သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားဖွံ့ဖြိုးရေး လူငယ်စွန့်ဦးတီထွင်မှု ပိုလို


လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ ထိပ်သီးညီလာခံ ၂၀၁၇ သို့တက်ရောက်လာသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ ထိပ်သီးညီလာခံ ၂၀၁၇ သို့တက်ရောက်လာသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

မြန်မာလူငယ်တွေအနေနဲ့ စူးစမ်းတီထွင် ဖန်တီးလိုစိတ်နဲ့ ပွင့်လင်းလွတ်လပ်တဲ့ အတွေးအခေါ်တွေကို လက်တွေ့ အကောင်အထည်ဖော် ကြိုးစားကြဖို့နဲ့ နိုင်ငံမှာ စွန့်ဦးတီထွင်တဲ့ ယဉ်ကျေးမှုတရပ် ပေါ်ထွန်းလာဖို့ အစိုးရပိုင်းကရော နိုင်ငံသူနိုင်ငံသား အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒါကတော့ ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ ထိပ်သီးညီလာခံ ၂၀၁၇ ဖွင့်ပွဲ အခမ်းအနားမှာ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံမှာ လူငယ်တွေ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဖြစ်လာနိုင်ဖို့အတွက် ဘယ်လို အခြေအနေမျိုးတွေ လိုအပ်ပါသလဲဆိုတာ မဆုမွန်က စုစည်းတင်ပြ ထားပါတယ်။

ဒီဇင်ဘာလ ၉ရက် ဒီကနေ့မှာ မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း က ကြီးမှူးပြီး ဒုတိယအကြိမ် မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ ထိပ်သီးညီလာခံတရပ် နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) မှာ ကျင်းပပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ အပါအဝင်၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင် တွေနဲ့ ပြည်တွင်း ပြည်ပမှ အသိပညာရှင် အတတ်ပညာရှင်တွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ တက်ရောက်ကြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့နဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးစနစ်ဖြစ်ဖို့ အားလုံး ပူးပေါင်းဆောင်ရွက် ကြဖို့နဲ့ လူငယ်တွေနဲ့ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းမြင့်တင်ဖို့ အရေးကြီးတယ် ဆိုတာကို မိန့်ခွန်းပြောကြားပါတယ်။

“ကျွန်မတို့ရဲ့ လူငယ်တွေဟာ အနာဂတ်နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေ ဖြစ်ပါ တယ်။ ကျွန်မတို့ နိုင်ငံ သိက္ခာရှိရှိ၊ တောင့်တင်းခိုင်မာစွာ ရပ်တည်နိုင်ဖို့ စီးပွားရေး တိုးတက်မှုက အရေးကြီးလှပါတယ်။ လူငယ်အင်အားနဲ့ စီးပွားရေး အင်အားပေါင်းပြီး ကျွန်မတို့နိုင်ငံကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာလူငယ်တွေဟာ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ပွင့်လင်း လွတ်လပ်တဲ့ အတွေးအခေါ်တွေကို လက်တွေ့အကောင်အထည်ဖော်ပြီး အများ အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်လိုတဲ့ စိတ်ထားရှိကြ ပါတယ်။ ကျွန်မတို့နိုင်ငံမှာ စွန့်ဦးတီထွင် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ် လာစေဖို့အတွက် အစိုးရပိုင်းအနေနဲ့လည်း ပြည်ထောင်စု အဆင့်သာမက တိုင်းဒေသကြီး အစိုးရတွေကပါ ကိုယ့်တိုင်းဒေသမှာ ရှိကြတဲ့ စွန့်ဦးတီထွင် လုပ်ငန်းတွေကို အားပေးကူညီ ပံ့ပိုးကြဖို့ တိုက်တွန်းပါတယ်။”

အစိုးရ အနေနဲ့လည်း နိုင်ငံမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေး လုပ်ဆောင်ပေး လျက်ရှိပြီး လူငယ် လုပ်ငန်းရှင်တွေ ဘက်ကလည်း ကိုယ့်ထုတ်ကုန်တွေကနေ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေရဲ့ ဈေးကွက်တွေမှာ ထိုးဖောက်နိုင်ဖို့ ကြိုးစားကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်၊၊

“ကိုယ့်ဆီက ထုတ်ကုန်တွေ ဈေးကွက်ရရှိရေးနဲ့ တခြားနိုင်ငံက ပစ္စည်း တွေနဲ့ ပြည်တွင်း၊ ပြည်ပဈေးကွက်တွေမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ ကြိုးပမ်းရ မှာဖြစ် ပါတယ်၊၊ ကိုယ့်ပြည်တွင်းက ဈေးကွက်တစ်ခုတည်း မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေရဲ့ ဈေးကွက်တွေမှာ ထိုးဖောက်နိုင်ဖို့ ရည်မှန်းချက်ထား ကြိုးစား ကြရမှာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ ပထဝီဝင်အနေအထားအရ မဟာဗျူဟာကျတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဒါတွေ အားလုံးသိပြီးသားပါ။ လူဦးရေအများဆုံးနိုင်ငံ တွေဖြစ်ပြီး စီးပွားရေးအရ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ တို့အကြားမှာတည်ရှိနေပါတယ်။ ဒါဟာ အားသာချက်တွေ အများကြီးရှိသလို စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါတယ်။ စိန်ခေါ်မှုတွေကို ကျော်လွှား နိုင်အောင် ကြိုးစားရမှာဖြစ်သလို အားသာချက်တွေကိုလည်း အခွင့်အလမ်း တစ်ရပ်အဖြစ် အသုံးချသွားနိုင်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။”

ဒုတိယအကြိမ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များညီလာခံ
ဒုတိယအကြိမ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များညီလာခံ


နိုင်ငံတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ငွေကြေး (Money) ၊ ဈေးကွက် (Market) နဲ့ လမ်းညွှန်ပေးမှု (Mentorship) ဆိုတဲ့ 3M လိုအပ်တယ် ဆိုတာကိုလည်း အတိုင်ပင်ခံက အလေးပေး ထည့်သွင်းပြောကြား ပါတယ်။ မြန်မာ့နိုင်ငံရဲ့ စီးပွားရေး လေ့လာသုံးသပ်နေတဲ့ စီးပွားရေး ပညာရှင် ဆရာခင်မောင်ညို (ဘောဂဗေဒ)ကတော့ မြန်မာနိုင်ငံမှာ လူငယ်တွေဟာ ကိုယ့်အနာဂတ်ကို ကိုယ်သိဖို့နဲ့ စွန့်စားလိုစိတ် တီထွင် လိုစိတ်နဲ့ မိမိကိုယ်ကို အားကိုးလိုစိတ်တွေ ရှင်သန်နိုင်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း အခုလိုသုံးသပ်ပါတယ်။

“ အစကတည်းက ဒီလူငယ်တယောက်အနေနဲ့ ပြောရရင် စွန့်ဦးတီထွင် လုပ်ငန်းရှင် ဖြစ်ဖို့က ပထမဆုံး အခြေခံကျတဲ့ အချက်က ဘာလဲဆိုတော့ ဝန်ထမ်း မလုပ်ပဲနဲ့ ကိုယ့်ခြေထောက်ပေါ် လွတ်လွတ်လပ်လပ် ရပ်တည် လှုပ်ရှားနိုင်တဲ့ လုပ်ငန်းရှင် ဖြစ်ချင်တဲ့ ဇောပေါ့လေ။ motivation ဖြစ်ချင်တဲ့ဆန္ဒ ကြီးမားဖို့က အလိုအပ်ဆုံးပဲ၊ ကျန်တာတွေကတော့ သူ့ဟာသူ ဖြစ်သွားတာပဲ။ အခက်အခဲကတော့ ရှိတာပေါ့။ တကယ်တမ်း ကိုယ်ကအောင်မြင်အောင် လုပ်ချင်တယ်ဆိုရင် အဲဒီ အခက်အခဲတွေက သူ့ဟာသူ ကျော်လွှားနိုင်တာတွေပဲ၊ မကျော်လွှားနိုင်စရာ အကြောင်းမရှိဘူး။ အစိုးရကို အားကိုးပြီးမှ လုပ်ရတဲ့ဟာမျိုးဆိုရင် စွန့်ဦးတီထွင်လို့ မခေါ်နိုင်ဘူး။ အဲဒီတော့ ကိုယ့်ဖာသာကိုယ် ကြိုးစားအားထုတ်ပြီးတော့ ဖြစ်လာတဲ့တနေရာရောက်မှ အစိုးရက ကူညီတာတို့ ဘာတို့ပေါ့နော်၊ ဒါမျိုးတော့ လိုအပ်တယ်။ အစကတည်းက အစိုးရကို အားကိုပြီးမှ လုပ်ရတာမျိုးကတော့ ဆရာကတော့ စွန့်ဦးတီထွင်လို့ မမြင်ဘူး။ နောက်တခုကတော့ အစိုးရအနေနဲ့ ကတော့ အဆင့်တခု အတိုင်းအတာတခုထိ ရောက်လာရင် ကူညီသင့်တယ်။ ကူညီသင့်တယ်ဆိုတာက စည်းမျည်းစည်းကမ်းပိုင်း ဥပဒေပိုင်းပေါ့။ ဥပမာ ဖြေလျော့ပေးသင့်တာတွေ ဖြေလျော့ပေးတာ၊ နောက် လုပ်သာကိုင်သာရှိအောင် လုပ်ပေးတာမျိုးပေါ့လေ။ ဟို Doing Business လို ဟာမျိုးပေါ့လေ။ အဲလိုဟာမျိုးလေးတွေ လုပ်သာကိုင်သာရှိအောင် ဥပမာ ကုမ္ပဏီဥပဒေမျိုး ရင်းနှီးမြှုပ်နှံမှု ဥပဒေမျိုးပေါ့။ အဲဒါမျိုးတွေကတော့လုပ်ပေးသင့်တယ်လို့မြင်တယ်။”

ဒီကနေ့ စတင်ကျင်းပတဲ့ ဒီလိုညီလာခံတွေကနေ နောက်ပိုင်းမှာလည်း လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အားလုံးနဲ့ တွေ့ဆုံဆွေးနွေး နိုင်မယ့် မြန်မာစွန့်ဦးတီထွင် လုပ်ငန်းရှင်များ ထိပ်သီးညီလာခံတွေကို လာမယ့်နှစ်တွေ မှာလည်း ဆက်လက်ပြီး ကျင်းပသွားနိုင်ဖို့နဲ့ နိုင်ငံတိုးတက်ရေး အားလုံးက ပူးပေါင်း ပါဝင်ကြဖို့လည်း နိုင်ငံတော် အတိုင်ပင်ခံက တိုက်တွန်းပြောကြားသွားပါတယ်။

“ ကျွန်မတို့ရဲ့ လူငယ်များ လေးလေးနက်နက် စဉ်းစားစေ ချင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ အခြေအနေက ဘယ်လိုရှိလဲ။ ကမ္ဘာကြီးရဲ့ အခြေအနေက ဘယ်လိုရှိလဲ။ ကမ္ဘာက ကိုယ့်နိုင်ငံကို ဘယ်လိုမြင်သလဲ။ ဘာကြောင့် အဲလိုပုံစံနဲ့ မြင်လဲ။ ကျွန်မတို့ဟာ ကျွန်မတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာတွေသာမက ကျွန်မတို့နိုင်ငံရဲ့ ညီညွှတ်မှု ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ တိုးတက်မှုဖြစ်မြောက်ဖို့ ဘာတွေလုပ်ဖို့ လိုသလဲဆိုတာ တစ်ဦးချင်း တစ်ဦးချင်းကနေပြီးတော့ ကိုယ့်ရဲ့ တာဝန်အနေနဲ့ ထည့်သွင်းစဉ်းစားပြီးတော့ လုပ်စေချင်ပါတယ်။ နောက်ဆုံးကျတော့ အနာဂတ်ဆိုတာ လူငယ်တွေဆီ သွားတာပဲ။ ဒါကြောင့်မို့ ကျမတို့ လူငယ်တွေကို အားကိုးပါတယ်။ ကျေးဇူးတင်ပါတယ်"

ဒုတိယအကြိမ် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ ထိပ်သီးညီလာခံ ၂၀၁၇ မှာတော့ ပြခန်းပေါင်း ၄၃ ခန်း ခင်းကျင်းပြသ ထားပြီး အသေးစား၊ အလတ် စားလုပ်ငန်း ပြခန်းတွေဖွင့်လှစ် ထားပါတယ်။ ဒီညီလာခံကိုတော့ မြန်မာနိုင်ငံတွင်း စွန့်ဦးတီထွင် လုပ်ငန်းများ အရှိန်အဟုန်နဲ့ အောင်မြင်လာအောင် ထောက်ပံ့ဖို့ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအား မြေတောင်မြှောက်ပေးဖို့နဲ့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အောင်မြင်လာပြီး့ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖက်တလမ်းမှ ပံ့ပိုးကူညီရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG