သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမုန်းစကားမပြန့်ပွားရေး IT ကျွမ်းကျင် နားလည်သူများအဖွဲ့ ဖွဲ့စည်းရေး ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက နိုင်ငံတွင်း လူတော်တော်များများ လူသုံးများလာတဲ့ Facebook လူမှုကွန်ယက်ပေါ်မှာ ကုလားဆိုတဲ့ အသုံးအနှုန်းပါဝင်တဲ့ Post တွေ ဖယ်ရှားခံခဲ့ရသလို အဲဒီ Post တွေတင်ခဲ့တဲ့ Account တချို့ အပိတ်ခံခဲ့ရပါတယ်။ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ယက်တွေပေါ်မှာ အမုန်းစကား ဖြန့်ဝေနေတာတွေကို တားဆီးဖို့ နိုင်ငံတကာအစိုးရတွေရဲ့ ဖိအားတွေရှိနေချိန်မှာ ကမ္ဘာတဝန်း ဘာသာစကား ၇၀ ကျော်နဲ့ သုံးစွဲသူ သန်း ၂ ထောင်နီးပါးရှိနေတဲ့ Facebook က မြန်မာနိုင်ငံမှာ ကုလားဆိုတဲ့ အသုံးအနှုန်းကိုပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာဘာသာမှာ ကုလားပဲ၊ ကုလားထိုင်စတဲ့ ကုလားကိုအခြေခံတဲ့ အသုံးအနှုန်းတွေ အများအပြား ရှိနေတာကြောင့် ကုလား ဆိုတဲ့ စာလုံးပါသမျှ ပိတ်ပင်ခဲ့တဲ့အပေါ် Facebook သုံးသူတော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။မြန်မာနိုင်ငံထဲက လူမှုအသိုင်းအဝိုင်းတွေ၊ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတွေနဲ့ NGO အဖွဲ့တွေရဲ့အကြံပြုချက်တွေအတိုင်း လိုက်နာပြီး ခုလို တားဆီးပိတ်ပင်မှုလုပ်ခဲ့တာလို့ ပြောတယ်ဆိုတာကို Facebookက ပြောကြောင်း Online media ကုမ္ပဏီတခုဖြစ်တဲ့ Mashable ရဲ့သတင်းထဲမှာ ဖော်ပြထားပါတယ်။

ဒီအပေါ်မှာ မြန်မာနိုင်ငံတွင်း အင်တာနက်အွန်လိုင်းစာမျက်နှာ လူမှုကွန်ယက်တွေပေါ်မှာ အမုန်းစကားမပြန့်ပွားရေး ဦးဆောင် လှုပ်ရှားခဲ့သူလည်းဖြစ် လက်ရှိရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ကိုနေဘုန်းလတ်ကို အခုလို ကုလားဆိုတဲ့အသုံးအနှုန်း FB က ပိတ်ပင်ခဲ့တဲ့အပေါ် သူ့အမြင်မေးကြည့်တဲ့အခါ သူက အခုလိုစဖြေပါတယ်။

“ကိုနေဘုန်းလတ်။ ။ စကားလုံးတွေအပေါ်မှာတော့ မြန်မာစကားလုံးက အရမ်းကျယ်ပြန့်တယ်လေ။ ဒီကုလားဆိုတဲ့စကားလုံးကို ဒီစကားလုံးတလုံးထဲမှာကိုပဲ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပြောတာရှိတယ်၊ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ သုံးနေတာရှိတယ်။ ကုလားထိုင် တို့၊ ကုလားဟင်းတို့ အဲလိုဟာတွေလည်းရှိတယ်။ ဆိုတော့ ဒီ Wording စကားလုံးတလုံးအပေါ်မှာအခြေခံပြီးတော့ အကောင့်တွေကို ပိတ်တယ်လို့၊ ban တယ်ဆိုတာကြီးက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး မြန်မာနိုင်ငံမှာကလေ။ စကားလုံးအပေါ်မှာမူတည်ပြီးတော့ ဖျက်တာတွေကို အားမပေးခဲ့ဘူး ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက မထိရောက်ဘူး။ အခုဆိုရင်လည်း ဒီဟာတွေဆိုရင်လည်း ကုလားဆိုပြီးတော့လုပ်တဲ့ဟာတွေက အမှန်အတိုင်းပြောရင် ဘာမှထိရောက်မှုမရှိဘူးလေ။

မဆုမွန်။ ။ အဓိက မြန်မာပြည်မှာဒီလိုမျိုး အမုန်းပွားစေမယ့် စကားလုံးတွေလုပ်တဲ့အပေါ်မှာ Facebook ကနေပြီးတော့ တချို့ဟာတွေ report လုပ်ခိုင်းတာတွေရှိတယ်။ နောက်ပြီး ban ခိုင်းတာတွေရှိတယ်ပေါ့နော်။ ဆိုတော့ Facebook အပေါ်မှာ အခြေခံပြီးတော့မှ ဒီလိုပြဿနာ တချို့ဟာတွေက ပိုပြီးပြန့်တာမြန်သွားတော့ ထိန်းချုပ်ဖို့ လိုတယ်လို့ထင်သလား။ ဘယ်လိုပုံစံမျိုးနဲ့လုပ်မယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်လို့ထင်သလဲ။

ကိုနေဘုန်းလတ်။ ။ဖြစ်စေချင်တာက ဒီလိုမျိုး စကားလုံးတွေနဲ့ လုပ်မယ့်အစား တချို့အရမ်းကို ဆိုးဆိုးဝါးဝါးဖြစ်နေတာမျိုးကို ဖျက်ချ Reporting system ကို ပိုကောင်းအောင်လုပ်စေချင်တယ်။ နောက်ပြီးတော့ လိုအပ်ရင် Myanmar Team ဆိုတဲ့ ပုံစံမျိုးကို ဖွဲ့စေချင်တယ်။ တယောက်တည်း ဆင်ခြင်တုံတရားနဲ့ မဟုတ်ပဲနဲ့။ တကယ့်နည်းပညာကျွမ်းကျင်သူတွေ မြန်မာ့နိုင်ငံရေးကို နားလည်တဲ့သူတွေ ပါဝင်တဲ့ အစုအဖွဲ့မျိုးဖွဲ့ပြီးတော့ အဲဒီအစုအဖွဲ့ကနေပြီးတော့ ဒီအပေါ်မှာ Report တွေအပေါ်မှာ လေ့လာပြီးတော့ ဖြုတ်သင့်မဖြုတ်သင့်ဆိုတာကို သုံးသပ်တာမျိုးပေါ့နော်။ အခုက ကုလားဆိုတဲ့စာကားလုံးမျိုးကို လုပ်တာဆိုရင်လည်းမထိရောက်ဘူး။ နောက်ပြီးတော့ Report လုပ်တဲ့ဟာတွေကလည်း သိပ်မထိရောက်ဘူး။

မဆုမွန်။ ။အရင်တုန်းကရော လူမှုအဖွဲ့အစည်းတွေ MIDO (Myanmar ICT for Development Organization) တို့လိုမျိုး Facebook တာဝန်ရှိတဲ့လူတွေနဲ့ ပူးပေါင်းပြီးတော့ဆွေးနွေးတာမျိုး ဒီအမုန်းပွားစေတဲ့ဟာမျိုးတွေ တားဆီးနိုင်ဖို့အတွက်ကို ဝိုင်းပြီးတော့ ဆောင်ရွက်ကြမယ်ဆိုပြီးဆွေးနွေးတာမျိုးရော ရှိပါသလား အလွတ်သဘောမျိုးပေါ့နော်။

ကိုနေဘုန်းလတ်။ ။ရှိတယ် အဲဒါတွေကတော့ Civil society နဲ့တွေ့ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို Facebook တာဝန်ရှိတဲ့လူတွေလာပြီးတော့ အဲဒီလိုပွဲတွေလုပ်ပြီးတော့ ဆွေးနွေးတာမျိုး ရှိတယ်။ ပန်းစကားနဲ့ ဆိုရင်လည်း အဲဒီလိုချိတ်ပြီးတော့ လုပ်ဖြစ်တာတွေရှိတယ်။ နောက်ပြီးတော့ Community တွေကို စာအုပ်တွေထုတ်တာတွေရှိတယ်။

မဆုမွန်။ ။ကိုနေဘုန်းလတ်အနေနဲ့ပေါ့နော် မြန်မာပြည်မှာ အခုဆိုရင် Social Media ကိုအသုံးပြုသူလည်းများလာတယ်၊ နောက် Social Media ကိုအသုံးပြုပြီးတော့မှ ဒီလိုလူမျိုး ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားဖို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေမယ့်အနေအထားမျိုးနဲ့ Social Media ကိုအသုံးပြုလာတဲ့ အနေအထားလည်း ရှိတော့Facebookအနေနဲ့ ဘယ်လိုမျိုးပုံစံမျိုးနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တာဝန်ရှိတဲ့သူတွေနဲ့ရော ပူးပေါင်းပြီးတော့ ဆောင်ရွက်သင့်တယ်လို့ အကြံပြုချင်တာရှိပါသလဲရှင့်။

ကိုနေဘုန်းလတ်။ ။ Facebook အနေအထားကတော့ Community way လူထုနည်းနဲ့ ဖြစ်တာမျိုးတော့ လူထုလှုပ်ရှားမှုတွေလည်း Facebookက ဒီထက်ပိုပြီးတော့ လုပ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တခါတုန်းက ပန်းစကားနဲ့ Facebook sticker လေးတွေလုပ်တဲ့ဟာမျိုးအပြင်ကို အခြားလူထုကို အသိပညာပေး တဲ့လှုပ်ရှားမှုကိုလည်း လုပ်သင့်တယ်ပေါ့နော် ဒါကတော့ တပိုင်းပေါ့နော်။ Campaign တွေလုပ်တော့ အဲဒီလုပ်တဲ့အထဲမှာ Facebook အနေနဲ့ ဒီထက်ပိုပြီးပါဝင်သင့်တယ်ပေါ့နော်။ နောက်တခုကတော့ Facebook မှာရှိပြီးသား Community standard တွေရှိပြီးသား ၊ နောက်ပြီးတော့ Report လုပ်လို့ရတဲ့ဟာမျိုးတွေရှိပြီးသား အဲဒါတွေကို Effective ဖြစ်အောင်ဘယ်လိုစဉ်းစားမလဲပေါ့နော်။ Community standard တွေကို လူတွေများများသိအောင် နောက်တခါ Reporting System ကို ဒီထက်ပိုပြီးချောမွေ့အောင်ပေါ့နော်။ အဲဒီဟာကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လုပ်သင့်တယ်။ နောက်ပြီးတော့ နောက်တခုလုပ်လို့ရတာက မြန်မာ Team ဆိုတာမျိုးဖွဲ့တာအပြင်ကို တကယ့် ယုံကြည်စိတ်ချရမယ့်သူတွေကို appoint သဘောမျိုးသတ်မှတ်ထားပြီးတော့ လှမ်းပြီးတော့ ပို့တဲ့ဟာမျိုးဆိုရင် အဲဒီ Report ကိုသေချာစစ်တာမျိုးပေါ့နော် အဲဒါမျိုးလုပ်နိုင်ရင်လည်းမဆိုးဘူး။

မဆုမွန်။ ။ဟုတ်ကဲ့ ကိုနေဘုန်းလတ် ဖြေပေးတာကျေးဇူးအများကြီးတင်ပါတယ်။

ကိုနေဘုန်းလတ်။ ။ဟုတ်ကဲ့ပါခင်ဗျ။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ကိုနေဘုန်းလတ်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG