သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး အတားအဆီးများရှိဆဲ


နှစ် ၇၀ ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား မန္တလေးမြို့ (HRDayMyanmar)
နှစ် ၇၀ ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား မန္တလေးမြို့ (HRDayMyanmar)

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေဟာ တစုံတရာ အတိုင်းအတာထိ တိုးတက်မှုတွေရှိပေမဲ့လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လူ့အခွင့်အရေးလှုပ်ရှားမှုတွေအပေါ်မှာ ပိတ်ပင်ကန့်သတ်မှုတွေကတော့ ဆိုးဆိုးရွားရွားရှိနေတုန်းပဲလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။ မနက်ဖြန် တနင်္လာနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်သလို၊ လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် ၇၀ ပြည့်နေ့လည်း ဖြစ်တဲ့အတွက် မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ နေပြည်တော်အပါအဝင် ပြည်နယ်၊ တိုင်း(၁၃)ခုမှာ နှစ်(၇၀)ပြည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့ ကျင်းပကြမှာဖြစ်ပါတယ်။ ဒီကနေ့စတင်ကျင်းပတဲ့ မန္တလေးက နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနားကို ကိုယ်တိုင်တက်ရောက်နေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ Equality Myanmar ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်းကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းရာမှာတော့ လူ့အခွင့်အရေးနေ့အခမ်းအနားကျင်းပရခြင်း အဓိကရည်ရွယ်ချက်ကို အခုလိုစရှင်းပြပါတယ်။

ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်း။ ။ ရည်ရွယ်ချက်ကတော့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုနိုင်ခဲ့တာ နှစ်ပေါင်း ၇၀ ရှိပြီ မြန်မာနိုင်ငံမှာ ဒါကိုကျင်းပပြီးတော့ လူ့အခွင့်အရေးအနှစ်သာရတွေကို ဒီထက်ပိုမိုရရှိဖို့၊ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်နေသော အရာတွေကို တင်ပြပြီးတော့ အစိုးရအနေနဲ့လည်း အသံတွေကို ဖော်ထုတ်နိုင်ဖို့အတွက် လုပ်ဆောင်တာဖြစ်ပါတယ်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ကြေညာစာတမ်း နှစ်ပေါင်း ၂၀ ဖြစ်တာမျိုးလည်း ကျနော်တို့ရှိတယ်။ အခုလက်ရှိမှာတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ အခက်အခဲတွေအများကြီးကြုံတွေ့နေရတုန်းပဲ ။ မကြာမီကမှ ငြိမ်းချမ်းရေးအတွက်တောင်းဆိုတဲ့ ကချင်ပြည်နယ်က တက်ကြွလှုပ်ရှားသူ ၃ ယောက်ကို ထောင်ဒဏ်ချလိုက်တာတွေရှိနေတယ်။ ဘယ်လိုမျိုးအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်သင့်တယ်ဆိုတဲ့ ဆွေးနွေးမှုတွေလည်း ပြည်သူတွေသိဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ အခုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ နိုင်ငံတကာလူ့အခွင့်အရေးနေ့နှစ်(၇၀))ပြည့် ထူးထူးခြားခြားနေ့ကြုံရပြီး ကျင်းပနိုင်တဲ့အနေအထားမှာပေါ့နော် ဒီအရပ်သားအစိုးရလက်ထက် လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူတယောက်အနေနဲ့ ဘယ်လိုများသုံးသပ်မိပါသလဲရှင့်။

ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်း။ ။တိုးတက်မှုတွေ တချို့တစုံတရာရှိပေမယ့် ဆုတ်ယုတ်မှုတွေ ရှိတယ်လို့လည်းပြောလို့ရတယ်။ တိုးတက်မှုတွေ တချို့တစုံတရာရှိတာကတော့ ဒီလိုမျိုး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရကြားထဲမှာတွေ့ဆုံမှုတွေ တချို့သောဥပဒေတွေကို ပြုပြင်ပြောင်းလဲအောင်လုပ်ဆောင်တာတွေရှိတယ်၊ ငြိမ်းချမ်းရေးရရှိအောင် သွားလာနေတဲ့သဘောမျိုးရှိတယ်။ ဒါပေမယ့် ဆုတ်ယုတ်မှုတွေကိုပြောမယ်ဆိုရင် အဓိက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုအပေါ်မှာ စိုးရိမ်ကြောင့်ကြမှု ကြီးမားမှုကြောင့် ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကန့်သတ်မှုရှိလာတဲ့အရာမျိုးတွေ အထူးသဖြင့်လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှုတွေအပေါ်မှာ ကန့်သတ်မှုတွေ၊ စုဝေးမှု ဟောပြောမှု ကန့်သတ်မှုတွေလုပ်ဆောင်တာတွေရှိတယ်။ လက်ရှိဖြစ်နေတဲ့ ဆက်သွယ်ရေးဥပဒေ (သို့မဟုတ်) နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေတွေကို လိုရင်လိုသလို အသုံးချတဲ့အရာတွေက ကျနော်တို့ဆက်ရှိနေတဲ့အရာတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ အရင်တုန်းက နိုင်ငံရေးအကျင်းသားတွေ ပြန်လည်လွှတ်ခဲ့ပေမယ့် နိုင်ငံရေးအကျင်းသားလို့ခေါ်ဆိုနိုင်သော လူတွေထပ်ပြီးတော့ အရေအတွက်တွေ တိုးတက်လာတာကိုကြည့်မယ်ဆိုရင် တချို့သောနေရာတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဆက်လက်ရှိနေတုန်းပဲ။ ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ တရားဥပဒေဖော်ဆောင်မှုအပိုင်းမှာလည်း အားနည်းနေတဲ့အရာတွေဆက်ရှိနေတုန်းပါပဲ။

မဆုမွန်။ ။ ဟုတ်ကဲ့ ဒီဇင်ဘာလ ၁၀ရက်နေ့ ရက်စွဲနဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကနေပြီးတော့ ကြေညာချက်ပေါ့နော် မြန်မာ-အင်္ဂလိပ်စာ နှစ်စောင်ထုတ်ပါတယ်။ အဲ့ဒီ့မှာ အဓိက ပြောထားတာကတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို ကော်မရှင်အနေနဲ့ စွမ်းစွမ်းတမံဆောင်ရွက်သွားမယ်ဆိုပြီး ပြောထားပါတယ်။ ဆိုတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်လုပ်ကိုင်မှုတွေနဲ့ပတ်သက်လို့ရော လူ့အခွင့်အရေးလှုပ်ရှားသူတယောက်အနေနဲ့ ဘယ်လိုများ မြင်မိပါသလဲရှင့်။ ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ပေးနိုင်တယ်လို့ ထင်ပါသလား။

ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်း။ ။ကော်မရှင်က သူ့ဥပဒေပါအတိုင်း လုပ်ဆောင်ဖို့အတွက် သန္နိဋ္ဌာန် ချတာ ကျနော်တို့ ကြိုဆိုပါတယ်။ လုပ်လည်းလုပ်သင့်တယ် ဒါပေမယ့် ဥပဒေထဲမှာလည်း တချို့သော အားနည်းချက်တွေဖြစ်နေတယ်။ အထူးသဖြင့် ဒီကော်မရှင်ကို ရွေးချယ်တဲ့အပိုင်းမှာ ပိုမိုလွတ်လပ်ပွင့်လင်းတဲ့သူတွေဖြစ်ဖို့အတွက် နောက်တခါ နိုင်ငံသူနိုင်ငံသားတွေရဲ့ တင်ပြအကြံပေးချက်တွေကို လုပ်ဆောင်ပေးဖို့အတွက် ဒါတွေလိုအပ်နေတာတွေရှိနေတယ်။ အဲဒီတော့ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာရှိနေတဲ့ တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဒီထက်ပိုပြီးတော့ ထိထိရောကရောက်လုပ်ဆောင်နိုင်ဖို့အကြောင်းအရာတွေလိုအပ်တယ် တကယ့်ကို ကိုယ်စွမ်း ဉာဏ်စွမ်း အသုံးချပြီး ပိုမိုပညာပေးဖို့လည်း လိုအပ်နေသေးပါတယ်ခင်ဗျ။

မဆုမွန်။ ။ ဒီကနေ့က စတင်ကျင်းပတဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနားတွေမှာ အစိုးရတာဝန်ရှိသူတွေဘက်ကရော ပူးပေါင်းပါဝင်မှုတွေရှိပါသလား။ အစိုးရဘက်က ပါဝင်မှု အနေအထား ဘယ်လိုရှိပါသလဲရှင့်။

ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်း။ ။ ဒီပွဲလုပ်ဖို့အတွက် ကျနော်တို့ တင်တဲ့အခါမှာ ပူးပေါင်းပါဝင်မှုတွေတော်တော်များများရှိပါတယ်။ ဒါပေမယ့် နယ်မြေဒေသပေါ်မှာ အများကြီးမူတည်ပါတယ်။ ကောင်းတဲ့နယ်မြေဒေသရှိသလို ဆိုးတဲ့နယ်မြေဒေသ ရှိနေတုန်းပဲ အဲဒီတော့ လူ့အခွင့်အရေးဆိုတာ နေရာကွက်ကျား ဝန်ကြီးကောင်းလို့ ခွင့်ပြုတယ် ၊ အဆင်ပြေတယ်ဆိုတဲ့ အရာမျိုးမဟုတ်ပဲနဲ့ လူ့အခွင့်အရေးဆိုတာ နိုင်ငံတိုင်း ဒေသတိုင်းရဲ့ အသီးသီးမှာ လူတိုင်းအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ စုဝေးထုတ်ဖော်ပြောဆိုခွင့်တွေကို ကျင့်သုံးနိုင်သောအရာမျိုးဖြစ်မှ လူ့အခွင့်အရေးကို ကျနော်တို့က အပြည့်အဝခံစားတာနိုင်ဖြစ်တဲ့အတွက် နေရာဒေသနဲ့ မဖြစ်စေချင်ပါဘူး။ တနိုင်ငံလုံးနဲ့ ပတ်သက်သော ခွင့်ပြုချက်တွေရရှိရင်တော့ ကျနော်တို့ ပိုမိုပြီးတော့ အဆင်ပြေပါလိမ့်မယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ မနက်ဖြန် ကျရောက်မယ့် နှစ်(၇၀)ပြည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနားအတွက်ရော ဦးအောင်မျိုးမင်းတို့ ဘာတွေများအစီအစဉ်တွေရှိပါသလဲရှင့်။

ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်း။ ။မနက်ဖြန် တော့စီစဉ်ထားတဲ့အတိုင်းနေပြည်တော်အပါအဝင် ၁၃ နေရာပေ့ါနော် ချင်းနဲ့ ကယားမှာတော့ မလုပ်ဖြစ်ဘူး။ မနက်ဖြန်မှာ လူ့အခွင့်အရေးကော်မရှင်ကလည်း သူတို့ အခမ်းအနားတချို့ကျင်းပတာရှိမယ်။ နောက်တခါ ကျနော်တို့ ကျန်တဲ့ ပြည်နယ်တိုင်းတွေမှာ ဥပမာ- ကသာ၊ ရခိုင် ၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း တွေမှာ ကျနော်တို့ရဲ့ လူ့အခွင့်အရေး ပညာပေးသူများ ကွန်ယက်ကနေပြီးတော့ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ် ခင်ဗျ။"

ဒါကတော့ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ Equality Myanmar ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်းကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG