သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပုဂ္ဂလိကကဏ္ဍနဲ့ ရင်းနှီးမြုပ်နှံမှု မြန်မာ့စီးပွားဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေမည်


အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin

မြန်မာနိုင်ငံ စီးပွားဖွံဖြိုးရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ ရင်းနှီးမြုပ်နှံမှုဟာ အထောက်အပံ့ဖြစ်စေမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ IT ကွန်ပြူတာအဆင့်မြင့်နည်းပညာတိုးတက်မှုအတွက် အမေရိကန် IT ကုမဏီတွေဘက်က ဆောင်ရွက်ခဲ့တာတွေ သက်သေရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက သတင်းပေးပို့ထားတာပါ။

မြန်မာနိုင်ငံတွင်း အမေရိကန် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုတွေဟာ မြန်မာ့စီးပွားရေးကိုသာမက မြန်မာပြည်သူတွေနဲ့ မြန်မာလူမှုအသိုင်းအဝိုင်းအတွက်ပါ အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်လို့ မြန်မာနိုင်ငံကို လေးရက်ကြာရောက်ရှိနေတဲ့ စီးပွားရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin က ဒီကနေ့ ပြောဆိုခဲ့တာပါ။ မြန်မာ့ IT နည်းပညာဖွံဖြိုးတိုးတက်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးနေတဲ့ ဖန်တီးရာအဖွဲ့ ရုံးခန်းမှာ မြန်မာကွန်ပြူတာပညာရှင်တွေ ကွန်ပြူတာတက္ကသိုလ်နဲ့ စီးပွားရေးတက္ကသိုလ်က လူငယ်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုသွားတာပါ။ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin နဲ့အတူ အမေရိကန်စီးပွားရေးကုမ္ပဏီကြီးတွေက တာဝန်ရှိသူတွေပါ ဒီပွဲကို တတ်ရောက်လာကြပါတယ်။ မြန်မာ့ IT အဆင့်မြင့်နည်းပညာလုပ်ငန်းတွေမှာ အသင့်လုပ်ကိုင်နိုင်အောင် လူပေါင်းတသိန်းနီးပါးကို အမေရိကန်ကုမဏီဖြစ်တဲ့ မက်ခရိုဆော့ကနေ အထောက်အကူပြုပေးခဲ့တယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin က ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ ပုဂ္ဂလိကကဏ္ဍပိုင်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးမှုမှာ အရေးပါပါ အပြန်အလှန်အားဖြင့် အထောက်အပံ့ဖြစ်စေတယ်ဆိုတာ တွေ့နေရပါပြီ။ ဥပမာဆိုပါစို့ -မက်ကရိုဆော့ဖ်ကုမ္ပဏီနဲ့ MCC မြန်မာကွန်ပြူတာကုမ္ပဏီလီမီတတ်တို့အကြား မဟာဗျူဟာကျကျ မိတ်ဖက်ဆက်ဆံလုပ်ကိုင်မှုကြောင့်၊ မြန်မာ IT ကွန်ပြူတာအဆင့်မြင့်နည်းပညာပိုင်းတွေမှာ အသင့် လုပ်ကိုင်နိုင်မယ့် လူပေါင်း တသိန်းလောက်ကို မွေးထုတ်ပေးခဲ့ပါပြီ။”

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဟာ စီးပွားရေးအားကောင်းမှုနဲ့ ချိတ်ဆက်နေမယ်လို့လည်း ပြောပါတယ်။ နှစ်ပေါင်းများစွာ ထောင်တွင်းမှာ နေခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဒီကနေ့မှာ အစိုးရအဖွဲ့အဖြစ် တာဝန်ယူဆောင်ရွက်နေပြီး၊ တိုင်းပြည်မှာ ခိုင်မာအားကောင်းတဲ့ စီးပွားရေးစနစ်လိုအပ်နေတယ်ဆိုတာကို သူတို့တွေ သဘောပေါက်နားလည်ထားတယ်လို့လည်း ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ တကယ်တော့ နိုင်ငံရေးနဲ့ စီးပွားရေးဆက်ဆံမှုဟာ အရေးကြီးသလို ဒီကဏ္ဍတွေမှာ စွန့်ဦးတီထွင် စွမ်းဆောင်သူတွေဟာ အရေးပါလွန်းတယ်လို့ ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin က ပြောခဲ့ပါတယ်။

“ခိုင်မာအားကောင်းတဲ့ စီးပွားရေးစနစ်နဲ့ ခိုင်မာတဲ့ ဒီမိုကရေစီစနစ်ဆိုတာ တခုနဲ့တခုချည်နှောင်ဆက်စပ်နေတဲ့အရာပါ။ နှစ်ခုစလုံးမှာ တကယ်ပဲ အလားအလာကောင်းတွေဖြစ်လာဖို့ဆိုရင်တော့ ခင်ဗျားတို့လို ရှေ့ဆောင်ကြံဆသူတွေ စွန့်ဦးထွင်သူတွေ လိုအပ်ပါတယ်။ ခင်ဗျားတို့ဟာ ပြည်သူတွေအတွက် ဝန်ဆောင်မှုတွေပေးပါတယ်၊ စီးပွားဖွံဖြိုးမှုကို ဖန်တီးပေးပါတယ်။ ခင်ဗျားတို့ရဲ့ စွမ်းပကား ခင်ဗျားတို့ရဲ့ တီထွင်ရှေ့ဆောင်မှု ခင်ဗျားတို့ရဲ့အရည်အချင်းတွေဟာ စီးပွားရေးနဲ့ လူမှုရေးကို ဦးဆောင်မောင်နှင်နေပါတယ်။”

စီးပွားရေးဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ Ameican Innovation Roadshow to Myanmar ဆိုတဲ့ ခေါင်းစဉ်နဲ့ အခု လေးရက်ကြာ မြန်မာခရီးစဉ်ကို ဦးဆောင်လာရောက်တာဖြစ်ပါတယ်။ သူနဲ့အတူ အမေရိကန်စီးပွားရေးကုမ္ပဏီကြီးတွေက တာဝန်ရှိသူတွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံအတွင်း လက်ရှိ ရင်းနှီးမြုပ်နှံနေကြတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဒေသခံလူမှုအသိုင်းအဝိုင်းကို ဘယ်လောက်အထောက်အပံ့ဖြစ်စေမလဲဆိုတာလည်း လေ့လာသွားမှာဖြစ်သလို၊ အနာဂတ်အခြေအနေမှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံတွင်းရင်းနှီးမြုပ်နှံနိုင်မယ့် အခြေအနေကောင်းအတွက်လည်း ပြင်ဆင်ဖို့ဖြစ်ပါတယ်။ အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက တာဝန်ရှိသူတွေလည်း ဒီခရီးစဉ်မှာ ပါဝင်ကြပါတယ်။

ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin ဟာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့လည်း ဒီကနေ့ တွေ့ဆုံပြီးတော့ ရန်ကုန်တိုင်းဒေသတွင်း စီးပွားရေးရင်းနှီးမြုပ်နှံမှုဆိုင်ရာ အဟန့်အတားတွေ အခွင့်အလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဒါပြီးရင်တော့ Mr.Rivkin ဟာ နေပြည်တော်သွားရောက်ပြီး မြန်မာအစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ မနက်ဖြန်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

မြန်မာ့စီးပွားရေးနဲ့ အမေရိကန်အထောက်အကူ
please wait

No media source currently available

0:00 0:02:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG