မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေး ဥရောပ သမဂ္ဂ (အီးယူ) ဘက်က ရုပ်သိမ်းမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ် လုပ်ငန်းတွေအပေါ် ထိခိုက်နိုင်ပြီး အလုပ်သမားတွေ သိန်းနဲ့ချီ အလုပ်အကိုင် ဆုံးရှုံးနိုင်တဲ့အကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။ ပယ်လယ်နဲ့ ငါးလုပ်ငန်းတွေ အတွက်တော့ ဈေးကွက်သစ် ရှာဖွေရတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ငါးလုပ်ငန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ကိုသိန်းထိုက်ဦး စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးကို ဥရောပ သမဂ္ဂ (အီးယူ) ဘက်က ရုပ်သိမ်းမလား၊ မရုပ်သိမ်းဘူးလား ဆိုတာ ဆန်းသစ်လေ့လာဖို့ EU ရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့တခု စေလွှတ်မယ့်အကြောင်း အီးယူ ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲ က ပြီးခဲ့တဲ့ သောကြာနေ့က ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လက်နက်ကလွဲပြီး ကျန်ကုန်ပစ္စည်းတွေအားလုံးကို အခွန်ကင်းလွှတ်ခွင့်ပေးထားတဲ့ ကုန်သွယ်ခွင့် အခွင့်အရေးအပေါ်မှာ ပြန်လည်ရုပ်သိမ်းမလား၊ မရုပ်သိမ်းဘူးလား ဒီအဖွဲ့ကဆန်းစစ်မှာပါ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တယ်လို့ စွပ်စွဲထားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အခြေခံပြီး အီးယူဘက်က အခုလို အရေးယူဖို့ စဉ်းစားလာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး ကတော့ တကယ်လို့ အီးယူဘက်က အရေးယူတာတွေ လုပ်လာခဲ့မယ်ဆိုရင် အထည်ချုပ်ကဏ္ဍ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးမှာကို စိုးရိမ်တဲ့အကြောင်း ပြောဆိုပါတယ်။
"ဥရောပဈေးကွက်ကိုတော့ Made In Myanmar က ၇၀ ရာခိုင်နှုန်းလောက် သူတို့ဆီကို သွားနေတယ်။ အခုလောလောဆယ်မှာ အထည်ချုပ်ကဏ္ဍမှာ လုပ်သားအင်အားက ငါးသိန်းကျော်လောက်ရှိတယ်။ အဲတော့ အကယ်၍သူတို့ဘက်က အခွန်သက်သာခွင့်ကို ပြန်ရုပ်သိမ်းသွားမယ်ဆိုရင်တော့ အဲဒီဈေးကွက်က လျော့သွားနိုင်တယ်။ ပျောက်သွားနိုင်တယ်၊ အဲလို ဆိုရင် ခုဏက လုပ်သားအင်အား ငါးသိန်းကျော် ရှိတဲ့အထဲက ၇၀ ရာခိုင်နှုန်းနဲ့တွက်ရင် လူသုံးသိန်းကျော်လောက်ကတော့ အလုပ်အကိုင်အခွင့်အလမ်းကို ခြိမ်းခြောက်ခံရနိုင်တာပေါ့။ ပို့တဲ့အခါ ကျနော်တို့က အင်္ကျ ီတန်ဖိုးတွေပဲပြောတာ။ တကယ်တမ်းကျ မြန်မာပြည်က အင်္ကျ ီတန်ဖိုးကို ရတာမဟုတ်ဘူး၊ ချုပ်ခပဲရတာ၊ အဲတော့ စုစုပေါင်း ပြီးခဲ့တဲ့နှစ်က ပို့ခဲ့တာဆိုရင် ဒေါ်လာဘီလျံနဲ့ချီပြီး ဥရောပကို ပို့ခဲ့တယ်ပေါ့နော်။ အဓိက ကျနော်တို့ ပြောချင်တာက ကုန်သွယ်မှု ပမာဏထက် အထည်ချုပ်မှာ အလုပ်ကိုင်အခွင့်အလမ်းဆိုတာက အဓိက ကျပါတယ်။ ဒီဈေးကွက်ပျောက်သွားရင် အလုပ်အကိုင်အခွင့်အလမ်းဘယ်လို ဆုံးရှုံးသွားနိုင်တယ်ဆိုတာကိုပဲ အဓိက ထားပြောကြတာပါ။"
မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးနှင်းဦးကတော့ အီးယူဘက်က အရေးယူပိတ်ဆို့တာတွေ လုပ်လာခဲ့ရင် ငါးလုပ်ငန်းအပေါ် ကြီးမားတဲ့ ထိခိုက်မှုတွေ မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။ ဈေးကွက်အသစ်တွေကို ရှာဖွေရတာမျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။
"လွန်ခဲ့တဲ့ ၂၀၁၅ မတိုင်ခင်ကလည်း EU ရဲ့ Sanction ကို ကျနော်တို့ ကြုံခဲ့ဘူးပါတယ်။ တကယ်လို့ ပိတ်တယ်ဆိုရင်တော့ ဘာတတ်နိုင်မလဲ၊ သူပိတ်တာပေါ့ဗျာ။ ကျနော်တို့ကတော့ မပိတ်စေချင်ဘူးပေါ့ဗျာ။ Trade နဲ့ ပတ်သက်လို့ ကျနော်တို့က လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်။ ကျနော်တို့ဘက်ကလည်း ပို့သလောက် အကျိုးစခံစားခွင့်ကိုလည်း ကျနော်တို့က ရချင်တယ်။ သို့သော် မလွဲသာ မရှောင်သာ ပိတ်မယ်၊ EU ဘက်က ပိတ်ဆို့မယ်ဆိုရင် Alternative Market ပေါ့ဗျာ၊ ရှာရမှာပါ၊ တခြားလာမယ့် တရုတ်တို့၊ တရုတ်ကလည်း နီးပါတယ်။ တရုတ်တို့ ဟောင်ကောင်တို့ စသည်ဖြင့်ပေါ့နော်၊ နောက် အမေရိကား US Market အဲဒီဘက်ကို ကျနော်တို့ လှမ်းရမှာပါ။"
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး ကတော့ တကယ်လို့ အီးယူဘက်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမယ်ဆိုရင် သူတို့ဘက်က ဆွေးနွေးမယ့် အကြောင်းအရာတွေကို အခုလို ပြောပါတယ်။
"ကျနော်တို့က ရခိုင်မြောက် အခြေအနေကို ရောက်လည်း မရောက်ဘူး၊ သိလည်း မသိဘူးပေါ့၊ အဲတော့ ကျနော်တို့က ကိုသိတဲ့ Sector မှာ ကျနော်တို့ ဒီ EU က အဖွဲ့အစည်းတွေနဲ့ အများကြီးပူးပေါင်းပြီး လုပ်နေပါတယ်။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေနဲ့ ILO လို၊ နောက် ဥရောပကော်မရှင်က ငွေကြေးထောက်ပံ့ကူညီထားတဲ့ Smart Myanmar တို့လို၊ ဂျာမနီအစိုးရက ထောက်ပံ့ပေးထားတဲ့ AVE တို့လို၊ နယ်သာလန်အစိုးရက ထောက်ပံ့ထားတဲ့ CDI တို့နဲ့ ကျနော်တို့ ပူးပါင်းပြီး ဆောင်ရွက်နေပါတယ်။ ဒီလို ပူးပေါင်းပြီး ဆောင်ရွက်တဲ့ ရလဒ်အားလုံးကို သူတို့ သိရှိပြီးသားဖြစ်ပါတယ်။ နောက် ဒုတိယ တချက်က ကျနော်တို့ အထည်ချုပ် Sector မှာ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရနေတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ လုပ်နေတယ်ဆိုတာတွေကို သူတို့ သိပြီးသားကိစ္စတွေကို တင်ပြဆွေးနွေးသွားပါ့မယ်။ တွေ့ခွင့်ရခဲ့ရင်။"
အီးယူ ဥရောပ အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ၁၉၉၆ ခုနှစ်တုန်းကလည်း ချမှတ်ခဲ့ဘူးပါတယ်။ လက်နက်တင်ပို့မှု ပိတ်ပင်တာ၊ စစ်တပ် ခေါင်းဆောင်တွေနဲ့ မိသားစုတွေအပေါ် ပြည်ဝင်ခွင့် ပိတ်ပင်တာတွေ ကန့်သတ်ခဲ့သလို၊ ပြည်ပမှာ ပိုင်ဆိုင်မှုတွေ ရှိခဲ့ရင် ထုတ်သွင်းခွင့် မရအောင် ထိန်းထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုအပြီးနဲ့ ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်သက်တမ်း အဲဒီအချိန် စစ်အစိုးရက တိုးပြီးသတ်မှတ်ချိန်မှာလည်း အီးယူဘက်က နောက်ထပ် တင်းကြပ်တဲ့ ကန့်သတ်မှုတွေ ပြဌာန်းခဲ့ဖူးပါတယ်။ ဒီလို အရေးယူဒဏ်ခတ်မှုတွေကို ၂၀၁၂ ခုနှစ်မှာ ဥရောပ သမဂ္ဂက ပြန်ရုပ်သိမ်းခဲ့တာပါ။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်လာပြီးနောက်ပိုင်း ဒီနှစ် ဧပြီလကုန်ကစလို့ လူ့အခွင့်အရေးချိုးဖေါက်တယ်လို့ တာဝန်ရှိသူတွေအပေါ် ပြစ်မှတ်ထား အရေးယူတဲ့ ကန့်သတ်ချက်တွေ စတင်ချမှတ်ခဲ့ပါတယ်။ မြန်မာစစ်တပ်အကြီးအကဲနဲ့ တခြားတပ်မတော် ထိပ်တန်းအရာရှိတချို့ကို ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်တဲ့ ဖိတ်ကြားမှုတွေ ရပ်ဆိုင်းခဲ့သလို စစ်တပ်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အရာရှိ ရ ယောက်ကို အရေးယူလိုက်ကြောင်း ဇွန်လအတွင်းမှာ ကြေညာခဲ့ပါတယ်။ ဒီလို အီးယူဘက်က အရေးယူတယ်လို့ ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ စာရင်းထဲမှာပါတဲ့ စစ်ဗိုလ်ချုပ် ၂ ဦးကို ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်မှာ ကွပ်ကဲကြပ်မတ်မှု အားနည်းတဲ့အတွက် အရေးယူလိုက်တဲ့အကြောင်း မြန်မာ့တပ်မတော်ဘက်က တုံ့ပြန်ကြေညာခဲ့ပါတယ်။