သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းရောက် မြန်မာများ ကိုင်ရို မြန်မာသံရုံးမှာ ကြိုတင်မဲပေး


အရှေ့အလယ်ပိုင်းရောက် မြန်မာများ ကိုင်ရို မြန်မာသံရုံးမှာ ကြိုတင်မဲပေး

နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံတွေက မြန်မာသံရုံးတွေမှာ ကြိုတင်မဲတွေ ကောက်ခံနေတာမှာ အီဂျစ်နိုင်ငံ ကိုင်ရို မြန်မာသံရုံးမှာ အောက်တိုဘာလ ၁၅ ရက်နေ့က ကြိုတင်မဲပေးပွဲ ပြုလုပ်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အရေးကို ဆောင်ရွက်ပေးနေတဲ့ သံရုံးတခုဖြစ်တဲ့ ကိုင်ရိုသံရုံးက ကြိုတင်မဲပေးပွဲမှာ အီဂျစ်နိုင်ငံ တခုတည်းက မြန်မာနိုင်ငံသားတွေ မဲပေးနိုင်ခဲ့ကြပါတယ်။ ဒီတော့ ဒေသတွင်း တခြားနိုင်ငံတွေက မြန်မာနိုင်ငံသားတွေ ဘယ်မှာ မဲပေးခွင့်ရမှာလဲ၊ ဘယ်လို မဲပေးနိုင်မှာလဲ ဆိုတာကို သိနိုင်ဖို့ ကိုင်ရိုသံရုံးက သံမှူးကြီး ဒေါ်ယဉ်ယဉ်ဦးကို မစုမြတ်မွန်က ဆက်သွယ်ပြီး မေးတဲ့အခါမှာ သံမှူးကြီးက အခုလို ဖြေပါတယ်။

“ကျနော်တို့သံရုံးမှာ ကြိုတင်မဲက ၁၅ ရက်နေ့က ပေးသွားပါတယ်။ ၁၅ ရက်နေ့က ပြီးသွားပါပြီ။ မဲကိစ္စကျတော့ လျှို့ဝှက်မဲ ဖြစ်ရတယ်လေ။ လျှို့ဝှက်မဲဖြစ်ရတော့ ကာယကံရှင် ကိုယ်တိုင် လာပေးဖို့ကို ကျနော်တို့ ပြောပါတယ်။ ကာယကံရှင်ကိုယ်တိုင် လာနိုင်တာကတော့ အီဂျစ်မှာ ဆိုရင်လည်း အများဆုံးကတော့ ဗမာတွေက ကိုင်ရိုမှာ ရှိတာကိုး။ တချို့ကလည်း အလက်ဇန္ဒြားးမြို့တို့ ဘာတို့မှာ ရှိတယ်။ အဲဒီကနေပြီးတော့ ဒီနိုင်ငံထဲက လူတွေပဲ ပေးကြတာ များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လျှို့ဝှက်မဲဆိုတော့ ကိုယ်တိုင်ပေးရတာ မို့လို့ပါ။”

ခုနက သံမှူးကြီး ပြောသလို ကြိုတင်မဲက လျှို့ဝှက်မဲ ဖြစ်တဲ့အတွက်ကြောင့် လူကိုယ်တိုင် လာပေးရတယ်ဆိုတော့ မြန်မာသံရုံး မရှိတဲ့ နေရာတွေက၊ ဒေသတွေက မြန်မာလူမျိုးတွေ မဲပေးချင်တယ် ဆိုရင်ရော သူတို့အနေနဲ့ ဘယ်လိုမျိုး ပေးနိုင်မှာပါလဲရှင့်။

“တချို့ ရှိတော့ ရှိပါတယ်။ ကျနော်တို့ဆီမှာ တချို့ တယောက် နှစ်ယောက်က တခြားနိုင်ငံတွေမှာ အလုပ်လုပ်နေပြီး၊ UN မှာ အလုပ်လုပ်နေတဲ့ ဗမာတွေကတော့ မဲပေးလို့ရှိရင် သူတို့လာပြီး မဲပေးပါရစေ၊ ကြိုတင်ပေးပါရစေ ဆိုပြီး ပြောတဲ့အခါကျတော့ ကျနော်တို့ အကြောင်းကြားပေးပါတယ်။ ဒါပေမဲ့ သူတို့ အဆင်မပြေကြဘူးရှင့်။

“ကျနော်တို့ အနေနဲ့က ဗမာတွေ ရှိတဲ့နေရာကို မဲတွေကို ပို့ဖို့အတွက်ကြတော့ စရိတ်စကက အစ ကျနော်တို့အတွက် အခက်အခဲ ဖြစ်ပါတယ်။ ကျနော်တို့ကပို့၊ သူတို့က ပြန်ပေးဖို့ကြတော့ ကျနော်တို့ဘက်က အခက်အခဲရှိသလို ကာယကံရှင် ဘက်ကလည်း အခက်အခဲ ရှိပါတယ်ရှင့်။ ကျနော်တို့က ကြိုတင်မဲကို အချိန်မီ မြန်မာပြည်ကို ပို့ရတာဆိုတော့ အဲဒါ မမီနိုင်လို့ပါရှင့်။ အဲဒါနဲ့ ကျနော်တို့ ဒီနိုင်ငံတွင်းက လူနဲ့ပဲ လုပ်လိုက်ရတာပါရှင့်။ ကျနော်တို့ သက်သက် မပြောတာတို့ ဘာတို့ မဟုတ်ပါဘူးရှင့်။ သက်ဆိုင်ရာ ဗမာတွေလည်း နားလည်မယ်လို့ ကျနော်တို့ ယူဆပါတယ်။”

အဲဒီနေ့က လာပြီး မဲပေးတာရော ဘယ်နှစ်ယောက်လောက် ရှိတယ်လို့ ပြောနိုင်ပါလဲ။

“အီဂျစ်မှာ အလုပ်လုပ်တဲ့ ဗမာကတော့ အရမ်းကြီး မများပါဘူး။ ၀န်ထမ်းတွေ နှုတ်လိုက်တယ်ဆိုရင် လူ ၈၀ လောက် ရှိပါတယ်။ အီဂျစ်မှာ အလုပ်လုပ်နေတဲ့ ဗမာတွေလေ။ ၈၀ လောက်မှာ မဲလာပေးတာ ၄၀ လောက် ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် နိုဝင်ဘာ ၇ ရက်နေ့ မြန်မာပြည်မှာ မဲပေးမယ်၊ တခြားသံရုံးတွေမှာလည်း မဲပေးရမယ်ဆိုတာ ဒါကတော့ လူတိုင်းသိနေတာ ကြာပြီလေ။”

ဒူဘိုင်းမှာရှိတဲ့ လူတချို့ကို ဆက်သွယ်ကြည့်တော့ သူတို့ပြောတာ မဲပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ကို သံရုံးက အကြောင်းကြားတာမျိုး သူတို့အနေနဲ့ မသိရဘူး၊ စာတွေ ဘာတွေ ပို့တာမျိုးလည်း မရှိဘူးဆိုတော့ အဲဒါကျတော့ ကိုင်ရိုသံရုံးနဲ့ လက်လှမ်းမမီလို့ သူတို့ကို အကြောင်း မကြားနိုင်တာမျိုးလား။

“တခုရှိတယ်၊ ပြန်ပြောပါရစေ၊ ဒူဘိုင်းမှာရှိတဲ့ ဗမာတွေတိုင်းက ကိုင်ရိုချည်းပဲ ပို့တာမဟုတ်ဘူးနော်၊ သူတို့ရဲ့ ကောင်စစ်ကိစ္စ။ တချို့က ဆော်ဒီနဲ့ ဆက်သွယ်တာရှိတာ၊ တချို့က ကူဝိတ်နဲ့ ဆက်သွယ်တာရှိတယ်။ အဆင်ပြေသလို ဆက်သွယ်ကြတာနော်။ ကျနော်တို့ သူတို့ကို တမင်ဖြစ်တာ မဟုတ်ပါဘူးရှင့်။ လက်တွေ့အားဖြင့် ကျနော်တို့က ပို့ပေးလို့လည်း မရဘူး၊ ကိုယ်တိုင် မဲပေးရမှာကိုး။ စည်းကမ်းချက်ထဲမှာ ကိုယ်တိုင် မဲပေးရမယ်ဆိုပြီး ပါတယ်ရှင့်။ ဆိုတော့ သူတို့ လာနိုင်မှာလည်း မဟုတ်ဘူးလေ။ အဲဒါကြောင့် ကျနော်တို့လည်း မပြောတော့တာပါ။

“နောက်ပြီးတော့ ကျနော်တို့ သတ်မှတ်တဲ့ ရက်အတွင်းမှာ ကျနော်တို့ကို ပြန်ပို့ပေးနိုင်ဖို့က အဆင်ပြေမှာ မဟုတ်လို့ပါရှင့်။ သိတော့ သိကြပါတယ် အားလုံးကလေ၊ သံရုံးတွေမှာ မဲတွေ လုပ်ကြမယ်ဆိုတာ။”

အီဂျစ်နိုင်ငံ ကိုင်ရိုသံရုံးက သံမှူးကြီး ဒေါ်ယဉ်ယဉ်ဦးကို မစုမြတ်မွန်က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG