သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပထွက် စီးပွားရှာသူတွေ ပိုများလာ 


Myanmar Youth
Myanmar Youth

အခုနှစ်ပိုင်းတွေအတွင်း မြန်မာလူငယ်တွေဟာ ပြည်ပမှာ အလုပ်လုပ်ဖို့ အလုံးအရင်းလိုက် ထွက်ခွာနေကြပါတယ်။ နယ်ပယ်အသီးသီးမှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေ ငွေကြေး ချေးငှားပြီး ဖြစ်စေ အိမ်ခြံမြေတွေကို ရောင်းချပြီးဖြစ်စေ စွန့်စားပြီး ပြည်ပထွက်အလုပ်လုပ်နေကြတာပါ။ လက်ငင်းရင်ဆိုင်နေရတဲ့ စီးပွားရေး ပြသနာတွေကို ပြည်ပမှာ ရရာအလုပ်သွားလုပ်ပြီး ဖြေရှင်းဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ အခက်အခဲတွေကြားက လူငယ်တွေ ပြည်ပထွက်နေကြတဲ့အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဝင်းခန့်မောင်က တင်ပြပါတယ်။

စီးပွားရေးကျဆင်းပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ မရှိတာ၊ စိုက်ပျိုးရေးလုပ်ငန်း ကျဆင်းလာတာ၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာကြောင့် မြန်မာပြည်တွင်းက လူငယ် လူလတ်ပိုင်းတွေ အိမ်နီးချင်းနိုင်ငံတွေဆီ အလုံးအရင်းနဲ့ ထွက်ခွာနေကြပါတယ်။ မြေယာအပါအဝင် ပိုင်ဆိုင်သမျှ ထုတ်ရောင်း၊ တချို့ကလည်း ချေးငှားပြီး ပြည်ပထွက်နိုင်ဖို့ ကြိုးစားလာကြပါတယ်။ စပါးစိုက် ဧကများတဲ့ ပဲခူးတိုင်းက လယ်သမားတဦးက သူ့နယ်တဝိုက်က အခြေအနေကို အခုလိုပြောပြပါတယ်။

" လယ်တွေက အဆင်မပြေတော့ ထွန်ခယက်ခတွေနဲ့ မျိုးဖိုး၊ မြေဩဇာ၊ ထွန်ခယက်ခ။ စပါးဆိုရင် ရိတ်ခြွေနဲ့ခြွေရတယ် တဧက၉သောင်းလောက် ပေါက်တယ်၊ ထွန်ခယက်ခကြတော့ ကားနဲ့ကုပ်ရတယ် ဗန်းထိုးတာတို့ဘာတို့။ ကားကလည်း ၄ သောင်းလောက်ပေါက်တယ်။ မကိုက်ဘူး လယ်တွေကအဲလို ဧက ၃၀၊ ၂၀ အဲလောက်ရှိတဲ့ သူတွေလောက်ပဲ တောင့်ခံနိုင်တာ။ ကျန်တဲ့သူတွေက ဘန်ကောက်ရောက်သွားတာများတယ် လယ်တွေရောင်းပြီးတော့။ မလေးရှားနဲ့ ဘန်ကောက်ကတော့ အများဆုံးပေါ့၊ အခြားနိုင်ငံတွေကတော့ ကျနော်တို့ တောင်သူလယ်သမားတွေက တော်ရုံသင့်ရုံလူတွေ မသွားနိုင်ကြဘူး။ ဘန်ကောက်တောင် အောက်လမ်းက ခိုးသွားနေရတာ။"

စက်မှုဇုံတွေက လုပ်ငန်းတွေမှာ အလုပ်သမား အများအပြား အလုပ်လုပ်ကိုင်နေကြတယ်ဆိုပေမဲ့ လစာနဲ့ ကုန်ဈေးနှုန်း မညီမျှတာကြောင့် လက်ရှိအလုပ်သမားတွေကပါ ပြည်ပထွက်ဖို့ စဉ်းစားလာပါတယ်။ ရန်ကုန်စက်မှုဇုံက အခြေခံ အလုပ်သမားသဂ္ဂတခုရဲ့ ကိုယ်စားလှယ်တဦးက အခုလိုပြောပါတယ်။

" ညီမတို့ ပတ်ဝန်းကျင်မှာတော့ ပြည်ပကိုထွက်ဖို့ သူတို့ကြံတော့ ကြံစည်နေကြတယ်။ လောလောဆယ်တော့ သင်တန်းတွေတက်တာတို့ သွေးတွေစစ်တာတို့တော့ လုပ်နေကြတယ်။ အကုန်လုံးကတော့ နိုင်ငံခြားကို ထွက်ချင်နေတာနဲ့၊ ထွက်မယ့်သူတွေချည်းပဲဆိုတော့ ညီမလည်း ကြားမိတယ်ပေါ့နော်။"

အလုပ်လိုအပ်ချက်နဲ့ အလုပ်ပေးနိုင်မှုက ကွာဟချက်ရှိနေသရွှေ့ ပြည်ပထွက်ခွာနှုန်းက များဦးမယ်လို့ ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာ FED ရဲ့ တာဝန်ခံတဦးဖြစ်တဲ့ ဦးမိုးဝေက ဗွီအိုအေကို ပြောပါတယ်။ လက်လှမ်းမီတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှ ပြည်ပထွက်ခွာတဲ့နှုန်းက ထက်ဝက်လောက် ကျသွားနိုင်တယ်လို့ ပြောပါတယ်။ နယ်ပယ်အသီးသီးက ကျွမ်းကျင်လုပ်သားတွေ ဆုံးရှုံးပြီး ပြည်ပကို ထွက်ခွာနေတဲ့အတွက် ဦးနှောက်ယိုစီးမှုပြဿနာနဲ့ ရေရှည်မှာ အခက်အခဲ ဖြစ်နိုင်သလို စိုးရိမ်စရာလို့လည်း တချို့ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

တချိန်တည်းမှာ တဖက်နိုင်ငံရဲ့ ဥပဒေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အလမ်း၊ ကိုယ်ပေးဆပ်ရမဲ့ အခြေအနေတွေ ဒါတွေကို မချင့်ချိန်တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ၊ လူကုန်ကူးမှုတွေက ကြီးထွားလာတယ်လို့ သူကပြောပါတယ်။

" လက်ရှိအခြေအနေမှာဆိုရင် နယ်မြေမအေးချမ်းတာလည်းပါတယ်၊ နောက်တခုက အလုပ်အကိုင် မဖန်တီးနိုင်တာလည်းပါတယ်။ ပြီးရင် ထွက်ကုန်၊ ဈေးကွက်က ပြောင်းဖူး၊ ဆန်၊ ဆီ၊ စပါး ထွက်တဲ့နေရာတွေမှာ ဈေးကွက်က ပျက်နေတယ်ဆိုတော့ လက်ရှိလုပ်နေတဲ့ အလုပ်တွေကို မလုပ်ဘဲနဲ့ သူတို့ကသွားကြတာ။ ဒါကြောင့်မို့ အလုပ်သမားတွေရဲ့ ထုကြီးက နိုင်ငံရဲ့ လူသားအရင်းအမြစ်ကြီး ဖြစ်တယ်၊ ဒီအရင်းအမြစ်ကို ကျနော်တို့က သေသေချာချာ မသုံးချနိုင်သမ ျှ၊ မကိုင်တွယ်နိုင်သမ ျှက ကျနော်တို့ အလုပ်သမားတွေသည် ရေမျောကမ်းတင်လို သွားလိုက်၊ လည်လိုက်၊ ဖမ်းမိလိုက် အဲလိုမျိုးတွေပဲ သံသရာက လည်နေဦးမှာပဲ ဒါက ကျနော်တို့အမြင်ကို ပြောတာပေါ့။"

ကိုဗစ်ကပ်ရောဂါ မတိုင်ခင်က ပြည်တွင်းကို ပြန်ဝင်လာကြတဲ့ မြန်မာအလုပ်သမား အများအပြား အခုဆိုရင် ပြည်ပကို ၇၀ ရာခိုင်နှုန်းလောက် ပြန်ထွက်သွားတယ်လို့ တချို့ခန့်မှန်းထားပါတယ်။ အဲဒီအထဲမှာ နယ်ပယ်အသီးသီးက ကျွမ်းကျင် လုပ်သားတွေလည်း ပါနေတာပါ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ အခုနှစ်ပထမနှစ်ဝက် အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ အာဏာသိမ်းပြီး ၁၈ လအတွင်းမှာ အလုပ်အကိုင် ဆုံးရှုံးမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေရတယ်လို့ ရေးသားထားပါတယ်။

မြန်မာအလုပ်သမားရေးဌာနရဲ့ အချက်အလက်အရဆိုရင်၂၀၂၂ မေလ ၁၀ ရက်နောက်ပိုင်း ထိုင်းမှာတရားဝင် အလုပ်သွားလုပ်တဲ့ မြန်မာအလုပ်သမားက ၉ သောင်းနီးပါးရှိပါတယ်။ တရားမဝင်သွားတဲ့သူကလည်း ဒီပမာဏလောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ မလေးရှားကိုလည်း အလုပ်သမားစာချုပ်နဲ့ စေလွှတ်နေတယ်လို့ မြန်မာအလုပ်သမားရေးဌာနက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

ငွေကြေး အသင့်အတင့် တတ်နိုင်သူတွေကတော့ ဂျပန်နဲ့ ကိုရီးယာကို အလုပ်သင်ဗီဇာနဲ့ သွားကြပါတယ်။ စင်္ကာသွားတဲ့သူတွေလည်းရှိပြီး ဘရူနိုင်းနိုင်ငံကလည်း မြန်မာလုပ်သား သောင်းနဲ့ချီပြီးခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကပြောပါတယ်။

ဒူဘိုင်းမှာ မြန်မာအမျိုးသမီး အမြောက်အများ လူကုန်ကူးခံရတဲ့ သတင်းတွေ မကြာသေးခင်က ထွက်ပေါ်ပြီးနောက်ပိုင်း ပြည်ပထွက် အလုပ်လုပ်သူတွေရဲ့ အရေးဟာ သတိထားစောင့်ကြည့်ရမယ့်ကိစ္စတခု ဖြစ်လာပြီလို့ အလုပ်သမားရေးရာ အဖွဲ့တွေက ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode














XS
SM
MD
LG