သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်လူသတ်မှု ပြစ်ဒဏ်ခံရသူတွေကို လွှတ်ပေးတာ လူ့အခွင့်အရေးရှေ့နေ ဝေဖန်


ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာလူသတ်မှုကို ကျူးလွန်တယ်ဆိုပြီး ထောင်ဒဏ်ကျခံရတဲ့ တပ်မတော်သားတွေကို ပြစ်ဒဏ်လျှော့ပေးပြီး ကာကွယ်ရေးဦးစီးချုပ်အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တာကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်မှာ ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ် တယ်လို့ လူ့အခွင့်အရေးရှေ့နေတဦးက ဝေဖန်ပြောဆိုလိုက်ပါတယ်။ လူသတ်မှု ကျူးလွန်ခဲ့တဲ့ တပ်မတော်သား ၇ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ လကတည်းက ပြန်လွှတ်ပေးခဲ့တာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အင်းဒင်ရွာမှာ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာမွတ်ဆလင် ၁၀ဦးကို ဖမ်းဆီး လက်ပြန်ကြိုးတုတ်ပြီး ပစ်သတ်ခဲ့မှုနဲ့ပတ်သက်လို့ တပ်မတော်သား ၇ ဦးကို တပ်မတော်က အရေးယူပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားခဲ့တာပါ။ ဒါပေမယ့် အဲဒီ တပ်မတော်သားတွေက အသနားခံစာတင်ပြီး အယူခံဝင်တာကြောင့် တပ်မတော် အက်ဥပဒေပုဒ်မ ၁၆၈(၂)၊ ၁၈၂(ဂ)အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး၊ သူတို့ ၇ ဦးကို ၂၀၁၈ နိုဝင်ဘာလထဲမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားအဖွဲ့ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက VOA မြန်မာပိုင်းကို အတည်ပြု ပြောကြားပါတယ်။

အခုလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာဟာ မြန်မာနိုင်ငံရဲ့ တရား စီရင်ရေးစနစ်မှာ တပ်မတော်က လွှမ်းမိုးနေတာကို ပြသရာရောက်ကြောင်း AHRC အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ဝေဖန်လိုက်ပါတယ်။

“တပ်မတော် အက်ဥပဒေအရ စစ်ဘက်ဆိုင်ရာ ဖြစ်ပွားတဲ့ မုဒိမ်းမှု ၊ လူသတ်မှု စတဲ့အမှုတွေနဲ့ ပတ်သက်လာတယ်ဆိုရင် အရပ်ဘက် တရားရုံးမှာ စစ်ဆေးစီရင်ပြီးတော့မှ အရပ်ဘက်တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်ကို ပေးရမှာဖြစ်တယ်။ အခုကျတော့ အဲလိုမျိုးမဟုတ်ပဲနဲ့ အင်းဒင်မှာ ဖြစ်တဲ့အမှုမှာ တပ်မတော်တရားရုံးချုပ်ကနေပြီးတော့ ထောင်ဒဏ် ၁၀ နှစ်တို့ ၁၅ နှစ်တို့ စသဖြင့် ပေးလိုက်တယ်။ ပြီးတဲ့အခါကျတော့ အယူခံတင်လိုက် မင်းတို့ကိုငါ ပြန်လွှတ်ပေးလိုက်မယ်ဆိုပြီး လွှတ်ပေးလိုက်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်က တပ်မတော်ကို လွှမ်းမိုးနိုင်ခြင်းမရှိသေးဘူး။ တပ်မတော်က ငါတို့လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့အခြေအနေကို ပွင့်ပွင့်လင်းလင်းဖော်ပြလိုက်တဲ့သဘောမျိုးဖြစ်နေတယ်။ ဒါကတော့ တော်တော်ရှက်ဖို့ကောင်းတဲ့ကိစ္စဖြစ်တယ်။”

လူအစုလိုက် သတ်ဖြတ်သူတွေကို လွှတ်ပေးလိုက်တဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ရှေ့နေဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဒီလို သတ်ဖြတ်လိုက်တဲ့အပေါ်မှာ အသနားခံစာတင်လာတဲ့အတွက် လွှတ်ပေးလိုက်တယ်ဆိုတာကိုတော့ ကျနော်လုံးဝကို လက်မခံနိုင်ပါဘူး။ နောက်ပြီးတော့ တခါ လူ ၁၀ ယောက်စလုံးကို သွေးအေးအေးနဲ့ ပစ်သတ်ပြီးတော့မှ ပြစ်ဒဏ်ချမှတ်ထားပြီးတဲ့သူတွေကို ပြစ်ဒဏ် ၁ နှစ်မပြည့်ခင်ကာလအတွင်းမှာ လွတ်ပေးလိုက်တယ်ဆိုကတည်းကိုက တပ်မတော်က ငါ့လူကိုတော့ ငါကယ်မယ် မင်းတို့လုပ်ချင်တာလုပ်ဆိုတော့ ဥပဒေရဲ့အထက်မှာ ငါတို့အကုန်ရှိတယ်ဆိုပြီးတော့ ပြည်သူလူထုတရပ်လုံးကို စော်ကားလိုက်တယ်လို့ပဲ ကျနော်မြင်ပါတယ်။”

အင်းဒင်ရွာမှာ ဖမ်းမိသူတွေကို အရပ်ဖက် တရားရုံးမှာ တရားစီရင်လို့ ရနိုင်ပါလျက်နဲ့ တပ်မတော်က အကျဉ်းရုံး အဆုံးစီရင်တာဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

“ဒီအင်းဒင်ရွာသတ်မှုမှာ အကြမ်းဖက်သမားဖြစ်ပါစေအုန်း ကျနော်တို့ နိုင်ငံတကာ စစ်ဥပဒေပေါ့နော် Law အရရော International convention တွေအရရော အဲဒီလိုမျိုး အရင်ဖမ်းမိတဲ့လူတွေကို ဥပဒေမဲ့ သတ်ဖြတ်ပိုင်ခွင့်မရှိပါဘူး။ စစ်ဆေးပေါ်ပေါက်ချက်တွေအရ သူတို့က အကြမ်းဖက်သမားတွေ ဖြစ်တယ်ဆိုရင် သူတို့နဲ့ ထိုက်တန်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေသော်လည်းကောင်း ၊ သေဒဏ်တွေသော်လည်းကောင်း တရားခွင်ကနေ စစ်ဆေးစီရင်ပြီးမှ အပြစ်ပေးရမှာဖြစ်ပါတယ်။ အခုလိုမျိုး ဥပဒေမဲ့ ငါတို့ထင်တိုင်း ပစ်သတ်လိုက်မယ်ကွာ ဆိုတာကတော့ တော်တော်ကြီးတရားမဲ့ဖြစ်လွန်းတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။”

အခုလို မွတ်ဆလင်ရွာသား ၁၀ ဦး ဥပဒေမဲ့သတ်ဖြတ်ခဲ့တဲ့ ပြစ်ဒဏ်ကျ တပ်မတော်သားတွေကို ကာကွယ်ရေးဦးစီးချုပ်အမိန့်နဲ့ ပြန်လွှတ်ပေး ခဲ့တဲ့အပေါ်မှာတော့ ဝေဖန်မှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG