သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး မြန်မာကို နိုင်ငံတကာရာဇ၀တ်ပြစ်မှုခုံရုံး အရေးယူရေး လူ့အခွင့်အရေးအကြီးအကဲ တိုက်တွန်း


လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Zeid al-Hussein

ရခိုင်ပြည်နယ်က တကျော့ပြန် ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က အရေးယူနိုင်အောင် ကုလသမဂ္ဂ အထွေထွေညီလာခံက တာဝန်ပေးဖို့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။

ICC ကို တာဝန်ပေးဖို့ ဆက်လက်တောင်းဆိုရမှာ ဖြစ်သလို၊ ဆိုးရွားတဲ့ ရာဇ၀တ်မှုကြီးတွေကို ကျုးလွန်သူတွေကို စုံစမ်းစစ်ဆေး အရေးယူနိုင်မယ့် သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဆက်လက် တောင်းဆိုရမှာဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Zeid al-Hussein က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။

လူ့အခွင့်အရေးကောင်စီ အနေနဲ့ အထွေထွေ ညီလာခံကို တောင်းဆိုဖို့နဲ့ အထွေထွေ ညီလာခံ အနေနဲ့လည်း ICC ကို တာဝန်ပေးနိုင်အောင် ကြိုးပမ်းလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက စွပ်စွဲထားပါတယ်။

မြန်မာစစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်း ငြင်းဆန်ထားပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျုးလွန်သူ တပ်ဖွဲ့ဝင်တချို့ကို အရေးယူတာတွေလည်း လုပ်ခဲ့တာပါ။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကတော့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုအထိ ဖြစ်နိုင်တဲ့ လက္ခဏာတွေ တွေ့ရကြောင်းလည်း စွပ်စွဲခဲ့ပါတယ်။ မနေ့တုန်းက လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေးမှာပဲ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းက လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်တွေအတွက် ရှင်းလင်းပြတ်သားတဲ့ အထောက်အထားတွေ ထုတ်ဖော် ပြသဖို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG