သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ တနိုင်ငံလုံး အတိုင်းအတာနဲ့  မဖြစ်နိုင် (စစ်ကောင်စီအကြီးအကဲ)


စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဒီနှစ်အတွင်းမဲစာရင်းမှန်ကန်ရေးလုပ်ပြီးပါက အထွေထွေရွေးကောက်ပွဲကို လုပ်လို့ရနိုင်တဲ့နေရာတွေမှာ အပိုင်းလိုက်ကျင်းပ သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားသတင်းဌာန ITAR-TASS နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုလိုက်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ မဲစာရင်းမှန်ကန်ရေးကို ဦးစားပေးလုပ်ဆောင်နေပြီး ဒီနှစ်အတွင်းမှာ ပြီးနိုင်ဖို့မျှော်လင့်ထားတယ်လို့ အင်တာဗျူးမှာဆိုပါတယ်။

စစ်ခေါင်းဆောင်ဟာ ရုရှားသတင်းဌာနကို မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ လက်ခံတွေ့ဆုံခဲ့ချိန်မှာ အခုလိုပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲကို အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေ ပြီးတဲ့ကာလမှာ လုပ်ဖို့လျာထားတယ်လို့လည်းပြောပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်အချိန်နဲ့ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်ပြန်ရုပ်သိမ်းမယ့် အချိန် အဲဒီအချိန် ၂ခုက ဘယ်ချိန်ဖြစ်မလဲဆိုတာကို တော့တိတိကျကျ ထုတ်မပြောခဲ့ပါဘူး။ ဒီနှစ်အတွင်းမဲစာရင်းမှန်ကန်ရေးလုပ်ပြီးပါက ၆ လအတွင်းမှာ အထွေထွေရွေးကောက်ပွဲကို လုပ်လို့ရနိုင်တဲ့နေရာတွေမှာ အပိုင်းလိုက်ကျင်းပဖို့လုပ်မယ်လို့ သူ့မျှော်မှန်းချက်ကို အခုလိုပြောဆိုခဲ့တာပါ။

"အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်ပြီးတာနဲ့ ရွေးကောက်ပွဲပြန်လုပ်မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ လုပ်နိုင်ဖို့ မှားယွင်းတာဖြစ်လာတဲ့ အတွက်ကြောင့် မဲစာရင်းမှန်ကန်ရေးကို အဓိကထားလုပ်ရမှာပါ။ မဲစာရင်းမှန်ကန်ရေးကို ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး လုပ်ပါမယ်။ ပြည့်စုံပြီးလို့ တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတော့မှ လုပ်နိုင်တဲ့ အပိုင်းလိုက်ပေါ့၊ တပြိုင်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ရွေးကောက်ပွဲ ဆောင်ရွက်သွားဖို့ရှိပါတယ်"

မဲစာရင်းမှန်ကန်မှုရှိရေးကို ၂၀၂၄ ခုနှစ်အတွင်း အတတ်နိုင်ဆုံး လုပ်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်မှာ မဲမသမာမှုဖြစ်တယ်ဆိုကာ အာဏာသိမ်းပြီးနောက် အရေးပေါ်အခြေအနေ ကြေညာကာ အာဏာသိမ်းခဲ့ပါတယ်။ တည်ဆဲ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်ကာလကို ကာကွယ်ရေးဦးစီးချုပ်က အာဏာစသိမ်းချိန်ကနေ တစ်နှစ်တိတိ ရယူခွင့်ရှိပါတယ်။ အဲဒီနောက် တိုင်းပြည်မတည်ငြိမ်သေးဘူးလို့ ထပ်တင်ပြရင် ပုဒ်မ ၄၂၅ အရ နောက်ထပ် ခြောက်လ နှစ်ကြိမ် အာဏာသိမ်း သက်တမ်း တိုးခွင့်ရှိတယ်လို့ပြဋ္ဌာန်းထားတာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲအတွက်ပြင်ဆင်နေရလို့၊ သာမန်အခြေအနေဖြစ်ဖို့ လိုအပ်နေသေးလို့၊ တည်ငြိမ် အေးချမ်းရေး လိုအပ်နေလို့စတဲ့အကြောင်းပြချက်တွေပေးပြီး သက်တမ်းတိုးလာတာ ငါးကြိမ်ရှိပြီဖြစ်ပါတယ်။ အာဏာသိမ်းခဲ့ပြီး သုံးနှစ်ကျော်တဲ့အထိ အရေးပေါ်ကာလ ကြေညာထားရတာကိုလည်း မရုပ်သိမ်းနိုင်သေးသလို ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို မသတ်မှတ်နိုင်သေးပါဘူး။

အဲဒီတွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနဲ့ ခရီးသွားလုပ်ငန်းဒီထပ်မက ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ အနူမြူစွမ်းအင်သုံး လျှပ်စစ်စက်ရုံတည်ထောင်တာ၊ ရုရှား နည်းပညာသုံး ဓါတ်မြေဩဇာစက်ရုံတည်ဆောက်နေတာ၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးဝါးထုတ်လုပ်တာ စတာတွေ ဆက်လက် လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG