သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာက အိန္ဒိယကို မတ်ပဲအချိန်မီတင်ပို့နိုင်ဖို့ အခက်ရှိနေ


မတ်ပဲ (ဓါတ်ပုံ- Myanmar Pulses, Beans & Sesame Seeds Merchants Association )
မတ်ပဲ (ဓါတ်ပုံ- Myanmar Pulses, Beans & Sesame Seeds Merchants Association )

(Zawgyi/Unicode)

အိန္ဒိယနိုင်ငံကို တင်ပို့မယ့် မတ်ပဲတွေ သတ်မှတ်ထားတဲ့ရက်မှာ အပြည့်အ၀ မပို့နိုင်ပဲ ဖြစ်နေရတာကြောင့် အချိန်တိုးပေးဖို့ မြန်မာနိုင်ငံက တောင်းဆိုထားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

၂၀၂၀- ၂၁ ဘဏ္ဍာနှစ်အတွက် အိန္ဒိယအစိုးရက ဝယ်ယူဖို့ သတ်မှတ်ထားတဲ့ မတ်ပဲတန်ချိန် ၄ သိန်းကို ဒီလကုန် နောက်ဆုံးထားပြီး တင်ပို့ရမှာ ဖြစ်ပေမဲ့ အပြည့်အ၀ မပို့နိုင်တာကြောင့် သက်တမ်းတိုးပေးဖို့ မြန်မာတာဝန်ရှိသူတွေ အိန္ဒိယအာဏာပိုင်တွေကို ပြောဆိုထားတာပါ။ နောက်ဆုံးတင်ပို့ရက်ကို အစပိုင်းက ၂၀၂၁ မတ်လလို့ အိန္ဒိယဘက်က သဘောတူထားတာ ဖြစ်ပေမဲ့ ကမ္ဘာတဝန်း ကပ်ရောဂါစတင်ကူးစက်လာရာက မေလ ၂၂ရက်မှာပဲ ၃ လအတွင်း အပြီးတင်ပို့ဖို့ အိန္ဒိယနိုင်ငံဘက်က ပြောင်းလဲသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အသစ်ပြောင်းလဲ သတ်မှတ်လိုက်တဲ့ရက်အတိုင်း မြန်မာနိုင်ငံက အချိန်မီတင်ပို့နိုင်မှာ မဟုတ်တာကြောင့် အိန္ဒိယတာဝန်ရှိသူတွေကို ဆက်သွယ်ပြီး အချိန်တိုးပေးဖို့ တောင်းဆိုထားတဲ့အကြောင်း နယူးဒေလီ၊ မြန်မာသံရုံးက စီးပွားရေးသံမှူး ဦးနေအေးလွင်က ဗွီအိုအေကို ပြောပါတယ်။

“မတ်ပဲတန်ချိန် ၄ သိန်း ကို၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဒီဘက်စီးပွားကူးသန်း ဝန်ကြီးဌာနကနေ အိန္ဒိယ commerce and industry ကို request လုပ်ထားတာ ရှိတယ်ဗျ။ အခုအချိန်အထိ အိန္ဒိယအစိုးရဘက်က သတင်းတစုံတရာတော့ မကြားရသေးဘူး။ ကျနော်တို့ သံရုံးကလည်း အလုပ်သဘော ဒီဘက်က အိန္ဒိယ commerce and industry က အာဆီယံဌာနခွဲနဲ့ ဆက်သွယ်ကြည့်တဲ့ အနေအထားမှာတော့ သူတို့က ဝန်ကြီးဌာန သုံးခုပေါင်းပြီး ဆွေးနွေးပြီးမှ ဆုံးဖြတ်ရတာဖြစ်လို့ လောလောဆယ်တော့ အဖြေမထွက်သေးဘူးပေါ့နော်။ အဲလိုတော့ သိရတယ် ခင်ဗျ။”

မြန်မာနိုင်ငံမှာ လတ်တလော မတ်ပဲလက်ကျန် ပမာဏက တန်ချိန် ၂ သိန်းကျော်လောက်သာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအတွက်လည်း သတ်မှတ်ရက် အသစ်အတိုင်း အပြည့်အ၀ တင်ပို့နိုင်မှာ မဟုတ်တာကြောင့် မူလသတ်မှတ်ရက်အတိုင်း ရှေ့နှစ်ထဲအထိ စောင့်ဆိုင်းပေးဖို့၊ ဒါမှမဟုတ်ရင်လည်း လုံလောက်တဲ့ သက်တမ်းထပ်တိုးပေးဖို့ မြန်မာနိုင်ငံ ပဲ၊ နှမ်း ကုန်သည်အသင်း ကလည်း မြန်မာနိုင်ငံအခြေစိုက် အိန္ဒိယသံရုံးကတဆင့် တောင်းဆိုထားကြောင်း အသင်းရဲ့ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။

“ အခုလက်ရှိ တန်ချိန် ၄သိန်း ကျတော့ ဘက်ဂျက်နှစ်အနေနဲ့သူတို့ တောင်းထားတာ။ ပထမ ၂၀၂၁ မတ်လအကုန်အထိ သူတို့တောင်းထားတာ၊ ပြီးခါမှ အခု ဇွန်၊ ဇူလိုင်၊ ဩဂုတ် သုံးလတည်းပဲ ဒီတန်ချိန် ၄သိန်း ကိုပို့ရမယ် ဆိုပြီးတော့ ၂၀၂၀- ၂၁ ဘဏ္ဍာနှစ်အတွက်ကို သူတို့တောင်းတာပေါ့။ ပြောရရင်တော့ အိန္ဒိယအစိုးရက ဘယ်လိုပြောရမလဲ တိုက်ရိုက်ကိုင်တွယ်ပြီးတော့ control လုပ်သလို ဖြစ်နေတာပေါ့။ ဒီနေ့သူတို့ အိန္ဒိယဘက်မှာလည်း အဲဒါနဲ့ပတ်သက်လို့ meeting လုပ်နေတယ်လို့ အစ်ကိုတို့ ကြားထားတယ်။”

မြန်မာ့ပဲမျိုးစုံကို နိုင်ငံပေါင်း အများအပြားကို တင်ပို့ပေမယ့် မတ်ပဲကတော့ အိန္ဒိယက အများဆုံးဝယ်ယူနေတာ ဖြစ်ပါတယ်။

ဩဂုတ်လ ၃၁ ရက်အပြီး ပေးသွင်းရမယ်ဆိုတဲ့ ကိစ္စဟာ လက်တလော ကိုဗစ်ကပ်ရောဂါ အခြေအနေနဲ့ အိန္ဒိယအစိုးရရဲ့ စီးပွားရေး မူဝါဒအပြောင်းအလဲ တချို့ကြောင့်ဖြစ်ရတာပါ။ အိန္ဒိယက မတ်ပဲစိုက်ဧက ဟက်တာ ၂၆၀၀၀၀ ကျော်၊ ပဲတီစိမ်းကို ဟက်တာ ၄သိန်း ကျော်ထိ တိုးစိုက်ထားပြီး အထွက်ကောင်းမယ်လို့ မျှော်လင့်ရလို့ ဒါကို ချိန်ဆပြီး မတ်ပဲဝယ်ယူတဲ့အချိန်ကို အပြောင်းအရွေ့လုပ်တာ ဖြစ်နိုင်ကြောင်းသုံးသပ်နေတာလည်း ရှိပါတယ်။

မြန်မာက အိန္ဒိယကို မတ်ပဲအချိန်မီတင်ပို့နိုင်ဖို့ အခက်ရှိနေ
please wait

No media source currently available

0:00 0:02:50 0:00
တိုက်ရိုက် လင့်ခ်


..................


(Unicode)








XS
SM
MD
LG