မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်းက ကျေးရွာတရွာမှာ မိုးများပြီး တောင်ပြိုတာကြောင့် လူသေဆုံးတာတွေရှိခဲ့ပါတယ်။ မွန်ပြည်နယ် အတွင်း နေရာအနှံ့အပြားမှာ ကြာသပတေးနေ့ကစပြီး မိုးအပြင်းအထန်ရွာတာကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်နေချိန်မှာပဲ လူ သေဆုံးတဲ့အခြေအနေထိ ဖြစ်ရတာပါ။ ပြီးခဲ့တဲ့ရက်တွေကစပြီး မိုးအပြင်းအထန် ရွာနေတဲ့ ပြည်နယ်တိုင်းတွေမှာ ဆက်ပြီး မိုးကြီး နိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတိပေးထားပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးရွာသွန်းနေပြီး မွန်ပြည်နယ် ပေါင်မြို့နယ်မှာတော့ မြေပြိုပြီး နေအိမ်တွေအောက်မှာ ပိတ်မိနေတဲ့ အလောင်း ၁၆ လောင်း ဆယ်ယူရရှိပီး ပျောက်ဆုံးနေသူတွေ ရှိနေသေးတဲ့အတွက် ဆက်လက် ဆယ်ယူနိုင်အောင် ကြိုးစားနေတယ်လို့ ပေါင်မြို့နယ် ဒုတိယ မီးသတ်ဦးစီးမှူး ဦးတင်သောင်းဦးက အခုလိုပြောပါတယ်။
“DB ၁၆ ဦးပေါ့။ DB က ကျား ၈၊ မ ၈ ဖြစ်သွားပြီ။ ဒဏ်ရာရတာကတော့ ၂၇ - ၂၈ ဦးပေါ့။ ၁ ဦးက ကျနော်က မီးသတ်က ကယ်ထုတ်လိုက်တာ လွတ်သွားတယ်။”
ဒီကနေ့မနက်ပိုင်းက ပေါင်မြို့နယ် ၊ သဲဖြူ ကုန်းကျေးရွာမှာ လူနေအိမ်တွေအပေါ် တောင်မြေပြိုကျမှုဖြစ်ပွားခဲ့တာပါ။ သေဆုံးသူဦးရေ ဆက်လက်တိုးပွား လာနိုင်ကြောင်းလည်း ဦးတင်သောင်းဦးက ခန်းမှန်းထားပါတယ်။
မြေပြိုမှုကြောင့် မော်လမြိုင် ရန်ကုန်ကားလမ်း နာရီပိုင်းကြာ ပိတ်ဆို့မှု ဖြစ်ခဲ့ရပါတယ်။ဒီနေ့ မိုးရေချိန် မြင့်မားပီး ရေကြီးရေလျံတာတွေနဲ့ ရင်ဆိုင်နေရတဲ့ဒေသတွေကတော့ ရေး ၊မော်လမြိုင် ၊ သံဖြူဇရပ်၊ ပေါင် ၊မုဒုံ ၊ဘားအံ နဲ့ မလွှတောင် ဒေသတွေဘဲ ဖြစ်ပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်တိုင်းအချို့မှာ နောက် နေ့အထိမိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာနက ဦးစီးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အခုလို သတိပေးထားပါတယ်။
“ဒီကမ်းရိုးတန်းတွေကတော့ နည်းနည်းလေး မိုးများနေတယ်။ မွန်၊ ကရင်နဲ့ တနင်္သာရီကတော့ ဒေသအလိုက် မိုးကြီးနိုင်သေးတယ်။ ဒီနေ့ဆိုရင် မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော၊ ကျိုက္ခမီတို့မှာ ၁၀ လက်မ၊ တချို့ဆို ၁၅ လက်မလောက်အထိ ရွာထားတဲ့ အနေအထားမျိုးတော့ ရှိတယ်။ ပေါင်မှာလည်း ဒီနေ့ မိုးရွာထားတာ ၁၀ လက်မကျော်တယ်။ မနက်ဖြန်လောက်ထိ ရှိသေးတယ်။ တနင်္လာနေ့လောက်ဆို အောက်ဖက်ကို နည်းနည်းဆင်းသွားမယ့် အနေအထားမျိုးတော့ ရှိတယ်။ လက်ရှိ မိုးကတော့ လိုက်နေဦးမယ့် အနေအထားမျိုးတော့ ရှိတယ်။ ”
မုတ်သုန်ကာလ ရေကြီးတာတွေကြောင့် ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာကိုပဲ မြန်မာနိုင်ငံတဝန်း လူဦးရေ ၁ သောင်း ၂ ထောင်လောက် အိုးအိမ်စွန့်ခဲ့ရပြီး လက်ရှိမှာ လူဦးရေစုစုပေါင်း
၃ သောင်း ၈ ထောင်ကျော်ဟာ ယာယီရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရတယ် လို့ ကုလသမဂ္ဂ လူသားစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုှုင်းရေးရုံး UNOCHA က သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးရသတင်း တွေအပေါ်အခြေခံပြီး ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇွန်လနှောင်းပိုင်းကစပြီး ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၁ သိန်း ၅ ထောင်ကျော် အိုးအိမ်စွန့်ခဲ့ရတယ်လို့လည်း UNOCHA ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။