သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လေကြောင်း ဒေသတွင်း အချက်အခြာဖြစ်ဖို့ မြန်မာ ရည်မှန်း


လေကြောင်းပို့ဆောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း (လယ်)
လေကြောင်းပို့ဆောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း (လယ်)
လာမယ့် ၂၀၃၀ ခုနှစ် သတ်မှတ်ချက်ထားပြီး မြန်မာနိုင်ငံကို ဒေသတွင်း အဓိက လေကြောင်းသွားလာရေး အချက်အခြာတခုဖြစ်လာအောင် မျှော်မှန်းဆောင်ရွက်နေတယ်လို့ မြန်မာ့လေကြောင်းပို့ဆောင်ရေးဦးစီးဌာနက ပြောလိုက်ပါတယ်။ လေကြောင်းလုပ်ငန်းနဲ့ပတ်သက်လို့ အခြေခံအဆောက်အဦးရော လူ့အရင်းအမြစ်အပိုင်းမှာပါ အားနည်းနေတဲ့ မြန်မာနိုင်ငံအတွက် ဒီရည်မှန်းချက်မှာ စိန်ခေါ်ချက်တွေတော့ အတော်များများရှိနေပါတယ်။ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်တုန်းက အရှေ့တောင်အာရှဒေသမှာ လေကြောင်းခရီးသွားလာရေး အချက်အခြာကျခဲ့တဲ့ မြန်မာနိုင်ငံလို အခြေအနေမျိုးကို ပြန်ရောက်နိုင်ဖို့ မျှော်လင့်ပြီး မဟာဗျူဟာမြောက် အစီအစဉ်ရေးဆွဲပြီး ဆောင်ရွက်သွားမယ်လို့ မြန်မာ့လေကြောင်း ပို့ဆောင်ဦးစီးဌာနက တာဝန်ရှိသူတွေ ပြောခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ အရပ်ဖက်လေကြောင်းလုပ်ငန်း ဖံ့ွဖြိုးရေးဆိုင်ရာ ညီလာခံအတွင်း သတင်းစာရှင်းလင်းပွဲတရပ်မှာ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ပထဝီအနေအထားအရ လေကြောင်းလုပ်ငန်းဖွံဖြိုးဖွယ်ရှိတဲ့နေရာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ရဲ့ Geographical location အရ ကြည့်မယ်ဆိုရင် ကျနော်တို့က ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံရဲ့ center မှာ ကျနော်တို့ မြန်မာနိုင်ငံက တည်ရှိနေပါတယ်။ အဲဒီအတွက်ကို ကျနော်တို့ရဲ့မျှော်မှန်းချက်၊ ကျနော်တို့ရဲ့ Expectation ပဲပြောပြော၊ ကျနော်တို့ရဲ့ Dream ပဲပြောပြော၊ ကျနော်တို့သည် တချိန်က ရယူခဲ့တဲ့ Aviation heart ကို ပြန်ရအောင် အခု Infrastructure တွေ ကျနော်တို့ချမယ်။ နောက်တခါ Strategic Plans တွေ ချမယ်။ ကျနော်တို့ရဲ့မျှော်မှန်းချက် ၂၀၃၀ ၊ ကျနော်တို့ရဲ့ Master Plan မှာ 2030 မှာ တခြားနိုင်ငံတွေနဲ့ပေါ့နော်။ ပြီးတော့ ကျနော်တို့ရဲ့ Geographical location အရကြည့်မယ်ဆိုရင်လည်း များသောအားဖြင့် South East Asia ကိုလာတဲ့ Tourist အနေနဲ့ ပြန်ကြည့်လို့ရှိရင် ကျနော်တို့နိုင်ငံက Infrastructure ရော၊ Tourism ဧရိယာရော များပြားတဲ့နိုင်ငံဖြစ်ပါတယ်။”

မြန်မာ့လေကြောင်းလုပ်ငန်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ တုန်းက ဒေသတွင်း အတော်ကြီး ခေတ်မှီဖွံဖြိုးခဲ့သလို၊ ရန်ကုန်လေဆိပ်ဟာဆိုလည်း ဒေသတွင်း လေကြောင်းလုပ်ငန်းတွေရဲ့ အဓိက ဆုံချက်တခုလိုဖြစ်ခဲ့တာပါ။ အခု ၂၀၁၁ ခုနှစ် နောက်ပိုင်း အစိုးရမူဝါဒသစ်တွေ ပြောင်းလဲလာတဲ့နောက် အရပ်ဖက်လေကြောင်းလုပ်ငန်း ဖွံဖြိုးလာဖို့အလားအလာ မျှော်လင့်ချက် ပြန်ပြီး အားကောင်းလာတယ်လို့ ဦးတင်နိုင်ထွန်းက ပြောပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ရှိနေတဲ့ လေကြောင်းလုပ်ငန်းဆိုင်ရာအရင်းအမြစ်တွေနဲ့ အခြေခံ အဆောက်အဦးတွေဟာ မြန်မာနိုင်ငံတွင်းမှာ အတော်ကြီးကို အားနည်းနေဆဲပါ။

လေကြောင်းလုံခြုံရေးပိုင်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းပိုင်းတွေမှာလည်း ဝေဖန်ခံရမှု အတော်မျာများရှိခဲ့ပါတယ်။ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန တာဝန်ရှိသူတွေကလည်း ဒီအချက်ကို ဝန်ခံပါတယ်။ ဒါကြောင့်လည်း အခြေခံအဆောက်အဦးပိုင်းပြင်ဆင်ရေးတွေကို ၂၀၃၀ ရည်မှန်းထားချက်အတိုင်းပြည့်မီအောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ ပြီးခဲ့တဲ့နှစ်တွေက ပြန်ကြည့်မယ်ဆိုရင် Infrastructure အားလုံးကို Government ကပဲ တာဝန်ယူပါတယ်။ Government တာဝန်ယူရတဲ့အတွက် Budget system လည်း ကျနော်တို့သွားတယ်။Development အနေနဲ့ဆိုရင် နှေးကွေးပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ Aviation Industry ကျနော်တို့ Changes ကလည်း Rapidly Increase ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ ကျနော်တို့ Government Policy အရလည်း Private Sector Participation ကို ခွင့်ပြုတယ်၊ ခွင့်ပြုထားတာဖြစ်တဲ့အတွက် ဒါ ကျနော်တို့ ပထမဆုံး Import တဲ့ Infrastructure ကို မြှင့်တင်တာပါ။ အဲဒီ Import Infrastructure ကို မြှင့်တင်ပြီးတဲ့အခါမှာ ကျနော်တို့ဆီမှာ International Airport တွေ ရှိပါတယ်။ အဲဒီ International Airport တွေကို ကျနော်တို့ ဒါ ပထမဆုံး Private Sector Participation ပေးပါတယ်။”

လက်ရှိအားဖြင့် ရန်ကုန်နိုင်ငံတကာလေဆိပ်ဟာ တနှစ်ကို ခရီးသည် ၆သန်းထက်ပိုပြီး ဝန်ဆောင်မှုမပေးနိုင်တာကြောင့်၊ လာမယ့် ၂၀၁၈ မှာ အကြပ်အတည်းဖြစ်လာနိုင်ပြီး ဒီအတွက် ဟံသာဝတီ နိုင်ငံတကာလေဆိပ်တည်ဆောက်ရေးလုပ်ငန်း စဉ်းစားချက်ဖြစ်လာတယ်လို့လည်း လေကြောင်းဦးစီး တာဝန်ရှိသူတွေက ပြောပါတယ်။

ရန်ကုန်ကုန်သည်များဟိုတယ်မှာ အခု ကျင်းပနေတဲ့ အရပ်ဖက်လေကြောင်းလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာညီလာခံကနေ မြန်မာ့ လေကြောင်း လုပ်ငန်းတွေ တိုးတက်လာနိုင်ဖို့ အရင်းအမြစ် အဆက်အသွယ်တွေနဲ့ စဉ်းစားချက်တွေ ပေါ်ထွက်လာမယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်ပါတယ်။ ဒီညီလာခံကို နိုင်ငံပေါင်း နှစ်ဆယ်က လေကြောင်းလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူ ၂၀၀ ကျော်တတ်ရောက်ပြီး လေကြောင်းလုပ်ငန်းဖွံ့ဖြိုးရေးကိစ္စရပ်တွေအပြင် လေဆိပ်လုံခြုံရေး စီမံခန့်ခွဲမှုပိုင်းတွေကိုလည်း သုံးရက်ကြာ အစည်းအဝေးအတွင်း ဆွေးနွေးကြမှာဖြစ်ပါတယ်။
XS
SM
MD
LG