သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အိန္ဒိယ မုတ်သုံမိုးဒဏ်ကြောင့် သေဆုံးသူ ဦးရေတိုး


မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မြေပြိုကျမှု ရှာဖွေ ကယ်ဆယ်ရေး။ ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန။
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မြေပြိုကျမှု ရှာဖွေ ကယ်ဆယ်ရေး။ ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန။

မြန်မာနိုင်ငံမှာ မြစ်ရေကြီး ရေလျှံမှုတွေကြောင့် သေဆုံးသူ ၆၇ ဦးရှိသွားပြီး မွန်ပြည်နယ်အတွင်း သေဆုံးသူတွေအနက် ကျောင်းသား ၁၆ ဦး ပါဝင်ခဲ့တယ်လို့ ပညာရေးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ရေဘေးအကူအညီတွေ ဆောင်ရွက်ပေးလျှက် ရှိနေပါတယ်။ တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံမှာ အားကောင်းတဲ့ မုတ်သုန်မိုးကြောင့် ရေကြီးရေလျှံတာ၊ မြေပြိုတာ တွေကြုံတွေ့နေရပြီး လူအသေအပျောက်နဲ့ ဆုံးရှုံးပျက်စီးမှုတွေ များလာနေပါတယ်။ အေ ရးပေါ် ကူညီကယ်ဆယ်ရေးနဲ့ အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ လိုအပ်နေတဲ့ အခြေ အနေကို မခွာညိုကစုစည်းတင်ပြပေးထားပါတယ်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ မိုးသည်းထန်၊ မြေပြိုတာတွေကြောင့် သေဆုံးသူ ၆၇ ယောက်ရှိနေပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှု အကူအညီပေးေ ရးဆိုင်ရာ ညှိနှိုှုင်းရေးရုံး UNOCHA ရဲ့ သတင်းထုတ်ပြန်ချက်အရ သြဂုတ်လ ၁၁ ရက်နေ့အထိ အိုးအိမ် ရွှေ့ပြောင်းရသူပေါင်း ၈ သောင်းကျော် ရှိနေပြီဖြစ် ပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မှာ မိုးကြီးမြေပြိုမှုတွေကြောင့် သေဆုံးရသူတွေထဲ ကျောင်းသား ကျောင်းသူ ၁၆ လည်း ပါဝင်တဲ့အကြောင်းနဲ့ ကျောင်းသားကျောင်းသူ ၂၈ ဦးကတော့ ဆေးရုံမှာ ကုသမှု ခံယူနေရကြောင်း မနေ့က နေပြည်တော် လွှတ်တော် အစည်းအဝေးအပြီးမှာ ဒုတိယ ပညာရေးဝန်ကြီး ဦးဝင်းမော်ထွန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်၊ မြို့နယ်နဲ့ ခရိုင်ဒေသတွေမှာ ရေကြီးတဲ့ဒဏ်ခံရတဲ့ ကျောင်းတွေကို အကူအညီပေးကြဖို့ ဒေသခံ အရာရှိတွေကို ညွှန်ကြား ထားပြီး ဖြစ်ကြောင်းနဲ့ မြေပြိုကျမှုကြောင့် သေဆုံးခဲ့ရတဲ့ ကျောင်းသားတွေရဲ့ မိသားစုတွေကိုလည်း ငွေကျပ် ၃ သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း ဒုတိယ ပညာရေးဝန်ကြီးက ပြောပါတယ်။ လက်ရှိမှာ ရေကြီးမှုကြောင့် ကျောင်းပေါင်း ၇၀ လောက် ပိတ်ထားရကြောင်းလည်း ဒုတိယ ပညာရေးဝန်ကြီးက ပြောပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့က ကုလသမဂ္ဂ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေကြား ပူးပေါင်း အဖွဲ့တွေကလည်း ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးဆုံး ခံနေရတဲ့ မွန်ပြည်နယ်ကို သွားခဲ့ကြပြီး နိုင်ငံတကာ အဖွဲ့အတွေအနေနဲ့ ရေဘေးသင့်ပြည်သူတွေကို အထိရောက်ဆုံး အကူအညီပေးနိုင်မယ့် နည်းလမ်း တွေကို ရှာဖွေလေ့လာသွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ရေဘေးသင့်ဒေသတွေမှာ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့ သန့်ရှင်းရေ ရရှိရေးအတွက် UNICEF က ရေသိုလှောင်ဖို့ ပုံးတွေ ထောက်ပံ့တာ၊ ရေသန့်စင်ဖို့ လိုအပ်ပစ္စည်းတွေနဲ့ တကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းတွေကို ထောက်ပံ့ပေးနေသလို ရွေ့လျား ဆေးခန်းတွေ စတင် နိုင်ဖို့၊ အရေးပေါ်သုံး ကျန်းမာရေးပစ္စည်းတွေ၊ မြွေအန္တရာယ်နဲ့ စီမံကွပ်ကဲမှု ဆိုင်ရာ အသိပညာပေးရေးနဲ့ ပစ္စည်းဖြန့်ဝေတာတွေ ကိုလည်း လောလောဆယ်မှာ ဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။ တကယ်လို့ အစိုးရပိုင်းက အကူအညီတောင်းလာခဲ့မယ် ဆိုရင်လည်း နိုင်ငံတော် အဆင့် အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ အဓိက ဦးစားပေး လုပ်ငန်းတွေအတိုင်း အရေးပေါ်အစီအစဉ်တွေကို စတင် အသက်သွင်း ဆောင်ရွက်ပေးသွားဖို့ အသင့်ရှိကြောင်းလည်း ရေးသား ထားပါတယ်။

ဒါ့အပြင် ချက်ပြုတ်စားသောက်ဖို့ အခက်တွေ့နေတဲ့ နေရာတွေ၊ အိုးခွက်နဲ့ ဆန်မရတဲ့ အခြေအနေ ရင်ဆိုင်နေကြရသူတွေ အတွက် အဆင်သင့် စားသုံးနိုင်မယ့် အဟာရဖြည့် အစားအစာတွေထောက်ပံ့ပေးဖို့ အသင့်ပြင်ထားတယ်လို့လည်း UNOCHA ရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံမှာ ဒီလထဲ ရေကြီးမြေပြိုတာတွေကြောင့် သေဆုံးသူ စုစုပေါင်း ၂၇၀ ကျော်သွားပြီဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက မနေ့၊ ဗုဒ္ဓဟူးနေ့ - သြဂုတ်လ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သီတင်းနှစ်ပတ်ကြာရွာနေတဲ့ အားကောင်းတဲ့ မုတ်သုန်မိုးကြောင့် လူပေါင်း ၁ သန်း ဝန်းကျင် နေရာရွှေ့ပြောင်း နေကြရပြီး ပြည်နယ် ၆ ခုထဲမှာ အိမ်တွေလည်း ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးနေပါတယ်။

အိန္ဒိယတောင်ပိုင်း ပြည်နယ်တွေ ဖြစ်တဲ့ Kerala နဲ့ Karnataka ၊ အနောက်ပိုင်းမှာတော့ Maharashtra နဲ့ Gujarat ပြည်နယ်တွေဟာ ရေဘေး ဒဏ်ကို အဆိုးဆုံးခံနေကြရတဲ့ ပြည်နယ်တွေဖြစ်ပြီး နွေရာသီ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံ ဧကပေါင်း ထောင်နဲ့ချီပြီး ပျက်စီးခဲ့သလို ကားလမ်း၊ ရထားလမ်းတွေလည်း ပျက်စီးသွားခဲ့ပါတယ်။

Kerala ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မိုးသည်းထန်တဲ့ အတွက် မြေပြိုကျတဲ့နေရာ ဒါဇင်နဲ့ချီရှိနေပြီး လူ ၁၀၀ ကျော်လည်း ပိတ်မိနေသလို အနည်းဆုံး လူပေါင်း ၁၀၅ ယောက်သေဆုံးပြီး၅၀ ကျော် ပျောက်ဆုံးနေပါတယ်။

ကယ်ဆယ်ရေး အခြေအနေနဲ့ပတ်သက်လို့ ကာရာလာ ပြည်နယ် အုပ်ချုပ်ရေးမှူး Pinarayi Vijayan ကအခုလို ပြောပါတယ်။

“ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၁၈၁၈ ခုဖွင့်ထားပြီး လူပေါင်း ၁၈၉,၅၆၇ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြပါတယ်။”

တချို့ကတော့ ရေနည်းနည်း ကျသွားတာနဲ့ နေအိမ်တွေဆီ ပြန်သွားနေကြပြီ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

Odisha နဲ့ Andhra Pradesh ပြည်နယ်တွေမှာ ရေလှောင်တမံတွေမှာ အမြင့်ဆုံး သိုလှောင်ထားနိုင်တဲ့ ပမာဏ နားအထိရောက်လာတာကြောင့် ရေတံခါးကို ဖွင့်ချခဲ့ရတာကြောင့်လည်း ရေလွှမ်းမိုးခဲ့ရပါတယ်။

ပဲပိစပ် အဓိက စိုက်ပျိုးတဲ့ Madhya Pradesh ပြည်နယ်မှာ ပြင်းထန်တဲ့ မိုးကြောင့် ၃၂ ယောက်သေဆုံးပြီး ကောက်ပဲသီးနှံတွေလည်း ပျက်စီး ကုန်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

Pashupatinath ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ ရေဘေးဒုက္ခသည် တဦးကလည်း မိုးရွာသွန်းမှု အခြေအနေကို အခုလို ဟိန္ဒူဘာသာနဲ့ ပြောပါတယ်။

“ရွာရဲ့တဝက်လောက် ရေထဲမျောသွားပါတယ်။ ရေလှိုင်းတွေကလည်း ၁၀-၁၅ ပေလောက်အထိ မြင့်ပါတယ်။”

ဂူဂျာရတ်မှာတော့ မိုးသည်းထန်မှုနဲ့ ဆက်နွယ်တဲ့ မတော်တဆ ထိခိုက်မှုတွေကြောင့် ၃၁ ယောက် သေဆုံးခဲ့သလို မြောက်ပိုင်း တောင်ထူ ထပ်တဲ့ Uttarakhand အရပ်မှာလည်း မြေပြိုကျခဲ့တာကြောင့် သေဆုံးသူ ဆယ်ယောက်ဝန်းကျင် ရှိပါတယ်။

နောက် ၂ ရက်ကြာတဲ့အထိ Karnataka, Maharashtra နဲ့ Gujarat ၊ Madhya Pradesh ပြည်နယ် အလယ်ပိုင်းတွေမှာ ဆက်ပြီးတော့ နေရာကွက်ပြီး မိုးသည်းထန် နေဦးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG