သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံတဝှမ်း ပြည်နယ်နဲ့တိုင်း ၉ခုမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီး သေဆုံးသူ (၂)ဦးနဲ့ ရေဘေးသင့်ပြည်သူပေါင်း တစ်သိန်း သုံးသောင်းလေးထောင်ကျော်အထိ ရှိသွားပြီး ရေဘေးသင့် ပြောင်းရွှေ့အိမ်ထောင်စုပေါင်း သုံးသောင်း သုံးထောင်ကျော် သွားပြီဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအထူးသဖြင့် မြစ်ကမ်းပါးဘေးပြောင်းရွှေ့ပြည်သူတွေအတွက် အရေးပေါ် ကယ်ဆယ်ရေးစခန်း တစ်ရာကျော် ဖွင့်လှစ်ပေးထားပြီး သောက်သုံးရေ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အရေးပေါ်နေရာထိုင်ခင်း စီစဉ်ပေးနေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကပြောပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

၂၀၁၇ခုနှစ် မိုးရာသီကာလ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေတွေ စိုးရိမ်ရေမှတ်ကျော်တဲ့အထိမြင့်တက်လာတဲ့အတွက်မြန်မာနိုင်ငံတဝှမ်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ရခိုင်ပြည်နယ် နေပြည်တော်အပါအဝင် ပြည်နယ်တိုင်းဒေသကြီး ၉ခုမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီး ရေဘေးကြောင့် အိုးအိမ်ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုပေါင်းက သုံးသောင်းသုံးထောင်ကျော်သွားပြီဖြစ်ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ရေဘေးကြောင့်သေဆုံးသူ နှစ်ဦးနဲ့ ရေဘေးသင့်ပြည်သူပေါင်းက တစ်သိန်းသုံးသောင်းလေးထောင့်ငါးရာကိုးဆယ့်တစ်ဦးအထိရှိသွားပြီဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဇူလိုင်လ ၁ ရက်နေ့ကနေ ဒီကနေ့ဆိုရင် ရေဘေးသင့်အိမ်ခြေက စုစုပေါင်း ကျနော်တို့ သုံးသောင်းသုံးထောင်လောက် အိမ်ထောင်စုကပေါ့နော်။ နောက်တခါ ဘေးသင့်လူဦးရေက ၁ သိန်း ၃ သောင်း၎ထောင်ကျော်လောက်ဖြစ်သွားပြီ။ ကျနော်တို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တချို့ဆိုရင် ရေကြီးလာနိုင်တဲ့နေရာတွေမှာ ကြိုတင်ပြီးတော့ ပြောင်းရွှေ့တာတွေရှိတယ်။ ဒီအိမ်တွေကိုပေါ့နော် မိသားစုတွေကို ကျနော်တို့ ကြိုတင်ပြီးပြောင်းရွှေ့ဖို့အတွက် ဆောင်ရွက်ပေးတာတွေ ရှိတယ်။ နောက်တခုကတော့ ဒီနှစ်မှာပေါ့ ခါတိုင်းနှစ်တွေနဲ့ မတူပဲ ထူးခြားတာက အမြဲတမ်းကြုံနေရတဲ့နေရာတွေရှိတယ်။ သူတို့တွေက နေကတည်းက ရေတက်လာနိုင်တဲ့နေရာတွေမှာ နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိုက်ပျိုးရေးလုပ်ငန်းတွေက အဲဒီနေရာမှာတွေ။ ရေကြီးလာရင် အဲဒီမိသားစုတွေက ရွေ့လိုက်တယ်၊ ရေပြန်ကျသွားရင် အဲဒီသူ့တို့နေရာပြန်သွားတယ် အဲဒီမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်တယ်ပေါ့။ အဲဒီလိုအိမ်ထောင်စုတွေအများကြီးရှိတဲ့နေရာမှာ ဥပမာ ပခုက္ကူ လိုနေရာမျိုးတွေပေါ့ အဲလိုမျိုးဆိုရင် ကျနော်တို့က ရေကြီးလာရင် သူတို့တွေရွေ့ပြောင်းလို့ရအောင်ဆိုပြီးတော့ ကယ်ဆယ်ရေးစခန်းတွေပိုပြီးဆောက်ထားလိုက်တယ်။ ဆန်ရိက္ခာ တွေ စသဖြင့် အဲဒါတွေကို ကြိုပြီးတော့ စီစဉ်ထားလိုက်တယ်။ ထားလိုက်တဲ့အခါမှာ ရေတက်လာတယ်၊ မိသားစုတွေပြောင်းလာတဲ့အခါမှာ အဆင်သင့်ဖြစ်အောင်လုပ်ပေးတယ်ပေါ့ ဒါကတော့ ပြောင်းရွေ့ဖို့အတွက်ပေါ့။”

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေနဲ့ ရေဘေးသင့်ဒေသတွေ အထူးသဖြင့် မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်တွေနဲ့ ရေဘေးကြောင့် နေထိုင်ဖို့အခက်အခဲဖြစ်နေတဲ့ပြည်သူတွေအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးစခန်းပေါင်း ၁၀၀ကျော် အရေးပေါ်ဖွင့်လှစ်ပေးထားပြီး နေရာချထားရေးနဲ့ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းတွေကို ပံ့ပိုးဆောင်ရွက်ပေးနေတယ်လို့လည်း ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ပြောပြပါတယ်။

“အဲဒီမှာ ကျနော်တို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့က ထောက်ပံ့မှုအနေနဲ့ ဘေးသင့်လို့ သူတို့ယာယီခိုလုံတဲ့နေရာတွေ ကယ်ဆယ်ရေးစခန်းတွေကို ရွေ့ရတဲ့ အိမ်ထောင်စုတွေ ၊ လူဦးရေတွေရှိတယ်လေ။ သူတို့တွေအတွက်ကို ကျနော်တို့က လက်တလောပေါ့နော် စားနပ်ရိက္ခာအတွက် ဆန်ရိက္ခာထောက်ပံ့တာတွေ ရှိတယ်။ နောက်တခါ ကယ်ဆယ်ရေးပစ္စည်းတွေပေါ့ ၊ ကျနော်တို့ ကယ်ဆယ်ရေးပစ္စည်းတွေ ကျနော်တို့ဒီ အ၀တ်အစားတို့ဘာတို့ အကုန်ပါတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ကျနော်တို့ ထောက်ပံ့တာတွေရှိတယ်။ နောက်တခါ ရေဘေးကြောင့်ပေါ့ တချို့အိမ်တွေကတော့ ပျက်သွားတာတွေ ပြိုသွားတာတွေ ရှိတယ်ပေါ့နော် အဲဒါမျိုးတွေအတွက်ဆိုရင် ကျနော်တို့ အိမ်ဆောက်ပစ္စည်းဖိုးတွေ ကျနော်တို့က ဆောက်ဖို့အတွက် ပစ္စည်းဖိုးတွေ ထောက်ပံ့တာတွေ ရှိပါတယ်ခင်ဗျ။”

လတ်တလော ရေဘေးကြောင့် ဒုက္ခရောက်နေရတဲ့ပြည်သူတွေ အဓိက လိုအပ်နေတဲ့ အခက်အခဲတွေကို သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေရေဘေးသင့်ပြည်သူတွေကို လိုက်လံ ကူညီပေးနေတဲ့ မြန်မာ့လူမှုဘဝတိုးတက်မြင့်မားရေးအသင်းက ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်က အခုလိုပြောပြပါတယ်။

“အခုရေက ရုတ်တရက် ၀ုန်းဆိုပြီးတော့ တက်လာပြီးတော့ သူတို့မှာ ပထမဦးဆုံး အခက်အခဲဖြစ်သွားတာက သောက်ရေလှောင်ကန်တွေမှာ ပြင်ပ ရေညစ်တွေ ၀င်သွားပြီးတော့ သောက်သုံးရေအခက်အခဲဖြစ်သွားတယ်။ ဒါကပမထအရေးကြီးဆုံး စလိုတာပေါ့။ ပြီးတော့ စားဝတ်နေရေးအတွက် Urgent ဒီရေကြီးနေတဲ့ ကာလအတွင်းမှာ သူတို့အတွက် ဆန်တို့ ခေါက်ဆွဲခြောက်တို့ ဒါတွေလိုပါတယ်။ နောက်တခုက ကမ်းပါးဘေးရွာတွေပေါ့နော် ၊ အခုတချို့ကမ်းပါးတွေက တော်တော်ကို ပြိုလာတယ် ဥပမာ သိမ်ဆိတ်တို့ပေါ့နော်။ ကမ်းပါးတွေ တော်တော်လေးပြိုတယ်။ ပြိုတော့ ရွာလုံးကျွတ် ရွာတွေရွေ့ပေးရတယ်။ အဲဒီရွာတွေအိမ်တွေအတွက်ကို အုပ်ချုပ်ရေးအဖွဲ့တွေ အစားထိုးနေရာတွေဖန်တီးပေးဖို့နဲ့ ယာယီနေထိုင်ဖို့အတွက် တဲတွေ ၊ သောက်သုံးရေတွေ ဒါတွေ သူတို့ Urgent ကူညီပေးဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ ဒါလောလောဆယ်ဖြစ်နေတဲ့ ပြဿနာပါ။”

အထူးသဖြင့်ကတော့မိုးများပြီး စိုးရိမ်ရေမှတ်အထိ မြစ်ရေမြင့်တက်လာမှုတွေ ကြောင့်မြစ်ကမ်းပါး နေပြည်သူတွေ တွေ့ကြုံနေရတဲ့ ကမ်းပါးပြိုကျမှု၊ မြေပြိုကျမှုအန္တရာယ်ကြောင့် ဒီဒေသခံတွေအတွက် အရေးပေါ်နေရာထိုင်ခင်းစီစဉ်ပေးဖို့လိုအပ်တယ်လို့လည်း ဦးနေမျိုးဇင်ကပြောပါတယ်။

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကိုယ်တိုင်ဦးစီးဆောင်ရွက်နေတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ရေဘေးအန္တရာယ်ကို ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရတွေ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့အတူ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အထူးစီမံချက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပြည်သူအားလုံးပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တိုက်တွန်းနိုးဆော်နေပါတယ်။

XS
SM
MD
LG