ဝင်ယူတာ ဖြစ်တယ်။ သူတို့အကျိုးအတွက်လို့ ဆိုပါတယ်။ ဘာများပြန်ပြောစရာ ရှိပါလဲ။
Yun Sun ။ ။ အဲဒီနေရာမှာ ကျမရဲ့အမြင်ကတော့ တရုတ်ရဲ့ ရပ်တည်ချက်ဟာ မြန်မာအစိုးရ ရပ်တည်ချက်ထက် ပိုပြီးတော့ တစိုက်မတ်မတ် ရှိတယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ ဘယ်လိုပင် ဖြစ်နေပါစေ မြန်မာဘက်က ရပ်တည်ချင်တယ်။ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု လိုလားပါတယ်။ ဒါပေမဲ့ မြန်မာဘက်မှာတော့ ပြည်တွင်းနိုင်ငံရေး အခြေအနေက ပြောင်းလဲသွားနေတာပါ။ ပြီးတော့ အခုအခါမှာ နိုင်ငံတကာ အနေအထား ပြောင်းလဲမှုက မြန်မာ့ပြည်တွင်း နိုင်ငံရေးကို အင်မတန် ကသိကအောက် ဖြစ်သွားစေတယ်လို့ ကျမ ထင်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် မြန်မာနဲ့ တရုတ် တသားတည်း ပြန်ပြီးတော့ ဖြစ်သွားစေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်ရဲ့ ရည်ရွယ်ချက်ကို ပြောရရင် သူတို့ လက်ကမ်းပြီး ကူညီနေတာဟာ မြန်မာကို ကူညီဖို့သက်သက်၊ မြန်မာ့အကျိုးအတွက်သက်သက်တော့ မဟုတ်ပါဘူး။ သူတို့တရုတ်အကျိုးအတွက်လည်း ပါပါတယ်။ ဒါဟာ တရုတ်အစိုးရအမြင်မှာ Win-Win Situation နှစ်ဘက်စလုံး အရှုံးမရှိတဲ့ အနေအထားပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ပြီးခဲ့တဲ့ တပတ်ကျော်ကပဲ China-Myanmar Economic Corridor လို့ခေါ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် ဆက်ပြီးတော့လုပ်ဖို့ အဆိုပြုခဲ့တာပါ။ ဒါဟာ BCIM လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေးစင်္ကြန် မလုပ်ဖြစ်တော့ဘူးဆိုတော့ကို ဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်က မြန်မာကိုပဲ အဓိက ဦးတည်လာပါတော့တယ်။ တနည်းအားဖြင့် တရုတ် အကျိုးအမြတ်နဲ့ မြန်မာအကျိုးအမြတ်ဟာ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ပန်းလို ခွဲခြားလို့ မရပါဘူး။
ဦးကျော်ဇံသာ ။ ။ တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားက ပိုပြီးတစိုက်မတ်မတ် ရှိတယ်လို့ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော် တခု ပြန်မေးပါရစေ။ တရုတ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကိစ္စကို ပြေလည်စေချင်တယ်။ လိုလိုလားလား ကူညီဖြေရှင်းမယ်ဆိုပြီးတော့ အဆိုပြုတယ်။ ဒါပေမဲ့ တဘက်မှာ သူတို့နယ်စပ်မှာ မြန်မာဘက်က တိုင်းရင်းသားအင်အားစုတွေနဲ့ စေ့စပ်တဲ့နေရာမှာကြတော့ အဲဒီလို မဟုတ်ပြန်ဘူး။ တိုင်းရင်းသားအင်အားစုတွေကို နောက်က ကြိုးကိုင်ပြီးတော့ သူတို့ လိုချင်သလို ကစားနေတယ်လို့ လူတွေက သုံးသပ်ကြပါတယ်။ ဆိုတော့ ဒါကိုကြည့်ရင် Consistent ဖြစ်တယ် တစိုက်မတ်တပ် ဖြစ်တယ်လို့ ပြောလို့ရမလား။
Yun Sun ။ ။ ဒီပြဿနာနှစ်ရပ်ဟာ တရုတ်အမျိုးသား လုံခြုံရေးအတွက်ဆိုရင်တော့ မတူကွဲပြားတဲ့ ပြဿနာနှစ်ရပ် ဖြစ်ပါတယ်။ တရုတ်နယ်စပ်က တိုင်းရင်းသားပြဿနာတွေဟာ အထူးသဖြင့် အဲဒီမှာ ဖြစ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတိုင်းဟာ တရုတ်အမျိုးသား လုံခြုံရေးနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ရခိုင်ကတော့ တောင်ဘက်ကိုရောက်တယ်။ တရုတ်နယ်စပ်နားမှာ မဟုတ်ပါဘူး။ ကျောက်ဖြူမှာ တရုတ်တွေ အထူးစီးပွားရေးဇုန် တည်ဆောက်နေတာ ရှိနေပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တောတို့နဲ့တော့ သိပ်ကိုအလှမ်းဝေးပါတယ်။ ဒီပြဿနာနှစ်ခုဟာ တရုတ်အမျိုးသား လုံခြုံရေးအတွက် မတူညီတဲ့ ပြဿနာတွေဖြစ်လို့ ဦးစားပေးမှုခြင်းကလည်း သိပ်ကိုကွာပါတယ်။ စိုက်လက်မတ်တပ် ရှိနေတယ်ဆိုတဲ့နေရာမှာ သူတို့ရဲ့ အဓိကရည်ရွယ်ချက်တွေနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ ရည်ရွယ်ချက်က တစိုက်မတ်တပ်လို့ ပြောရပါလိမ့်မယ်။ ရခိုင်ပြဿနာပေါ် သဘောထားလည်း ဒီလိုပဲ စိုက်လက်မတ်တပ် ရှိနေတာပါ။ ရခိုင်ပြဿနာကို တရုတ်နယ်စပ် တိုင်းရင်းသားပြဿနာနဲ့ နှိုင်းယှဉ်တာ ပန်းသီးနဲ့ လိမ္မော်သီးတို့ နှိုင်းယှဉ်သလို ဖြစ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာလူထုအများစု အထူးသဖြင့် အမျိုးသားစိတ်ရှိတဲ့ မြန်မာတွေဟာ တရုတ်နဲ့ လက်တွဲရမှာကို သိပ်မကြိုက်ကြဘူး။ မြန်မာနိုင်ငံဟာ တရုတ် သြဇာခံလုံးလုံး ဖြစ်သွားလေမလားဆိုတာကို စိုးရိမ်ကြတယ်။ တခါ တရုတ်ဘက်ကလည်း စီးပွားရေးတွေ ဘာတွေ လာလုပ်တယ်ဆိုရင် အဲဒီ စီးပွားရေးစီမံကိန်းတွေမှာ မြန်မာဒေသခံတွေအတွက် ဘာမှ အခွင့်အရေးမရှိသလိုပဲ တရုတ်က သူတို့ဆီကပဲ ထမင်းချက်တွေ ဘာတွေကအစ ခေါ်လာတယ်။ ဆိုတော့ ဒေသခံတွေ ဘာလုပ်ရသလဲဆိုတော့ တံမြက်စည်းလှဲရတယ်။ အမှိုက်သိမ်းရတယ်။ ဒါတွေပဲ လုပ်စရာရှိတယ်။ ဆိုတော့ ဒီတကြိမ်မှာကော ဒီကိစ္စတွေကို မြန်မာဘက်က ကျေနပ်အောင် တရုတ်ဘက်က ပြောင်းလဲလာဖို့ စီစဉ်တယ်လို့ Yun Sun တွေးမိပါလား။
Yun Sun ။ ။ ဒါက ဒီလိုရှိပါတယ်။ မြန်မာတွေအနေနဲ့ သူတို့အတွက် အခွင့်အရေး၊ အလားအလာကိုကြည့်ရင် တခြားဘယ်သူကို တွေ့နိုင်မလဲ။ တဘက်မှာ မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှုနဲ့ ပတ်သက်ပြီး ဝေဖန်စရာတွေ၊ ခံပြင်းမှုတွေ တွေ့နေရပေမယ့် အခုအခါမှာ အနောက်နိုင်ငံတွေက မြန်မာကို ပစ်ပယ်လာကြပြန်တော့ မြန်မာတွေအဖို့ အခွင့်အလမ်းက ဘယ်မှာရှိသေးလို့လဲ။ တရုတ်တို့ရဲ့ အထူးစီးပွားရေးဇုန်ကိုကြည့်ရင် တရုတ်တို့ရဲ့ ဆုံးဖြတ်ချက်ကို ကျမ ကာကွယ်ပြီးတော့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒေသခံတွေနဲ့စာရင် တရုတ်တို့ဘက်မှာပဲ ကျွမ်းကျင်မှုနဲ့ အရည်အချင်းက ရှိနေတာပါ။ ဒါကြောင့် ပိုပြီးတော့ ထိရောက်လျင်မြန်စေဖို့အတွက် တရုတ်အလုပ်သမားတွေကိုပဲ ခေါ်လာတာဖြစ်တယ်လို့ပဲ မြင်ပါတယ်။ ဒီနေရာမှာတော့ တရုတ်တို့အနေနဲ့ မြန်မာတွေကိုလည်း ကျွမ်းကျင်လုပ်သားတွေ ဖြစ်လာအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ရင် အချိန်တော့ယူဖို့ လိုအပ်ပါတယ်။ မြန်မာအစိုးရနဲ့ တရုတ်တို့ ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စပါ။ စီးပွားရေးသဘောနဲ့ လက်တွေ့အလုပ်ဖြစ်ရေးကိစ္စလည်း ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တပိုင်း ကျနော် မေးချင်တာကတော့ ရခိုင်ပြဿနာမှာ တရုတ် ဝင်ရောက်ဖြေရှင်းမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပါတယ်။ အောင်အောင်မြင်မြင် ကိုင်တွယ်ကြားဝင်နိုင်လိမ့်မယ်လို့ ထင်ပါသလား။ ဒီကိစ္စကို ဘယ်လောက် မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ်လို့ ထင်ပါသလဲ။
Yun Sun ။ ။ ဒီပြဿနာမှာ တရုတ်ဟာ အဓိက နေရာကနေ ပါဝင်ဖြေရှင်းနိုင်မယ်လို့ ကျမ မထင်ပါဘူး။ တကယ်တော့ ရခိုင်ပြဿနာ ပြေလည်ရေးမှာ ဘယ်နိုင်ငံကမှ အဓိကနေရာကနေ ကူညီဖြေရှင်းနိုင်လိမ့်မယ် မဟုတ်ဘူးလို့ ကျမ မြင်ပါတယ်။ ဒီပြဿနာဟာ နိုင်ငံရေး၊ လူဦးရေပြန့်ပွားမှု၊ လူမှု့စီးပွားရေးနဲ့ သမိုင်းဆိုင်ရာ အခြေအနေတွေပေါ်မှာ မူတည်နေတယ်ဆိုတာကို ရှင်လည်းသိ၊ ကျမလည်း သိပါတယ်။ ဆိုတော့ ဒီပြဿနာမှာ ဘယ်အင်အားစုတခုခုကမှ ဝင်ရောက်ပြီး ဖြေရှင်းလို့ ပြေလည်နိုင်မလဲ။ တရုတ်က အကူအညီတွေ၊ စာနာမှုအထောက်အပံ့တွေ၊ သံခင်းတမန်ခင်းအရ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်သည်တိုင် အဓိက အခန်းကဏ္ဍကနေ ပါဝင်ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျမ မထင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလို မဖြေရှင်းနိုင်ရင် ဒီပြဿနာမပြေရင် တရုတ်တို့က အဲဒီမှာ ဒီးပွားရေးလုပ်တာကို ဖြောင့်ဖြောင့်တန်းတန်း ဖြစ်ပါ့မလား။
Yun Sun ။ ။ ကျမ ပြောခဲ့သလိုပါပဲ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နှစ်မြို့နဲ့ ကပ်နေတာ မဟုတ်ပါဘူး။ ပြဿနာ ဖြစ်နေတဲ့ ဒေသနဲ့ ဝေးပါတယ်။ ဒါပေမဲ့ ဒီပြဿနာ ကျယ်ပြန့်လာရင်တော့ တရုတ်တို့ စီးပွားရေးကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လဲ ဒီပြဿနာကို တရုတ်က အပူတပြင်း စေ့စပ်ပေးဖို့အတွက် လာရောက်ပြီး ကပ်နေတာပါ။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စ သဘောတူခဲ့တာ (၂) နှစ် ရှိပါပြီ။ ဒါပေမဲ့ လက်တွေ့အခြေအနေအရ ရှေ့မတိုးသေးဘဲ ဖြစ်နေပါတယ်။ ဆိုတော့ ဒီ စီမံကိန်းသာ ရှိနေပေမယ့် တရုတ်တို့က တကယ်တမ်း ရင်းနှီးမြုပ်နံှမှု မရှိသေးဘူးလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးခွန်းပါ - ရခိုင်ပြဿနာကို စေ့စပ်ဖြေရှင်းတဲ့ နေရာမှာ တရုတ်က လုံးဝဘက်လိုက်မှု မရှိဘူး။ တည့်တည့်မတ်မတ် ကြားဝင်လိမ့်မယ်လို့ ထင်ရပါသလား။
Yun Sun ။ ။ တည့်တည့်မတ်မတ် ကြားနေလိမ့်မယ်လို့ ထင်ပါတယ်။ (၂) နိုင်ငံစလုံးက တရုတ်အတွက် အရေးကြီးတဲ့ နိုင်ငံတွေပါ။ အဲဒီအထဲမှာ ထပ်ပြီးတော့ မေးလာရင်တော့ မြန်မာက ဘင်္ဂလားဒေ့ရှ်ထက် ပိုပြီးတော့ အရေးကြီးပါတယ်။ မြန်မာဟာ တရုတ်နဲ့လည်း နယ်စပ်ချင်းလည်း ထိဆက်နေပါတယ်။ တရုတ်နိုင်ငံအတွက် အရေးကြီးတဲ့ အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ပေးနိုင်တာလည်း မြန်မာ နဲ့ ပါကစ္စတန်ပါ။ ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စမှာ ဒီလောက်အထိ အရေးမပါဘူးဆိုတော့ မြန်မာက ဘင်္ဂလားဒေ့ရှ်ထက် ပိုပြီးတော့ အရေးကြီးပါတယ်။ တရုတ်ကတော့ တတ်နိုင်သလောက် တည့်မတ်စွာ ကြားနေဖို့အတွက် ကြိုးစားသွားမှာပါ။