သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးအတွက် အိန္ဒိယ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်


ဒေါ်စုနှင့် အိန္ဒိယဝန်ကြီးချုပ် တို့ရဲ့သတင်းစာရှင်းလင်းပွဲ
ဒေါ်စုနှင့် အိန္ဒိယဝန်ကြီးချုပ် တို့ရဲ့သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံမှာသာမက ဒေသတွင်းမှာပါ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရအောင် လုပ်ဖို့ကိစ္စဟာ မြန်မာနိုင်ငံရဲ့ရည်မှန်းချက်ဖြစ် တယ်လို့ အိန္ဒိယနိုင်ငံ မှာရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရာမှာလည်း အိန္ဒိယနိုင်ငံအနေနဲ့ ကူညီသွားဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနဲ့ အိန္ဒိယ နယ်စပ်တလျှောက် လုံခြုံရေးအတွက် လည်း နှစ်နိုင်ငံအတူပူးတွဲ လုပ်ဆောင်သွားမယ်လို့ နှစ်ဖက်ခေါင်းဆောင်တွေကပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ရှားဖောင်က စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား နှစ်ဦးနှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေ တိုးမြင့်လုပ်ဆောင်နေတာနဲ့အမျှ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် လုပ်ငန်းတွေဖော်ဆောင်ရာမှာ အိန္ဒိယနိုင်ငံအနေနဲ့ ကူညီလုပ်ဆောင်ပေးဖို့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။

“ဆယ်စုနှစ်တွေနဲ့ချီပြီး ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုကင်းမဲ့တာတွေကို ခံစာခဲ့ရတော့ ကျမတို့နိုင်ငံမှာရော အခြားဒေသတွေမှာပါ ငြိမ်းချမ်းမှုနဲ့တည်ငြိမ်ရေးဖြစ်စေဖို့ ကျမတို့ ရည်မှန်းပါတယ်။ ကမ္ဘာက ဘယ်နေရာမှာမှ ဒီလို မတည်မငြိမ်ဖြစ်တာမျိုး မဖြစ်စေချင်ပါဘူး။ ကျမတို့ လိုအပ်ချက်တွေကို အိန္ဒိယက နားလည်မှု အရှိဆုံးဖြစ်ပါတယ်။ ဒီနာလည်းမှုဟာ အချိန်နဲ့အညီ ပိုပြီးတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့လိုအပ်ချက်လည်ဖြစ် ကမ္ဘာကြီးတခုလုံးရဲ့ လိုအပ်ချက်တွေအတွက် တဖက်နဲ့တဖက်ပိုပြီး မှီခိုအားထား နီးနီးကပ်ကပ်ဆက်ဆံသွားဖို့ ရှိလို့ပါဆိုပြီး ဒေါ်အောင်ဆန်းစုကြည် က ပြောသွားတာပါ။”

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Narendra Modi နဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီး နယူးဒေလီမြို့မှာပြုလုပ်တဲ့ ခေါင်းဆောင်နှစ်ဦး ပူးတွဲသတင်း စာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အဲဒီလိုပြောသွား ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွှေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနိုင်ရခဲ့ပြီး အစိုးရတာဝန်စတင်တမ်းဆောင်လာတဲ့ အချိန်ကတည်းကဆိုရင် အခု အိန္ဒိယနိုင်ငံ ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး တရားဝင် သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ အခုခရီးစဉ်အတွင်း တနင်္ဂနွေနေ့တုန်းက အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ပြုလုပ်တဲ့ BRICS နဲ့ BIMSTEC ပူးတွဲအစည်းအဝေးကို တက်ရောက်ဖို့ သွားတဲ့ခရီးစဉ်တခုလည်း ဖြစ်ပါတယ်။ BIMSTEC အဖွဲ့ဟာ နည်းပညာနဲ့ စီးပွားရေးဆိုင်ရာ ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံတွေအဖြစ် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါလ်၊ သီရိလင်္ကာ၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ပါဝင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးချုပ် Narendra Modi တို့ တွေ့ဆုံပွဲအတွင်းမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်ဖို့ ဆွေးနွေး ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ မိတ်ဆွေအဆင့် ဆက်ဆံရေးလောက်သာ လိုချင်တာမဟုတ်ကြောင်း၊ ဒေသတွင်းနဲ့ တခြားနေရာတွေအားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုပါ အတူပူးပေါင်းလုပ်ဆောင်ချင်တာဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့တာပါ။ အခုအချိန်မှာတော့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ပြီလို့ ပြောရတော့မယ့် အချိန်ရောက်လာတော့မယ်လို့ မျှော်လင့်ရပါတယ်။ အခုဆိုရင်ပဲ ရလဒ်ကောင်းတွေ ရနေပါပြီ။ ကမ္ဘာတည်သရွေ့ ပြည်ထောင်စုစနစ်တရပ် တည်တံခိုင်မြဲနိုင်မယ့် လမ်းကြောင်းကို ခိုင်ခိုင်မာမာ ချမှတ်နေပါပြီ။ ဒီလို ပြည်ထောင်စု စနစ်တည်ဆောက်တဲ့နေရာမှာ အိန္ဒိိယနိုင်ငံရဲ့ အတွေ့အကြုံ ကနေ လေ့လာယူနိုင် ဖို့လည်း မျှော်လင့်ထားပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

အခုခရီးစဉ်အတွင်း မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်း၊ စွမ်းအင်နဲ့ အာမခံလုပ်ငန်းတွေ စတဲ့ ကဏ္ဍသုံးခုမှာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ - MOU လက်မှတ်ရေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံး စီးပွားရေးကုန်သွယ်ဖက်နိုင်ငံတနိုင်လည်းဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံက သစ်တင်ပို့မှုကို အိန္ဒိယနိုင်ငံကပိတ်ပင်ခဲ့တာကြောင့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မိုင် ၁၀၀၀ နီးပါးရှည်လျားတဲ့ အိန္ဒိယနဲ့ မြန်မာနယ်စပ် တစ်လျှောက် လုံခြုံရေးကိစ္စတွေကိုလည်း အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး မြန်မာနိုင်ငံကို ကူညီသွားမယ်လို့ အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် Narendra Modi ကလည်း ပြောပါတယ်။

“နီးကပ်တဲ့ မိတ်ဆွေ အိမ်နီးချင်းနိုင်ငံတွေနဲ့အနေနဲ့ မြန်မာနဲ့ အိန္ဒိယတို့ရဲ့ လုံခြုံရေးအကျိုးစီးပွားဟာ အတော်လေး ဆက်စပ်ပါတယ်။ နယ်စပ်တလျှောက် လုံခြုံရေးကိစ္စတွေနဲ့ တဖက်နဲ့တဖက် မဟာဗျူဟာဆိုင်ရာအကျိုးစီးပွားမှာ အထိမခံတဲ့အကြောင်းအရာတွေမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူညီချက်ရခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားလည်းဖြစ်ပါ တယ်။”

အိန္ဒိယနိုင်ငံ အရှေ့မြောက်ခြမ်းဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် အိန္ဒိယ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ ဒါဇင်နဲ့ချီတဲ့ လက်နက်ကိုင်သူပုန်အဖွဲ့တွေ ရှိတဲ့နေရာတခုဖြစ်ပြီး၊ သူတို့တွေဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာ အခြေစိုက်နေကြတာဖြစ်ပါတယ်။ အိန္ဒိယနဲ့ နယ်စပ်ချင်း ထိစပ်နေကြတဲ့ မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နဲ့ ဘူတန် စတဲ့ နယ်စပ်တွေမှာ ဆယ်စုနှစ်တွေနဲ့ချီ စစ်တပ်တွေ ချထားခဲ့တာတွေရှိပေမယ့်လည်း နယ်စပ်တလျှောက် စီးနင်းတိုက်ခိုက်မှုတွေ ဘယ်လောက်ဖြစ်ပွားခဲ့သလဲဆိုတာကတော့ မသိရှိရပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်း ကတော့ မြန်မာနိုင်ငံ နယ်စပ်အနီးက ခွဲထွက် လက်နက်ကိုင် သူပုန်အဖွဲ့တွေ ကို အိန္ဒိယစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက် မှုတွေပြုလုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG