သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇူလိုင်လ ကျောင်းတွေပြန်ဖွင့်ဖို့ ဘယ်လိုပြင်ဆင်နေသလဲ


ရန်ကုန်မြို့ရှိ လမ်းတခုအတွင်းတွင် တွေ့ရတဲ့ ကျောင်းသား၊ ကျောင်းသူများ။ (ဇွန် ၁၈၊ ၂၀၁၉)
ရန်ကုန်မြို့ရှိ လမ်းတခုအတွင်းတွင် တွေ့ရတဲ့ ကျောင်းသား၊ ကျောင်းသူများ။ (ဇွန် ၁၈၊ ၂၀၁၉)

[Zawgyi/Unicode]

ဇူလိုင်လကုန်ပိုင်းလောက်မှာ ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ဘယ်လိုတွေ ပြင်ဆင်နေကြသလဲဆိုတာ ပညာရေးဌာနတာဝန်ရှိသူတွေနဲ့ မေးမြန်းထားတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက တင်ဆက်ပေးပါမယ်။

ပုံမှန် ဇွန်လမှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်လေ့ ရှိပေမဲ့ ဒီနှစ်မှာတော့ COVID 19 ကပ်ရောဂါကြောင့် ပုံမှန်ထက်နောက်ကျပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာမှ ပြန်ဖွင့်လှစ်နိုင်မှာပါ။

ဒီလို ကပ်ရောဂါကြောင့် ကျောင်းတွေ ပြန်ဖွင့်ပြီးတဲ့အခါမှာ ကျောင်းသားတွေ ရောဂါကူးစက်မှုက ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လိုက်နာရမယ့် သတ်မှတ်ချက်တွေကို ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

ကျောင်းပြန်ဖွင့်ချိန်မှာ စာသင်ခန်းတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်မနေဖို့၊ နှာခေါင်းစည်းတပ်ဖို့ လက်ဆေးဖို့ စတဲ့ လိုက်နာရမယ့် အချက်တွေကို ကျောင်းတွေမှာ ပညာပေးတာ၊ ပိုစတာကပ်တာတွေ လုပ်မယ်လို့ အခြေခံပညာဦးစီးဌာနက သိရပါတယ်။

ကျောင်းသားတွေကို ရောဂါကူးစက်တာကနေ ကာကွယ်နိုင်ဖို့ လို့အပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက VOA ကိုပြောပါတယ်။

“ကျောင်းမဖွင့်ခင်မှာ ကျောင်းသားတစ်ယောက်ကို Face Shield တစ်ခု၊ နောက် Cotton Mask နှစ်ခု ဒါတွေလည်းပဲ ဆရာတို့ အပြည့်အဝဖြန့်ဝေဖို့ရှိတယ်။ ကျောင်းတိုင်းကို အပူချိန်တိုင်းဖို့ ဒယ်ဂျစ်တယ် သာမိုမီတာတွေလည်း ဖြန့်ဝေဖို့ရှိတယ်။ ဒါတွေကို ဆရာတို့က ကျောင်းဖွင့်ပြီဆိုတာနဲ့ အားလုံး အခြေအနေ ရယ်ဒီ ဖြစ်နေအောင်တော့ အကုန်လုံးက ဒီကာလအတွင်းမှာ ဆရာတို့ ဆောင်ရွက်နေတယ်။ Emergency ဖြစ်တယ်ဆိုပါစို့ ကျောင်းမှာ အဲ့လိုဖြစ်ရင် အရံကား ထားရမယ်ဆိုတာ ဆရာတို့ ပြောပြီးသားဖြစ်တယ်။ အဲ့တော့ Emergency ဖြစ်တယ်ဆိုရင် သူတို့ကို အရံကား မှာထားမယ်၊ ထားပြီးတော့ အနီးဆုံး ကျန်းမာရေးဌာနကို ဆက်သွယ်လို့ ရတဲ့ဟာတို့ Emergency အနေနဲ့ဆိုလို့ရှိရင် Ambulance တွေပါတွေ ခေါ်လို့ရမယ်အနေအထားပေါ့ ဒါမျိုးတွေကို ကျနော်တို့ အဆင်သင့်အောင် ကျနော်တို့က လုပ်ပေးထားမယ်ပေါ့။ ကျောင်းတွေမှာ အရံကား ထားသလို လိုအပ်တဲ့နေရာတွေဆိုလို့ရှိရင် ဥပမာ ကူးစက်နှုန်းမြင့်တဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေဆိုရင် ကျောင်းတွေမှာ ကျနော်တို့က PPE ကို ဝတ်စုံပြည့် အနည်းဆုံး နှစ် စုံလောက် အရေးပေါ်လိုရင် သုံးဖို့ ဆိုပြီး ဒါမျိုးတွေလည်း ထားပေးဖို့ရှိတယ်။”

ပုံမှန်ကျောင်းပြန်ဖွင့်ရက်ထက် ရက်ပေါင်း ၅၀ ကျော် နောက်ကျတဲ့အပြင် အတန်းတွေကလည်း တစ်ပတ်ခြား၊ နှစ်ပတ်ခြား စသဖြင့် အရင်ပုံမှန်လို မဟုတ်ဘဲ တက်ရမယ့် ကျောင်းတွေ ရှိနေတာကြောင့် အတန်းတိုင်းကို သင်ရိုးတွေ လျှော့ချဖို့ကိုလည်း ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

တွံတေးမြို့နယ် ပညာရေးမှူး ဦးစိုးစိုးဦးကတော့ ကျောင်းပြန်ဖွင့်ချိန်မှာ ကျောင်းသားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်မလဲဆိုတာကို ခုလိုပြောပြပါတယ်။

“ကျနော်တို့ ဒီမှာ ဒီကိုဗစ်အဖွဲ့ကတော့ သူတို့နီးစပ်ရာ နီးစပ်ရာ ကျောင်းတွေမှာ သူတို့ နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းလေးတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့တော့ ပြောထားတာရှိတယ်။ ကျနော်တို့က မြို့ပေါ်မဟုတ်တဲ့ ရွာတွေမှာဆိုလို့ရှိရင် ကျန်းမာရေး ဆရာမတွရှိတယ်၊ ကျန်းမာရေးဆရာမတွေနဲ့ ကျနောတို့ ဌာနက ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ပါ။”

ကျောင်းတွေမှာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း ကျောင်းသားတွေကို ထားနိုင်ဖို့အတွက် ကျောင်းတက်ချိန်တွေ သတ်မှတ်နိုင်ဖို့ သက်ဆိုင်ရာ ကျောင်းအုပ်တွေက စာရင်းကောက်ပြီး စိစစ်ဆောင်ရွက်နေတယ်လို့ ဦးစိုးစိုးဦးက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ကျောင်းတွေကို ပြန်ဖွင့်ဖို့အတွက် လက်ရှိ ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ခုလိုပြောပြပါတယ်။

“ပုံမှန်သင်နေတဲ့ကျောင်းတွေကတော့ တစ်ခန်း ၂၀ နဲ့ စာသင်ခန်းလည်း ရှိတယ် ခုံ၊ ကုလားထိုင်လည်း လောက်တယ် ဆရာ၊ ဆရာမလည်း အင်အားရှိတယ်ဆိုရင် အဆင်သင့်ပဲ ပုံမှန်တက်တဲ့ဟာတွေလည်း ရှိမှာပေါ့။ တချို့ကျတော့လည်း အခန်းရှိပေမဲ့ ခုံကုလားထိုင် မရှိတဲ့ကျောင်းတွေလည်း ရှိမယ်၊ တချို့ကျတော့လည်း အခန်းလည်း ရှိတယ်၊ ခုကုလားထိုင်လည်း ရှိတယ်။ ဆရာ၊ ဆရာမ အင်အားမရှိလို့ပေါ့။ ဒါပေမဲ့ ဒီကလေးတွေကို ဒီအတိုင်းအလွတ်ထားတာမျိုး မဟုတ်ဘဲ ရက်ခြားပေါ့၊ တပတ်ခြားတွေ လုပ်ရမယ်၊ နှစ်သုတ်ခွဲတွေ တက်ရမယ်။”

မူလတန်းအလယ်တန်းက ဆရာတွေက ကျောင်းတက်ရမယ်ဆိုပေမဲ့ စာမသင်ကြရသေးတာကြောင့် လိုအပ်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဦးတင်သိန်းက ဆိုပါတယ်။

ကျောင်းတွေကို အသုတ်လိုက် ဒါမှမဟုတ် တပတ်ခြား၊ နှစ်ပတ်ခြား တက်ဖို့ စီမံနေကြရပေမယ့် ကျောင်းသားတွေကို အိမ်ကနေ လုပ်နိုင်မယ့် သင်ခန်းစာတွေကို လုပ်ခိုင်းထားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။

လက်ရှိမှာ ကျောင်းသားနဲ့ဆရာ အရေအတွက် ၁ အချိုး ၂၃ နဲ့ သွားမှာ ဖြစ်တဲ့အတွက် ဆရာ အရေအတွက် လိုအပ်ရင်လည်း ထပ်ပြီး ခန့်သွားဖို့ရှိတယ်လို့ သိရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

















XS
SM
MD
LG