သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရေဘေး ကုလအကူအညီပေးမည်


မြန်မာနိုင်ငံတဝန်း ရေကြီး မြေပြိုမှုကြောင့် သေဆုံးရသူ အနည်းဆုံး ၆၅ ယောက် ရှိနေပြီး လူပေါင်း ၁ သိန်းနီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းထားရကြောင်း ကုလသမဂ္ဂက ပြောဆိုပါတယ်။ မြန်မာ အစိုးရရဲ့ တုံ့ပြန်ကိုင်တွယ်ရေး ဆောင်ရွက်ချက်တွေမှာ ကုလသမဂ္ဂဘက်ကလည်း ပါဝင် ပံ့ပိုးနေပြီး လိုအပ်လာရင် ဆက်ပြီး ထောက်ပံ့ကူညီဖို့ အဆင်သင့် ရှိနေကြောင်းလည်း ပြောဆိုထားပါတယ်။

မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

မြန်မာနိုင်ငံ တဝန်းမှာ မိုးသည်းထန်ပြီး ရေကြီး မြေပြိုမှုတွေကြောင့် သေဆုံးရသူ အရေအတွက်က အနည်းဆုံး ၆၇ ယောက် ရှိနေပါတယ်။ မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာအုပ်စုမှာ မလတ်တောင် ပြိုကျမှုကြောင့် သေဆုံးရသူက အင်္ဂါနေ့ည ၉ နာရီ အထိ ၆၅ ယောက် ရှာဖွေ တွေ့ရှိထားပါတယ်။ မလတ်တောင် မြေပြိုကျမှုမှာ အသက်ရှင်လျက် ကယ်ဆယ်ခဲ့ရသူ တဦးလည်း ဆေးကုသနေစဉ် သေဆုံးခဲ့တာကြောင့် ပေါင်မြို့နယ် မြေပြိုကျမှုမှာ သေဆုံးသူ စုစုပေါင်း ၆၆ ယောက် ရှိနေပါတယ်။ အခုအချိန်ထိ ရှာဖွေ ကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ရေကြီး မြေပြိုမှု ကူညီကယ်ဆယ်ရေးမှာ ကုလသမဂ္ဂဘက်က ဆောင်ရွက်နေတာတွေကို နယူးယောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ EriKaneko က အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ မုတ်သုံမိုးကြောင့် လူပေါင်း တသိန်းနီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပြီး မွန်ပြည်နယ် တခုတည်းမှာတင် လူပေါင်း ၃၄၀၀၀ ကျော် ပါဝင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာရုံး OCHA က ပြောပါတယ်။ မွန်ပြည်နယ် ပေါင်မြို့နယ်မှာ မြေပြိုကျတာကြောင့် သေဆုံးသူ အနည်းဆုံး ၆၅ ယောက် ရှိနေပါတယ်။ ဒေသခံ လူမှု အသိုင်းအဝိုင်း၊ မြန်မာ ကြက်ခြေနီအသင်း၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လူသားချင်း ကူညီကယ်ဆယ်ရေးဆိုင်ရာ မိတ်ဖက်တွေရဲ့ အကူအညီတွေနဲ့ အတူ မြန်မာ အစိုးရက တုံ့ပြန် ကယ်ဆယ်ရေးကို ဦးစီးဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဘက်ကတော့ အရေးပေါ် ဒေသတွေမှာ သောက်ရေသန့်၊ ကျန်းမာရေးနဲ့ အရေးပေါ် ရိက္ခာတို့လိုမျိုး ကနဦး ကူညီဆောင်ရွက်ပေးနေသလို တကယ်လို့ လိုအပ်လာရင် နောက်ထပ် ကူညီပံ့ပိုးနိုင်ဖို့ ပြင်ဆင်ထားပါတယ်။”

ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာ တောင်ပြိုကျမှုမှာတော့ ရှာဖွေကယ်ဆယ်ရေးကို ဆက်လက် လုပ်ဆောင်နေကြရပါတယ်။ လူဦးရေ ဘယ်လောက် ပျောက်ဆုံးနေသလဲ ဆိုတာတော့ မသိရပါဘူး။ ဘယ်နေ့ ဘယ်ရက်မှာ ရှာဖွေ ကယ်ဆယ်ရေး ရပ်နားမလဲ ဆိုတာလည်း မသိရသေးသလို သံသယ ရှိတဲ့ နေရာတွေကို ဆက်ရှာမယ်လို့ အစိုးရ သတင်းမှာ ဖော်ပြထားပါတယ်။

ပြိုကျခဲ့တဲ့ မလတ်တောင်ပေါ်မှာ ထပ်ပြီး ပြိုကျနိုင်တဲ့ နေရာ ၆ နေရာကိုလည်း စစ်ဆေးတိုင်းတာနေပြီး ဒီရက်ပိုင်း အတွင်း အသေးစိတ် ထုတ်ပြန်ပေးမယ်လို့ အစိုးရက သတင်းထုတ်ထားပါတယ်။ ရှာဖွေ ကယ်ဆယ်ရေး လုပ်ဆောင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးလည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် ညွှန်ကြားရေးမှူး ဦးထွန်းဦးက ဗွီအိုအေကို မနေ့က အခုလို ပြောဆိုထားပါတယ်။

“ကျနော်တို့အခု တပ်ဖွဲ့အင်အား ၁၄၀ ပေါ့ ။ အပိုင်း ၃ ပိုင်းခွဲပြီးတော့ လုပ်နေကြတာပေါ့။ သူက မြေအပျော့တွေ ဆိုတော့ ကားကြီးတွေ ဝင်လို့မရဘူး။ မြေပျော့နေတယ်ဆိုတော့ ပစ္စည်းကရိယာတွေကို လူနဲ့ပဲ သယ်ပြီးတော့ လုပ်နေတာပေါ့။ မနက်ဖြန်မှာတော့ကျနော်တို့ ချောက်ထဲတွေ ဘာတွေကျရင် ကားကြီးဆွဲတဲ့ကားကြီးနဲ့ ဆွဲထုတ်မယ်။ အဲ့မှာရှိတဲ့ ကားပျက်တွေကို။ အခုတော့ လူတွေကို ရသလောက်တော့ ရှာနေတယ်။ အခုတော့ လူတော့တော်တော်နည်းသွားပါပြီ အောက်မှာ မတွေ့သလောက် ဖြစ်သွားပြီ။"

လက်ရှိမှာတော့ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ တနသာၤရီတိုင်းတွေမှာ ရေဘေးရှောင် စခန်း ၁၆၆ ခု ဖွင့်လှစ်ထားရပြီး လူဦးရေ ၈၀၀၀၀ နီးပါး ဆက်လက် နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။ မွန်ပြည်နယ် ကျိုက်မရောမြို့မှာတော့ အတ္တရံ မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့တာကြောင့် လူဦးရေ ၄၅၀၀၀ ကျော်ကို ရေဘေးကြုံတွေ့နေရပြီး ကယ်ဆယ်ရေး စခန်း ၁၁ ခုမှာတော့ လူဦးရေ ၂၀၀၀ ကျော် ရှိနေကြောင်း ကျိုက်မရော ရေဘေးကယ်ဆယ်ရေး အဖွဲ့ ကွပ်ကဲမှုရုံးက အပြောကို ကိုးကားပြီး အစိုးရ သတင်းမှာ ဖော်ပြပါတယ်။

မနေ့ အင်္ဂါနေ့ အစောပိုင်းမှာ ရှမ်းပြည်နယ် မူဆယ်မြို့မှာလည်း မိုးသည်းထန်ပြီး ရေကြီး မြေပြိုကျမှုကြောင့် အမျိုးသား တဦး သေဆုံးခဲ့ပါတယ်။ မုတ်သုံရာသီ ရေကြီးမှုတွေကြောင့် ဘင်္ဂလားဒေရှ့် နိုင်ငံမှာလည်း လူပေါင်း ၂ သိန်းခွဲလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း ကယ်ဆယ်ထားရကြောင်း နယူးယောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ Eri Kaneko က VOA ကိုပြောပါတယ်။

မြန်မာ့ရေဘေး ကုလအကူအညီပေးမည်
please wait

No media source currently available

0:00 0:04:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG