သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနှင့် တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတ Pranab Mukherjee တို့ တွေ့ဆုံနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတ Pranab Mukherjee တို့ တွေ့ဆုံနေစဉ်။

အိန္ဒိယနိုင်ငံကို နိုင်ငံတော်ဧည့်သည်အဖြစ် ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့က အိန္ဒိယသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံ ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံက သတင်း ဌာနတွေနဲ့ တွေ့ဆုံပြီးတော့လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဖြေကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အောက်တိုဘာလ ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံ Goa ပြည်နယ်မှာကျင်းပတဲ့ BRICS နဲ့ BIMSTEC ထိပ်သီး ညီလာခံတွေကို တက်ပြီး နယူးဒေလီမြို့ကို အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ရောက်ရှိလာတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နယူးဒေလီမြို့မှာရှိတဲ့ Rashtrapati Bhavan သမ္မတအိမ်တော်ဝင်းအတွင်းမှာ ဝန်ကြီးချုပ် Narendra Modi က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတအိမ်တော်ကနေ အိန္ဒိယနိုင်ငံရဲ့ လွှတ်လပ်ရေး ဖခင်ကြီး မဟတ္တမဂန္ဓီရဲ့ ဗိမ္မာန်ကိုသွားရောက်ပြီး ပန်းခွေချ ဂါရဝပြုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကိစ္စရပ်တွေကို ိ ဆွေးခဲ့ပါတယ်။

နေ့လည်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယသမ္မတ Pranab Mukherjee နဲ့ သမ္မတအိမ်တော်မှာတွေ့ဆုံပြီး သမ္မတနဲ့အတူ နေ့လည်စာ အတူ စားသုံးခဲ့ပါတယ်။

တချိန်ထဲမှာပဲ နှစ်နိုင်ငံအကြားက ကုန်သွယ်ရေးလုပ်ငန်းတွေ တိုးတက်ကောင်းမွန်ရေး အတွက် ရည်ရွယ်ပြီး အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တယ်လို့ အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယသမ္မတနဲ့ မတွေ့ဆုံခင် မနက်ပိုင်းမှာ အိန္ဒိယနဲ့ အမေရိကန် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပါတယ်။

အိန္ဒိယနိုင်ငံအခြေစိုက် Times Now ရုပ်သံ သတင်းဌာနက အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို မေးတာမှာ - အကြမ်းမဖက်တဲ့နည်းကို လက်ခံယုံကြည်ထားတဲ့ NLD ပါတီအနေနဲ့ အကြမ်းဖက်လုပ်ငန်းတွေကို လက်မခံကြောင်း အခုလို ဖြေကြားခဲ့ပါတယ်။

“အကြမ်းဖက်မှု လုပ်ငန်းမှန်သမျှဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အကြမ်းဖက်တဲ့နည်းကို အသုံးပြုပြီး ကမ္ဘာကြီးကို ပြောင်းလဲလို့ မရနိုင်ပါဘူး။ အပြုသဘောဆောင်တဲ့ အင်အားစုတွေ အားကောင်းလာအောင် လုပ်ဆောင်ပေးတဲ့ နည်းနဲ့သာ ကမ္ဘကြီးကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ အကြမ်းဖက်မှု လုပ်ငန်းဟာ လုံး၀ ဆန့်ကျင်ဘက် လုပ်ရပ် ဖြစ်ပါတယ်။ ကျမတို့ရဲ့ ရည်မှန်းချက်တွေ ရရှိအောင် အကြမ်းမဖက်တဲ့နည်းကို အသုံးပြုရမယ်လို့ ယုံကြည်ထားတဲ့ ပါတီကလာတဲ့သူ တဦးဖြစ်တဲ့အတွက် အကြမ်းဖက် လုပ်ငန်းကို လက်ခံလို့ မရနိုင်သလို၊ ရှင်သန်ကြီးထွားခွင့်ဖို့လည်း ခွင့်မပြုနိုင်ပါဘူူး။”

အကြမ်းဖက်မှုတွေကို အားပေးအားမြောက်ပြုပြီး အစိုးရရဲ့ ပေါ်လစီတခုလို ကျင့်သုံးနေတဲ့ ပါကစ္စတန်လိုနိုင်ငံမျိုးကို မြန်မာနဲ့ အိန္ဒိယလို အိမ်နီးနားချင်း တိုင်းပြည်တွေအပြင် နိုင်ငံတကာ အသိုင်းဝိုင်းက အထီးကျန်သွားအောင် ဘယ်လို လုပ်ဆောင်နိုင်မလဲလို့ မေးတာမှာတော့ -

“အကြမ်းဖက်မှုကြောင့်ဆိုပြီး နိုင်ငံတခုကို အထီးကျန်သွားအောင် လုပ်ဖို့ မလိုပါဘူး။ ဒါပေမယ့် အကြမ်းဖက်လုပ်ငန်းအပေါ် ယုံကြည်မှု၊ အဲဒီယုံကြည်မှုကနေ သူတို့ သွားလိုတဲ့ ဦးတည်ချက်ကို သွားကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ယုံကြည်မှုကို ကျမတို့အနေနဲ့ အထီးကျန်ဖြစ်သွားအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ ရှိတဲ့ လူသားအားလုံးဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို လိုချင်ကြတယ်လို့ ကျမ ယုံကြည်ပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုကိုသုံးပြီး သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်အောင် လုပ်နိုင်မယ်လို့ ဘာကြောင့် သူတို့ ယူဆကြသလဲ။ အဲဒီ ယူဆချက်ကို ကျမတို့က ဝိုင်းဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ဟာ RSO လို့ခေါ်တဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ဆက်နွယ်တဲ့ မောင်တောဒေသမှာ လှုပ်ရှားတဲ့ Aqa Mul Mujahidin အဖွဲ့ရဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ စစ်ဆေးဖော်ထုတ် ရရှိတဲ့အကြောင်း မြန်မာ သမ္မတရုံးက အောက်တိုဘာလ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အဲဒီအဖွဲ့ရဲ့ခေါင်းဆောင်ဟာ ပါကစ္စတန်နိုင်ငံမှာ အကြမ်းဖက်သင်တန်း ၆ လ တက်ဖူးသူဖြစ်ပြီး တခြား မွတ်ဆလင်နိုင်ငံတွေကလည်း ငွေကြေး အထောက်အပံ့တွေ ရရှိနေတယ်ဆိုတဲ့ သတင်းတွေ ရထားပေမယ့် အဲဒါကို တရားသေ ယုံကြည်လို့ မရနိုင်သေးကြောင်း Hindustan Times သတင်းစာနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြား ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ အကြမ်းဖက်သမားတွေကို ထောက်ခံအားပေးနေတယ်၊ သို့တည်းမဟုတ် အကြမ်းဖက်သမားတွေကို အရေးယူမှုတွေ လုပ်ဆောင်မယ့် အစီအစဉ်တွေ နှောင့်နှေး ကြန့်ကြာအောင် လုပ်ဆောင်နေတာတွေ ရှိနေတဲ့ အတွက် နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ဘယ်လို လက်တွဲ ဆောင်ရွက်နိုင်မလဲလို့ Times Now ရုပ်သံ သတင်းဌာနက မေးတဲ့ အခါမှာတော့ -

“ကျမ အစောပိုင်းက ပြောခဲ့သလိုပါပဲ ကျမတို့အနေနဲ့ မျှေ၀ လုပ်ဆောင်ကြဖို့ စဉ်းစားကြစေချင်ပါတယ်။ တဦးကို တဦး ကြောက်ရွံ့၊ စိုးရိမ်နေကြမယ့်အစား အထူးအခွင့်အရေး အသစ်တွေ၊ လုပ်နိုင်စွမ်း အသစ်တွေကို မျှဝေကြရင်ရော? ဒါဟာ အလွယ်တကူ ရနိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတဦးချင်းစီက ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ခုခံ ကာကွယ်လိုကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါဟာ လူမှုအသိုင်းဝိုင်းတွေ၊ တိုင်းပြည်တွေအထိ ကျယ်ပြန့်တဲ့ကိစ္စရပ် ဖြစ်ပါတယ်။ ကျမအနေနဲ့ လူသားတွေရဲ့ အခြေခံ ယုံကြည်ချက် ရှိတာကို လက်ခံပါတယ်။ အဲဒါက ဘာလဲဆိုတော့ အကောင်းနဲ့ အဆိုးဆိုပြီး ၂ ခု ဒွန်တွဲနေတာပါ။ ဒါပေမယ့် အဆုံးသတ်မှာတော့ အကောင်းဘက်က အနိုင်ရသွားပါလိမ့်မယ်။ အဲဒီလိုသာ မဟုတ်ဘူးဆိုရင် ကျမတို့တွေအားလုံးဟာ ဂူတွေထဲမှာပဲ ရှိနေကြဦးမှာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းမှာ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာသံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေက တည်ခင်း ဧည့်ခံတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG