သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိမ်းရှောင်ရိုဟင်ဂျာရွာတွေမှာ စစ်တပ်ဆောက်လုပ်ခြင်း မရှိဟု မြန်မာအစိုးရဆို


မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထား ပြနိုင်ပြီး စိစစ်နိုင်ခဲ့တဲ့ လူ ၃၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံကို ပြန်ပို့ထားပြီး သူတို့ဘက်က အကြောင်းပြန်တာကို စောင့်နေတယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ တချိန်ထဲမှာဘဲ ထွက်ပြေးသွားသူတွေရဲ့ အိမ်နေရာမှာ စစ်တပ်က အဆောက်အဦးတွေ ဆောက်နေတယ်လို့ Amnesty International အဖွဲ့ရဲ့ စွပ်စွဲပြောဆိုမှုဟာ မမှန်ကန်ဘူးလို့ ဝန်ကြီးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက သတင်း ပေးပို့ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာဘက်ကို ပေးလိုက်တဲ့ လူ ၈,၀၀၀ ကျော် စာရင်းထဲကနေ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြောင်း အထောက်အထား ခိုင်လုံတဲ့ လူ ၃၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဖက်ကို ပြန်ပို့ထားပြီး အဲဒီလူတွေကို ပြန်လက်ခံရေး စတင်နိုင်ဖို့ တဖက်နိုင်ငံက အကြောင်း ပြန်ကြားတဲ့အပေါ်မှာ မူတည်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဆိုလိုက်ပါတယ်။

“တကယ်တော့ ဖြည့်ပေးတဲ့ ပုံစံက ဒီဘက်ကပုံစံမဟုတ်လို့ ဒါကို ညှိုနှိုင်း ဆောင်ရွက်စဉ်မှာဘဲ။ စိစစ်လို့ ရသလောက်ကို ပြောတာပါ။ အဲဒီ စိစစ်လို့ ရသလောက်ကို ဟိုဘက်ကို စာရင်းပို့ထားတယ်။ ဒီပို့တဲ့စာရင်းကို တဖက်က ပြန်ပို့ပြီဆို ကျနော်တို့ လက်ခံလို့ရပြီ။ ဒီနေ့မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဘက်က ပို့ပြီပြောတော့ ဘယ်တော့လောက် စာရင်းပြန်ဝင် မလဲ ၊ ဘယ်တော့လောက် စလက်ခံမယ် ဆိုတာ မမှန်းတတ်သေးဘူး ခင်ဗျ။ ဒါပထမအကြိမ် ဖြစ်နေတော့လေ။”

၂၀၁၇ ခုအတွင်း ရခိုင်ပြည်နယ်ရှိ လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရ်ှဖက်ကို ထွက်ပြေး ရောက်ရှိနေတဲ့ သူတွေကို ပြန်လည်လက်ခံနိုင်ဖို့ မြန်မာအစိုးရဘက်က ဘင်္ဂလားဒေရှ့် နိုင်ငံနဲ့ညှိနှိုင်းဆောင်ရွက် နေတာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဘက်ကတော့လူခုနှစ်သိန်းနီးပါး ရောက်နေတယ်လို့ ဆိုပါတယ်။

ဒီလူတွေ ပြန်ဝင်လာမယ်ဆိုရင် လှဖိုးခေါင်ကြားစခန်းမှာ ယာယီနေထိုင်စေပြီး သူတို့ရဲ့ မူလနေရာတွေမှာ ပြန်လည် နေရာချထား ပေးဖို့ မြန်မာအစိုးရက ပြင်ဆင်နေကြောင်း ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

“အခုကျနော်တို့ကလေ အခုစာရင်းမှာ ပါတဲ့သူတွေကို ဘယ်ရွာကလည်း၊ အိမ်တွေရှိသေးလား စိစစ်ကြည့်နေပါတယ်။ အိမ်မရှိရင် ပြန်ဆောက်ဖို့ Village Plan တွေ လုပ်နေတဲ့ထဲမှာ စိစစ်ကြည့်ဖို့ လုပ်မှာပါ။ အဲမှာ အိမ်ဆောက်တာမှာ Cash for work အနေနဲ့ဆောက်တဲ့နေရာမှာ လုပ်အားပေး။ လုပ်ခပြန်ပေးမယ့် အစီစဉ်မှာ ပါဝင် လုပ်ကိုင်နိုင်တယ်။ နေစားခရမယ်ပေါ့။ သူတို့ ကြားစခန်း မှာ တလထက် ပိုမကြာပါဘူး။ သူတို့စိတ်ကြိုက် အိမ်ဆောက်နိုင်ဖို့ စီစဉ်ပေး မယ်ပေါ့။ အဲလူတွေက ကြား စခန်းမှာ မနေချင်ဘူး။ ဆောက်တဲ့နားနေချင်လဲ ဆောက်တဲ့နေရာနား တန့်ထိုး ပေးပြီးနေလို့ရအောင် စီစဉ်ပေးမှာပါ။ ”

မီးရှို့ခံထားရပြီး နေရပ်စွန့်ခွာ ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေရဲ့ အိမ်ယာကွက်တွေအပေါ်မှာ မြန်မာစစ်တပ်က အဆောက်အဦးတွေ တည်ဆောက်နေကြောင်း မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ထားတာနဲ့ ပတ်သက်လို့ အဲဒီစွပ်စွဲမှုဟာ မမှန်ကန်ကြောင်း ဝန်ကြီး ငြင်းဆိုပါတယ်။

“အဲဒါကတော့ မဟုတ်ပါဘူးခင်ဗျ။ ပုံမှန်နေသွားတဲ့ နေရာတွေကို ပြန်လည်ရှင်းလင်းပြီး Village Plan လုပ်တော့ နေသွားတဲ့ နေရာမဟုတ်တောင် အနီးစပ်ဆုံးမှာ နေရာပြန်ရမှာပါ။ အဲမှာကျောင်းတွေ ဆောက်မယ်။ လုံခြုံရေးစခန်း တော့ရှိမှာပေါ့လေ။ ဘာသာရေး အဆောက်အဦးတွေ ပြန်ဆောက်မယ်။ လူနေတာ ဘယ်နှစ်ရာခိုင်နှုန်း၊ စိုက်ပျိုးရေးက ဘယ်လောက်ရာခိုင်နှုန်း၊ စနစ်တကျ လုပ်ဆောင်ပေးတာပါ။ ဒါက ပျောက်သွားတာ မရှိပါဘူး။”

ဒါပေမယ့် မြို့သူကြီး ကျေးရွာနေ အစ္စလမ်ဘာသာဝင် ကိုလှထွန်းကတော့ တချို့ရွာတွေက လစ်လပ်နေတဲ့ အိမ်ခြံမြေ နေရာတွေမှာ စစ်တပ်က အဆောက်အဦး ဆောက်တာကို တွေ့ရကြောင်း ပြောပါတယ်။

“ဒုက္ခသည်တွေကို ယာယီ လက်ခံမယ့် အဆောက်အဦးတွေကိုဘဲ သူတို့ ဆောက်နေတာတွေ့ရတယ်။ ပြန်လာမယ့် ဒုက္ခသည်တွေရဲ့ မူလနေရာမှာ သူတို့က ဘာတခုမှ ဆောက်တာ မတွေ့ရဘူး။ အဲဒီလောက်အထိဘဲ။ တခြားရွာတွေမှာကျတော့၊ ဘယ်လိုပြောမလဲ၊ ကျနော်က မြို့သူကြီးရွာက။ ကျနော်ရွာလဲ မီးရှို့ခံရတဲ့ အထဲမှာ ပါသွားတယ်။ တရွာလုံးကို ဘူဒိုဇာနဲ့ဖျက်လိုက်တယ်။ ဖျက်ပြီးတော့ သူတို့က အခု အဆောက်အဦးတွေ အများကြီး ဆောက်လိုက်တယ်။ အဲမှာတပ်က တပ်ရင်း လာချမယ်ပြောတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ဒုက္ခသည်တွေ ပြန်လက်ခံဖို့ မြန်မာအစိုးရဘက်က အဆင်သင့် ဖြစ်နေကြောင်း ပြောဆိုထားပေမယ့် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်မှုတွေ မပြီးသတ်သေးတဲ့အတွက် အခုချိန်ထိ ပြန်လာသူ မရှိသေးပါဘူး။ ဘင်္ဂလားဒေရှ်ဘက်က စိစစ်ထားတဲ့ လူစာရင်း ၈၀၀၀ကျော်ကို မြန်မာဘက်ကို ပြီးခဲ့တဲ့လအတွင်း ပေးခဲ့ပေမယ့် နှစ်နိုင်ငံ သဘောတူ စာချုပ်ထဲက ပုံစံနဲ့ ကိုက်ညီခြင်း မရှိတာကြောင့် စိစစ်တဲ့နေရာမှာ အခက်အခဲ ရှိခဲ့တယ်လို့ မြန်မာအစိုးရဘက်က ပြောပါတယ်။

မြန်မာဘက်က စိစစ်လို့ မရတဲ့လူတွေ စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ထားပြီး သူတို့ဘက်က အကြောင်းပြန်ကြားမှုကို စောင့်နေကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG