သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်ရွာလူသတ်မှုကျူးလွန်သူ တပ်မတော်သားတွေ တပ်ချုပ်လွတ်ငြိမ်းခွင့်ပေးခဲ့


ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာနားက မွတ်ဆလင်ရွာသား ၁၀ ယောက်ကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့မှုမှာတာဝန်ရှိတဲ့ တပ်မတော်သားတွေကို ကာကွယ်ရေးဦးစီးချုပ် အမိန့်နဲ့ ပြန်လွှတ်ခဲ့တာလို့ သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက VOA မြန်မာပိုင်းကို ပြောကြားခဲ့ပါတယ်။ သူတို့ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲက လျှော့ပေါ့ပြစ်ဒဏ်နဲ့ လွှတ်ပေးခဲ့တာဖြစ်တယ်လို့ အတည်ပြုပြောခဲ့တာပါ။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာနားမှာ ၂၀၁၇ စက်တင်ဘာလတုန်းက မွတ်ဆလင်ရွာသား ၁၀ ယောက်ကို ဖမ်းဆီးသတ်ဖြတ်မှုနဲ့ တပ်မတော်က အရေးယူခဲ့တဲ့ တပ်မတော်သား ၇ ယောက်ကို ကာကွယ်ရေးဦးစီးချုပ် အမိန့်နဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြန်လွှတ်ပေးခဲ့တယ် ဆိုတာကို တပ်မတော်သတင်းမှန် ပြန်ကြားအဖွဲ့ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက VOA မြန်မာပိုင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။

“အဲဒီမှာ ဖြစ်စဉ်ကတော့ အဖမ်းခံရတဲ့ ၁၀ ဦးသည် အင်းဒင်ကျေးရွာကိုလာတဲ့ ပဋိပက္ခတွေကို ရှောင်ရှားလာတဲ့ တိုင်းရင်းသားတွေဖြစ်တယ်။ အဲဒီ တိုင်းရင်းသားတွေက အင်းဒင်က စာသင်ကျောင်းမှာ နေခဲ့တဲ့ တိုင်းရင်းသားတွေ၊ အင်းဒင်စာသင်ကျောင်းမှာ လာရောက်ခိုလုံတဲ့ သူတွေ။ အဲဒီထဲကနေမှ ထွက်သွားတဲ့ တိုင်းရင်းသားတချို့ကို သူတို့ သတ်ဖြတ်ခဲ့တာရှိတယ်။ အဲဒီလိုရှိတဲ့အတွက် အဲဒီ ၁၀ ယောက်ကိုဖမ်းတယ်။ ဖမ်းမိတဲ့အခါမှာ ကျနော်တို့ ရဲစခန်းကို ပို့ဖို့အခြေအနေမဖြစ်နိုင်ဘူး။ မဖြစ်လာဘူးဆိုတာက အဲဒီမှာ ရဲစခန်းတွေကလည်း ARSA လက်ချက်နဲ့ တိုက်ခိုက်ခံထားရတယ်။ အဲဒီမှာ စစ်ကြောင်းကနေပြီးတော့ စစ်တပ်က ထိန်းသိမ်းထားတယ် ။ ထိန်းသိမ်းထားတဲ့အခါမှာ ဒီက ရွာသားတွေက လက်စားချေဖို့အတွက် တောင်းဆိုတာတွေရှိတယ်။ အဲဒီ Intention တွေပေါ်မှာ သူတို့မူတည်ပြီးတော့ ၊ ယခင်တုန်းက Intention မရှိသော်လည်း သတ်ဖြတ်တဲ့နေရာမှာ ပါဝင်ကျူးလွန်ခဲ့တယ် အဲဒီအတွက် အရေးယူခံရတာရှိတယ်။ အဲဒီအရေးယူခံခဲ့ရတာကို အသနားခံစာတင် ပြန်လည်သုံးသပ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ကနေ တပ်မတော် အက်ဥပဒေ ၁၆၈(၂)၊ ၁၈၂ (ဂ) တို့ လုပ်ပိုင်ခွင့်တွေကျင့်သုံးပြီးတော့ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် ၁ နှစ်အထိ ပြစ်ဒဏ်လျှော့လိုက်တယ်။ လျော့တဲ့အတွက်ကြောင့် သူတို့သည် ၂၀၁၈ ၊ ၁၁ လပိုင်းမှာ ထောင်ကနေ လွတ်မြောက်သွားတယ်။”

ထောင်ချခံရတဲ့ တပ်မတော်သား ၇ ယောက်က သူတို့အမှုနဲ့ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အသနားခံစာတင်ခဲ့တာပါ။ ဒါကို စစ်ဥပဒေချုပ်ရုံးက သုံးသပ်ပြီး ကာကွယ်ရေးဦးစီချုပ်က လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာဖြစ်ပါတယ်။ မွတ်ဆလင် ၁၀ ယောက်ကိုသတ်ဖြတ်ပြီး မြှပ်နှံထားတဲ့အလောင်းတွေကို Reuters သတင်းဌာနက "မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” ဆိုတဲ့ခေါင်းစဉ်နဲ့ ဓါတ်ပုံ အထောက်အထားတွေနဲ့ သတင်းအစီရင်ခံစာ အကျယ်တဝင့် ထုတ်ပြန်ခဲ့တာပါ။

ဒီအစီရင်စာထွက်လာပြီးနောက်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် နိုင်ငံတကာက ထောက်ပြပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တပ်မတော်ဘက်က အကြမ်းဖက်သမားတွေလို့ဆိုတဲ့ မွတ်ဆလင်ရွာသားတွေကို သတ်ဖြတ်ခဲ့မှုကို Reuters သတင်းထောက်တွေက ဖော်ထုတ်ဖို့ ကြိုးစားခဲ့တဲ့အတွက် သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂၀၁၇ ဒီဇင်ဘာမှာ ဖမ်းဆီးထောင်ချခံခဲ့ရတာပါ။ သူတို့ကတော့ မကြာခင်ကမှ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။

အင်းဒင်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ အခုပြန်လွတ်ခဲ့တဲ့ တပ်မတော်သား ၇ ယောက်ကိုပဲ တပ်မတော်ဖက်က အရေးယူခဲ့တာပါ။ ဒီအမှုမှာပတ်သက်နေတဲ့ ရခိုင်ဒေသခံတချို့လည်း ဖမ်းဆီးခံရတာရှိခဲ့ပေမဲ့ သူတို့လွတ် မလွတ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေအပေါ် ARSA အကြမ်းဖက်သမားတွေ ၂၀၁၇ သြဂုတ်လမှာ ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေ ရှင်းလင်းမှုတွေကို လုပ်ခဲ့တာပါ။ အဲဒီဆောင်ရွက်မှုတွေအတွင်း လုံခြုံရေးတပ်ဖွ့ဲဝင်တွေက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ်ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပါတယ်။ မြန်မာအစိုးရကရော တပ်မတော်ကပါ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံဘဲ ကျူးလွန်ခဲ့သူတွေကို ဥပဒေအရ အရေးယူမယ်လို့ ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG