သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်ရွာ လူသတ်မှုကျူးလွန်သူ တပ်မတော်သားများ ထောင်မှလွတ်မြောက်


၂၀၁၇ ခုနှစ်အတွင်းက အင်းဒင်ရွာအတွင်း အသတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၀ဦး (စက်တင်ဘာ၊ ၀၁၊ ၂၀၁၇)
၂၀၁၇ ခုနှစ်အတွင်းက အင်းဒင်ရွာအတွင်း အသတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၀ဦး (စက်တင်ဘာ၊ ၀၁၊ ၂၀၁၇)

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ မူဆလင် ၁၀ ဦး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၁၀နှစ် စီကျခံနေရတဲ့ တပ်မတော်သား ၇ ဦးကို မူလက စစ်တွေ အကျဉ်းထောင်မှာ ထိမ်းသိမ်းထားပေမယ့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြန်လည် လွှတ်ပေးလိုက်ပြီလို့ ရိုက်တာ သတင်းတရပ်က ဖော်ပြပါတယ်။ အကျဉ်းဦးစီးဌာနကတော့ ဒီလူတွေကို အရပ်ဖက် အကျဉ်းထောင်တွေမှာ ထိမ်းသိမ်းထားတာ မရှိတော့ဘူးလို့ ပြောပေမယ့် ဘယ်လို ပုံစံနဲ့ ပြန်လည် လွှတ်ပေးခဲ့တယ်ဆိုတာကိုတော့ ပြည်ထဲရေးဌာနကရော ကာကွယ်ရေးဌာနကပါ ရှင်းရှင်းလင်းလင်း တုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ တတိယတနှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းရာမှာ အင်းဒင်ရွာလူသတ်မှုနဲ့ အပြစ်ကျခံနေရတဲ့ တပ်မတော်သား ၇ ဦးကို လွှတ်လိုက်တဲ့အပေါ် သတင်းထောက်တွေက မေးမြန်းတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ခေတ္တ အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦးကတော့ တပ်မတော်သား ၇ ဦး ကိစ္စကို အခုလို ဖြေကြားပါတယ်။

“ဒါကတော့ ကျနော်တို့ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ လွတ်ငြိမ်း ချမ်းသာခွင့်ဆိုတာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကပဲ ပေးလို့ ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ လွတ်ငြိမ်းချမ်းသာထဲမှာ ဒီ ၇ ဦးက ပါကောင်းလည်း ပါသွားနိုင်ပါတယ်။ စိစစ်တာတော့ အကျဉ်းဦးစီးဌာနကနေ စိစစ်တာ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ကတော့ စိစစ်ချက်တွေအားလုံး နိုင်ငံတော် သမ္မတကြီးဆီ တင်ပေးတာ ဖြစ်ပါတယ်။ အဲဒါကြောင့် စေလွှတ်တယ်ဆိုရင်လည်း ဥပဒေအရပဲ ဆောင်ရွက်ကြောင်း ကျနော့်အနေနဲ့ ဆွေးနွေးတင်ပြလိုပါတယ်။ ”

သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တက်ရောက်လာတဲ့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမြင့်စိုးကတော့ အခုလို ဖြေဆိုပါတယ်။

“အင်းဒင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ တပ်မတော်သား ၇ ဦး လွှတ်ပေးလိုက်တဲ့ကိစ္စက ကျနော်တို့ အကျဉ်းထောင်မှာ တပ်မတော်သား ၇ ဦးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အင်းဒင်ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ထိန်းသိမ်းထားတာ မရှိတော့ပါဘူး။”

ကာကွယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး လွတ်၊ မလွတ် မသိရသေး ကြောင်း ဖြေဆိုခဲ့ပါတယ်။

“အင်းဒင်ကိစ္စတော့ ကျနော်တို့ မသိသေးပါဘူး။ ဒါနဲ့ပတ်သက်လို့လည်း ကျနော်တို့ ပြည်ထဲရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးလည်း ဖြေပြီးတော့ အကျဉ်းဦးစီးဌာနကလည်း ဖြေကြားပြီးဖြစ်ပါတယ်။ ကျနော်တို့လည်း မသိသေးပါဘူး။”

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပဒေချုပ်ရုံးက ဗိုလ်မှူးကြီးအောင်ခင်သိန်းကတော့ စစ်ဘက်တရားစီရင်ရေးရဲ့ လုပ်ထုံးလုပ်နည်းတွေကို အခုလို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

“ နယ်ဘက် တရားရုံးတွေမှာ ဆိုရင် မြို့နယ်ကနေ တိုင်း၊ တိုင်းကနေ အထက်ရုံးအဆင့်ဆင့်ကို အယူခံ ဝင်ခွင့်ရှိသလိုပဲ ကျနော်တို့ စစ်ဘက် တရားစီရင်ရေးမှာလည်း သူက တရားရုံးတစ်ခုခုက ပြစ်ဒဏ်စီရင်ခြင်း ခံရလို့ ရှိရင် သူက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆီကို ထောင်ရောက်သွားတဲ့အခါမှာ အသနားခံစာတင်ခွင့် ရှိပါတယ်။ အဲလို တင်ပြီးတဲ့အခါမှာ ဒီမှာ လျော့ပေးခြင်းမရှိရင်လည်း နောက်ထပ် စစ်ဘက်အယူခံတရားရုံးဆိုတာ ရှိပါသေးတယ်။ တပ်မတော်ဥပဒေအရ။ အဲဒီအယူခံရုံးအဆင့်ကိုလည်း တက်နိုင်ပါသေးတယ်။ အဲဒီအယူခံရုံးမှာလည်း တပ်မတော်က ဗိုလ်မှူးကြီးအဆင့်နဲ့ အထက် အရာရှိကြီးတွေ ရုံးထိုင်ပြီးတော့ စီရင်ရတာဖြစ်ပါတယ်။ အဲတော့ ပြစ်ဒဏ်ကျခံသွားရတဲ့ အရာရှိစစ်သည်တွေ လွတ်ခြင်း၊ မလွတ်ခြင်းကိုတော့ ခုနက အတွင်းဝန်ကြီးပြောသလို၊ ပြည်ထဲရေးဝန်ကြီးဌာနက ပြောသလိုပါပဲ အတည်ပြုနိုင်ခြင်း မရှိကြောင်း ဖြေကြားလိုပါတယ်။”

ဒီမေးမြန်းချက်တွေကိုတော့ တလ တကြိမ်ကျင်းပတဲ့ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေဆိုနိုင်ဖွယ် ရှိကြောင်းလည်း ပြောဆိုပါတယ်။

၂၀၁၇ ခုနှစ်က ဖြစ်ပွားတဲ့ အင်းဒင် လူသတ်မှုနဲ့ ပတ်သက်ပြီး ထောင် ၁၀ နှစ်ကျခံရတဲ့ တပ်မတော်သား ၇ ဦးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက လွတ်မြောက်ခဲ့တာ ဖြစ်ကြောင်းလည်း ရိုက်တာသတင်းဌာနက ဖော်ပြထားတာ ဖြစ်ပါတယ်။

အင်းဒင်လူသတ်မှုကိစ္စနဲ့ ပတ်သက်ပြီး သတင်းရေးသားခဲ့တဲ့ ရိုက်တာသတင်းဌာနက ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခံရပြီး နိုင်ငံတော်လျို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။

သူတို့ ၂ ဦးဟာ ထောင်ဒဏ် ၁၆ လ ကျခံခဲ့ရပြီးတဲ့နောက်ပြီးခဲ့တဲ့ မေလအတွင်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG