သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းမှာ ဆီးရီးယားပုံစံ စုံစမ်းစစ်ဆေးဖို့ ကုလပြောကြား


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသကို ၄ ရက်ကြာ သွားရောက်လေ့လာခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Andrew Gilmour ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသကို ၄ ရက်ကြာ သွားရောက်လေ့လာခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Andrew Gilmour ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာတွေ အစာရေစာ ငတ်မွတ်ခေါင်းပါးအောင် အတင်းအဓမ္မ လုပ်ပြီး လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု ပုံစံတမျိုးနဲ့ ဆက်ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတဦးက ပြော လိုက်ပါတယ်။ ဆီးရီးယားအတွက် အထွေထွေညီလာခံက လုပ်ခဲ့ဖူးသလို သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ IIIM ဖွဲ့စည်း လုပ်ဆောင်စေချယ်တယ်လို့လည်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Andrew Gilmour ကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသကို ၄ ရက်ကြာသွားရောက်ပြီး မကြာသေးခင်ကမှ ပြန်ရောက် လာတဲ့ Andrew Gilmour ကို နယူးယောက်၊ ကုလသမဂ္ဂ ဌာနချုပ်မှာ ဗွီအိုအေသတင်းထောက် Margaret Besheer က တွေ့ဆုံ မေးမြန်းချိန်အတွင်း သူက အဲဒီလိုပြောတာပါ။ ကိုကျော်ကျော်သိန်းက ကောက်နုတ်တင်ပြပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူတွေပြည့်ကျပ်နေတဲ့ ဒုက္ခသည်စခန်းကြီးကို သူတွေ့ခဲ့ရပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးဒုက္ခသည်စခန်း ဖြစ်လာနေပြီလို့ မစ္စတာ Andrew Gilmour ကပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက်နေတာတွေကို လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုအဖြစ် နိုင်ငံတကာက သတ်မှတ် ပြောဆိုနေကြပြီး အခု မစ္စတာ Andrew Gilmour ကလည်း အဲဒီအတိုင်းသတ်မှတ်တဲ့အပြင် ပုံစံသစ်တမျိုးနဲ့တောင်မှ ဆက်ဖြစ်နေ တယ်လို့ ပြောပါတယ်။ အဲဒါကို သူက အတင်းအဓမ္မ အစာရေစာငတ်မွတ်ခေါင်းပါးအောင် လုပ်ခြင်းအဖြစ် ခေါ်ဆိုပါတယ်။ ရခိုင် ပြည်နယ်မြောက်ပိုင်းမှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာအများအပြားအနေနဲ့ အစားအစာမရအောင် ဖြတ်တောက်ခံထားရပုံပေါ်တယ် လို့ သူကပြောပါတယ်။

“ဥပမာအားဖြင့် မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေကို အကူအညီပေးဖို့ ကုလသမဂ္ဂ လူသားစာနာမှု အကူအညီပေးအဖွဲ့ တွေကို ခွင့်မပြုပါဘူး။ လယ်သမားတွေဆီကနေ လယ်ယာမြေတွေကို အာဏာပိုင်တွေက သိမ်းယူထားပါတယ်။ တိရိစ္ဆာန်တွေကို ခိုးယူူခံရ ဒါမှမဟုတ် သတ်ဖြတ်ခံရပါတယ်။ ဈေးတွေကို မီးရှို့ခံရပါတယ်။ ဒါ့အပြင် ပိတ်လှောင်ထားသလို ပုံစံမျိုး ရှိနေပါတယ်။ လူ တွေဟာ သူတို့ကျေးရွာတွေ၊ တချို့ဖြစ်ရပ်တွေမှာဆို အိမ်ထဲကနေတောင်မှ အပြင်ထွက်ခွင့်မရတာကြောင့် သူတို့ အစားအစာ အတွက် ဝင်ငွေရဖို့ ဘယ်လိုအလုပ်မျိုးမှ လုပ်ခွင့်မရကြပါဘူး။ ဒါကြောင့်လည်း လူတွေကိုထွက်ပြေးအောင် လုပ်သလိုဖြစ်နေပြီး ကျနော်တို့အခေါ်အားဖြင့် ဒါဟာ ငတ်မွတ်ခေါင်းပါးအောင် အတင်းအဓမ္မလုပ်တာဖြစ်ပြီးတော့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ပါတယ်။”

နိုင်ငံတွင်း ကျန်နေသေးတဲ့ ရိုဟင်ဂျာတွေ အဲဒီလိုအခြေအနေနဲ့ ရင်ဆိုင်နေရသလို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ သူတို့နေအိမ် တွေဆီပြန်နိုင်ဖို့ အခြေအနေမျိုးလည်း လက်ရှိမှာ မရှိသေးဘူးလို့ မစ္စတာ Gilmour ကဆိုပါတယ်။ ဒီအတွက် လုပ်ဖို့လိုတယ်လို့ သူမြင်တာကတော့ -

“ရှင်းတာကတော့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ သူတို့လုပ်နေတဲ့လုပ်ရပ်တွေကို မလုပ်အောင်တားဆီးဖို့ မြန်မာအစိုးရ ကို နိုင်ငံတကာက အခိုင်အမာဆက်ပြီး ဖိအားပေးရပါမယ်။ ဒါ့အပြင် ဒုက္ခသည်တွေ အိမ်ပြန်နိုင်အောင် အပြောနဲ့မဟုတ်ဘဲ တကယ့်ကိုစစ်မှန်တဲ့ အခြေအနေမျိုးတွေ ဖန်တီးပေးရပါမယ်။”

တချိန်ထဲမှာပဲ ဒုက္ခသည်တွေကို လက်ခံကူညီနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အလှူရှင်တွေက ဆက်ပြီး အကူအညီပေးသွားရမယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ထားသူတွေ သူတို့လုပ်ရပ်ကို သူတို့ကိုယ်တိုင် တာဝန်ယူစေဖို့အတွက်ကတော့ လူ့အခွင့် အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ အချက်အလက် ရှာဖွေ စုဆောင်းရေးအဖွဲ့အပြင် ဆီးရီးယားနိုင်ငံနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အထွေထွေညီလာခံက လုပ်ခဲ့သလိုမျိုး မြန်မာနိုင်ငံအတွက်လည်းလုပ်ဖို့ မစ္စတာ Gilmour က လိုလားပါတယ်။

“ကျနော်ပြောတာက ဆီးရီးယားမှာ ဘယ်သူတွေက ဘယ်လို ကျူးလွန်ခဲ့တယ်ဆိုတာကို စုံစမ်းပြီး တသီးပုဂ္ဂလ ကျူးလွန် သူတွေ တကယ်တမ်း တာဝန်ခံမှုရှိလာစေဖို့ အထွေထွေညီလာခံက ဖွဲ့စည်းပေးခဲ့တဲ့ IIIM လို့ခေါ်တဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်လည်း အဲဒီလို အလားတူအဖွဲ့မျိုး ကျနော်တို့ လိုအပ်ပါတယ်။”

အဲဒီလို အရေးယူဆောင်ရွက်တာမျိုးတွေ တနေ့မှာဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရုံးကနေ အဖွဲ့တဖွဲ့ကို Cox’s Bazar ကိုလွှတ်ပြီး နှိပ်စက်ညှဉ်းပန်းမှုရှိခဲ့တာတွေကို မှတ်တမ်းတင်မယ်လို့ မစ္စတာ Gilmour ကပြောပါတယ်။

ဒါ့အပြင် လက်ရှိ ရခိုင်အရေးနဲ့ပတ်သက်ရင် အထိရောက်ဆုံး ဖိအားပေးနိုင်တာက ကုလသမဂ္ဂလုံခြုံရေးကောင်စီပဲ ဖြစ်ပြီးတော့ လုံခြုံရေးကောင်စီကနေ လုပ်ဆောင်ဖို့ သူမျှော်လင့်တာကတော့ -

“လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုကို ရပ်ပစ်ရမယ်၊ ဒုက္ခသည်တွေကို အိမ်ပြန်ခွင့်ပြုရမယ်၊ ကြီးမားတဲ့ရာဇဝတ်မှု ကျူးလွန် ထားသူတွေကို အရေးယူနိုင်မယ့် လုပ်ငန်းတခုကို ချမှတ်ရမယ်ဆိုတာ လုံခြုံရေးကောင်စီက မြန်မာအစိုးရကို ရှင်းလင်း ပြတ်သား စွာ ပြောဆိုတာကို ကျနော်တို့ဖြစ်စေချင်ပါတယ်။”

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာရောက်နေတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကတော့ မြန်မာနိုင်ငံမှာ လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု ဒါမှမဟုတ် လူမျိုးတုံးသတ်ဖြတ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ မကြာခနကြားရကြောင်း အရင် က ပြောခဲ့ဖူးသလိုပဲ ထပ်ပြောရရင် ဒါဟာ အစိုးရမူဝါဒမဟုတ်ဘူးဆိုတာ အာမခံပြောနိုင်ကြောင်း၊ စွပ်စွဲချက်တွေရှိနေပေမဲ့လည်း သိသာရှင်းလင်းတဲ့ အထောက်အထား တွေ့ချင်တဲ့အကြောင်း သတင်းထောက်တွေကို ကြာသပတေးနေ့က ပြောခဲ့ပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG