သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး အားပေးထောက်ခံခဲ့သူ အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်း ဆူရင်ပစ်ဆူဝမ်ကို အမှတ်တရဂုဏ်ပြု


၂၀၁၂ခုနှစ်က အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့စဉ်။
၂၀၁၂ခုနှစ်က အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့စဉ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ် အရှေ့တောင်အာရှအာဆီယံ အတွင်းရေးမှူးချုပ်ဟောင်း Surin Pitsuwan ကွယ်လွန်သွားတဲ့ အပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန က ဝမ်းနည်းကြောင်း သဝဏ်လွှာ ဒီကနေ့ ပေးပို့ပါတယ်။ Surin Pitsuwan ဟာ ထိုင်းနိုင်ငံနိုင်ငံရေးခေါင်းဆောင်တဦးအနေနဲ့မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားစွာ အကြံညဏ်ပေး ဆောင်ရွက်ခဲ့သူ မြန်မာပြည် အသွင်ကူးပြောင်းကာလတွေမှာ စိတ်ရောကိုယ်ပါ အားပေးကူညီသူတဦးဖြစ်တဲ့အတွက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ကြီးမားတဲ့ဆုံးရှုံးမှုတခုအဖြစ် ရှု့မြင်ကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ထိုင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ် အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်တဲ့ ဒေါက်တာ Surin Pitsuwan မနေ့ ကြာသပတေးနေ့ ၃၀-၁၁-၂၀၁၇ ရက်နေ့က နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့အပေါ် အထူးဝမ်းနည်းကြေကွဲရပါကြောင်း ဝမ်းနည်းခြင်း သဝဏ်လွှာတစ်စောင်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက Surin Pitsuwan ရဲ့ ကျန်ရစ်သူ မိသားစုကို ဒီကနေ့ ဒီဇင်ဘာလ ၁ရက်နေ့ နေ့စွဲနဲ့ ပေးပို့လိုက်ပါတယ်။

Surin Pitsuwan ဟာ ထိုင်းနိုင်ငံနိုင်ငံရေးခေါင်းဆောင်တဦးအနေနဲ့မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားစွာ အကြံညဏ်ပေး ဆောင်ရွက်ခဲ့သူ မြန်မာပြည် အသွင်ကူးပြောင်းကာလတွေမှာ စိတ်ရောကိုယ်ပါ အားပေး ကူညီသူတဦးဖြစ်တဲ့အတွက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ကြီးမားတဲ့ဆုံးရှုံးမှုတခုအဖြစ် ရှု့မြင်ကြပါတယ်။

Surin Pitsuwan ဟာ မြန်မာ့အရေးထိုင်း-မြန်မာ နယ်စပ်နဲ့ ထိုင်းနိုင်ငံအပါအဝင် ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေကြား မြန်မာ့ဒီမိုကရေစီရေး အင်တိုက်အားတိုက် ကူညီခဲ့သူတဦးဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဦးဆောင်လှုပ်ရှားခဲ့သူတဦးဖြစ်တဲ့ ဝါရင့်သတင်းသမားကြီးဦးဇင်လင်းက အခုလိုပြောပြပါတယ်။

" တော်တော်လေး စိတ်မကောင်းစရာ ဝမ်းနည်းစရာကောင်းတာပေါ့ ဘာဖြစ်လို့လဲဆိုတော့ သူက မြန်မာ့နိုင်ငံရေးအစောပိုင်းကာလတွေပေါ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီလွတ်မြောက်ရေး ကိစ္စမှာ သူက အများကြီးကူညီခဲ့တယ် ဒီအဝေးရောက်တဲ့ ထိုင်းနိုင်ငံကို ရောက်သွားတဲ့ မြန်မာ့နိုင်ငံရေးသမားတွေ မြန်မာကျောင်းသားတွေ ဒီလိုလူတွေနဲ့ပတ်သက်လို့လည်း သူက အများကြီး အကူအညီပေးခဲ့တာရှိတယ် သူက တော်တော်ကို တက်တက်ကြွကြွနဲ့ ထူးထူးခြားခြား ကူညီခဲ့တဲ့ လူတယောက်ဖြစ်တယ်လေ။ ဒါကြောင့်မို့လို့ သူနဲ့ပတ်သက်တဲ့ လူတွေအားလုံး မြန်မာ့နိုင်ငံရေးသမားတွေ ဒီမိုကရေစီအင်အားစုတွေကတော့ သူ့ကို လေးလေးစားစား မှတ်မှတ်ရရ ရှိနေကြတာပါ။

အထူးသဖြင့် ၂၀၀၁က ၂၀၀၂ ၊၂၀၀၃ ၄၊ ၅၊ ၆ ကာလတွေမှာ Surin Pitsuwan ဟာ အများကြီး အကူအညီပေးခဲ့ပါတယ်၊ အကြံညဏ်အားဖြင့် အကူအညီတွေ လုပ်သင့်လုပ်ထိုက်တာတဲ့ကိစ္စတွေ အစောပိုင်း ၂၀၀ ၁၂ ၃ ၄တွေမှာဆိုရင်လည်း မြန်မာပြည်လွတ်မြောက်ရေးကိစ္စတွေမှာ မြန်မာ့နိုင်ငံရေးအင်အားစုတွေက စုပေါင်းပြီးတော့ တိုင်ပင်ကြတဲ့ပွဲတွေမှာတောင်မှ ပါဝင်ပြီးတော့ ဆွေးနွေးပြီးတော့ အကြံညဏ်ကောင်းတွေ ပေးတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်။"

Surin Pitsuwan အနေနဲ့ နဲ့ ဦးဇင်လင်းတို့ကြား မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး သတင်းစာဆရာကြီး ဦးဝင်းတင်အပေါ် အခြေခံတဲ့ ထူးထူးခြားခြား အမှတ်တရဖြစ်ခဲ့တဲ့ ဖြစ်ရပ်အကြောင်းကိုလည်း သူက အခုလိုပြန်ပြောင်းပြောပြပါတယ်။

" အဲ့ဒီ့အချိန်တုန်းက သူက အာဆီယံရဲ့ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်။ ဆရာဦးဝင်းတင်ကလည်း လွတ်လာကာစ ဆိုတော့ ဆရာဦးဝင်းတင်ကို ပတ်သက်ပြီး ဂုဏ်ပြုတဲ့ အစီအစဉ်တွေ ပါပါတယ်။ အဲ့ဒီ့အစီအစဉ်တွေမှာလည်း မစ္စတာ Surin Pitsuwan က အတွင်းရေးမှူးချုပ်ဖြစ်သော်လည်းပဲ အဲ့ဒီ့ပွဲမှာလာပြီးတော့ ထောက်ခံပြီး ပြောကြားသွားတာရှိတယ် ဒါကြောင့်မို့ Surin Pitsuwan မမျှော်လင့်ပဲ ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုတာကတော့ မြန်မာ့နိုင်ငံရေးသမားတွေက တကယ့်ကို ယူကျုံးမရဖြစ်ကြမှာပါ။

ထိုင်းနိုင်ငံရဲ့ အရည်အချင်းရှိတဲ့ နိုင်ငံရေးခေါင်းဆောင်လည်းဖြစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရာထူးအတွက်ပါ ရာထား စဉ်းစားတဲ့အထဲမှာပါ ပါဝင်ခဲ့သူ အရှေ့တောင်အာရှရဲ့ အလားအလာရှိတဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ Surin Pitsuwanအခုလို ရုတ်တရက် အသက်ဆုံးရှုံးရတဲ့အပေါ် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ်လည်း Surin Pitsuwanနဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့ဖူးသူ သတင်းစာဆရာဦးဇေယျသူက သုံးသပ်ပါတယ်။

" နှမျောတယ်ပေါ့နော် အာဆီယံအတွင်းမှာက ဒါမျိုးလူက ရှားတယ် အထူးသဖြင့်က အရှေ့တောင်အာရှဒေသတွင်းမှာ ဒါဆုံးရှုံးမှုကြီးပေါ့။"

အရှေ့တောင်အာရှနိုင်ငံတွေရဲ့ လူငယ်အစီအစဉ်တွေမှာ Surin Pitsuwanနဲ့ တွေ့ဆုံပြီး Surin Pitsuwanရဲ့ ဆင်းရဲမွဲတေလှတဲ့ ငယ်စဉ်ဘဝအကြောင်း ပညာရဲ့ အရေးပါပုံကို ရှင်းပြခဲ့တာကတော့ တကယ့်ကို မှတ်မှတ်ရရပါလို့ ဦးဇေယျသူက ပြောပါတယ်။

" မှတ်မှတ်ရရဖြစ်တာက လူငယ်ခေါင်းဆောင်တွေပေါ့ အာရှလူငယ်ခေါင်းဆောင်တွေရဲ့ အချင်းချင်းတွေ့ကြတဲ့ပွဲမှာ သူလာတယ်။ အေးအေးဆေးဆေး ဆွေးနွေးခွင့်ရတော့ သူ့ကို ကျနော် မေးလိုက်တယ်။ သူ့ငယ်ငယ်က ဘဝအကြောင်း သူပြန်ဖြေတာပေါ့။ ဆယ်နှစ် ဆယ့်တစ်နှစ်အထိ ဖိနပ်မစီးရဘူးပေါ့လေ အဲ့တာနဲ့ ကျနော်ကလည်း ထပ်မေးလိုက်တယ် ဟာ ဖိနပ်မစီးရဘူးတဲ့ဘဝနဲ့ ဒီအာရှဒေသမှာ သြဇာကြီးတဲ့ သံတမန် ဘယ်လိုလုပ်ဖြစ်လာလဲပေါ့လေ ပညာကြောင့်ပါတဲ့ ကြိုးစားအားထုတ်မှုနဲ့ ပညာရေးကို ဇောင်းပေးပြီး ပြောသွားတယ်။ "

မစ္စတာ Surin ဟာ ထိုင်းနိုင်ငံ ဒီမိုကရက်ပါတီရဲ့ လွှတ်တော်အမတ်ဟောင်းတဦးလဲဖြစ်ပြီး ဒီမိုကရက်ပါတီဦးဆောင်တဲ့ အစိုးရလက်ထက် ၁၉၉၀ ပြည့် နှောင်းပိုင်းနှစ်တွေမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့သူပါ။ ဒါ့အပြင် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ အာဆီယံ အတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့ပြီး ကုကလသမဂ္ဂ အတွင်းရေးမှူးချုပ်နေရာအတွက်ယာထားစဉ်းစားတဲ့ထဲမှာလဲ ပါဝင်ခဲ့ဖူးပါတယ်။

XS
SM
MD
LG