မြန်မာ-အမေရိကန် နှစ်ဘက် စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တက်ရောက်ကြတဲ့ မြန်မာရင်းနှီးမြှုပ်နှံမှု အစည်းအဝေးတရပ်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ မနေ့က ကျင်းပသွားပါတယ်။ ဒီ အစည်းအဝေးကနေ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာဖို့ အထူးသဖြင့် အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာပြည်မှာ ပိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာအောင် ရည်မှန်းခဲ့တယ်လို့ မြန်မာတာဝန်ရှိသူတွေက ပြောပါတယ်။
တဘက်မှာတော့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေဘက်က မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံဖို့ အကန့်အသတ်တွေကတော့ ရှိနေဆဲလည်းဖြစ်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
အာရှတိုက်ရဲ့ နောက်ဆုံး စီးပွားရေးရှေ့တန်းစခန်း “Myanmar: Asia’s Last Frontier” ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို American Business Council က တာဝန်ရှိသူတွေ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာဘက်ကဆိုရင် အစိုးရတာဝန်ရှိသူတွေရော မြန်မာစီးပွားရေးလုပ်ငန်ရှင်တွေပါ တက်ရောက်ခဲ့ကြပါတယ်။ ဒီလို အစည်အးဝေးဟာ မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတာမို့၊ ဒီလိုအခွင့်အရေးရဖို့ အချိန်အတန်ကြာကတည်းက မျှော်လင့်စောင့်စားခဲ့တာလို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌလည်းဖြစ် အစိုးရ စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်က ဗွီအိုအေကို ပြောခဲ့ပါတယ်။
“ဒီဖိုရမ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖို့အတွက်ကို ဒါ အဓိကထားပြီးတော့ ဒီအမေရိကန်နိုင်ငံရဲ့ ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းကြီးတွေကနေပြီးတော့ စီးပွားရေးလုပ်ငန်းတွေမှာ လာရောက်မြှုပ်နှံဖို့အတွက် ကျနော်တို့ လာရောက် ဖိတ်ခေါ်တဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို ကျနော်တို့ စောင့်စားနေခဲ့တာလည်း အတော်လေး ကြာပြီဖြစ်ပါတယ်။ ဒီအခွင့်အရေးမျိုး ရဖို့အတွက်ကို ကျနော်တို့ စောင့်စားနေခဲ့တာလည်း ကြာပြီဖြစ်ပါတယ်။ စရမယ်ဆိုရင် ကျနော်တို့ ဒီ အစိုးရသစ် စတင်ဖွဲ့စည်းပြီးတဲ့နောက်မှာ အနောက်နိုင်ငံတွေနဲ့ရော နောက်တခါ အမေရိကန်နဲ့ရော ပူးပေါင်းဆောင်ရွက်မှုကို ကျနော်တို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ အဓိကကတော့ နိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖို့ဟာ နိုင်ငံခြားရဲ့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ များပြားမယ်ဆိုရင်တော့ လူထုအကျိုးပြုလုပ်ငန်းတွေ ထိထိရောက်ရောက် ကျနော်တို့ အစိုးရအနေနဲ့ အကောင်အထည်ဖော်နိုင်မယ်လို့ ကျနော်တို့ ယူဆတာကြောင့်မို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကျနော်တို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။”
ဆွေးနွေးပွဲအတွင်း စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခေါင်းစဉ်ငယ် အသီးသီးနဲ့ ဆွေးနွေးခဲ့ကြရာမှာ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်း အသီးသီးက ထိပ်တန်းပုဂ္ဂိုလ် ၄၀ လောက်က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးတင်ပြခဲ့ကြသလို၊ အမေရိကန်ဘက်ကဆိုရင်လည်း အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီး George Soros အပါအဝင် American Business Council က တာဝန်ရှိသူတွေလည်း ပါဝင်ဆွေးနွေးကြပါတယ်။ မြန်မာအစိုးရတာဝန်ရှိသူတွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း အပါအဝင် မြန်မာအစိုးရအဖွဲ့က စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဦးဌေးအောင်နဲ့ မြန်မာဗဟိုဘဏ် တာဝန်ရှိသူတို့ကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါတယ်။
တက်ရောက်ဆွေးနွေးခဲ့သူတဦးဖြစ်တဲ့ အမေရိကန်အခြေစိုက် GE ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ကိုအင်ဒရူးကတော့ အမေရိကန်ကုမ္ပဏီ လိုက်နာဖို့လိုအပ်တဲ့ Responsible Investment တာဝန်သိ ရင်းနှီးမြှုပ်နှံမှုကိစ္စဟာ အမေရိကန်ပြည်ထောင်စုဘက်ကတင် လိုအပ်ချက်မဟုတ်ဘဲ မြန်မာအစိုးရဘက်ကလည်း လိုလိုလားလားရှိတယ်လို့ ဗွီအိုအေကို ရှင်းပြပါတယ်။
“အခု မြန်မာပြည်အစိုးရကလည်း ရှင်းရှင်းပြောမယ်ဆိုရင် Responsible Business Investment ကို လိုချင်တယ်။ ဒီ Responsible Business Investment က ဘာတွေလဲဆိုတော့ အမေရိကန်မှာ practice က အရမ်းကောင်းတယ် ကမ္ဘာမှာ ဟုတ်လား။ ဥပမာ ကျနော်ပြောရမယ်ဆိုရင် GE မှာ ၂၀၁၃ မှာ ပြီးခဲ့တဲ့နှစ်မှာ ကျနော်တို့ Vice Chairman John Rice လာပြီးတော့မှ East Asia World Economic Forum မှာ တက်ခဲ့ပြီးတော့မှ နေပြည်တော်မှာ သူက Announcement လုပ်လိုက်တာ။ ၇ တန်းလုပ်လိုက်တယ် တိုင်းပြည်ကို။ ဒီ ၇ တန်းထဲမှာ ဘာတွေလုပ်ခဲ့လဲဆိုတော့ ၃ တန်းခွဲ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့မှ နောက် ၃ တန်းခွဲကျတော့ ကျနော်တို့ ဒီ Public Administration ပေါ့နော် ဝန်ကြီးရုံးတို့၊ အင်ဂျင်နီယာတွေတို့၊ ဟုတ်လား Administrative တို့ သူတို့ကို ကျောင်းဖွင့်ပေးတယ်၊ စာသင်ပေးတယ်။ ဆိုတော့ ဒီဟာတွေက best practices တွေ၊ သူတို့က ရှင်းရှင်းပြောမယ်ဆိုရင် cooperate social responsibility ထဲမှာ ပါပါတယ်။”
မြန်မာနိုင်ငံတွင်း နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ပြီး အမေရိကန်အနေနဲ့ မြန်မာအပေါ် စီးပွားရေးအရ အရေးယူဒဏ်ခတ်မှုအချို့ကို လျှော့ပေးလိုက်ပြီးကတည်းက GE အပါအဝင် အမေရိကန်ကုမ္ပဏီအချို့ မြန်မာနိုင်ငံမှာ စတင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း တဘက်မှာတော့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေမှာ စံပြုရလောက်အောင် တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်လာဖို့ အမေရိကန်ဘက်က သူ့စီးပွားရေးလုပ်ငန်းတွေကို တိုက်တွန်းထားပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ ပစ်မှတ်ထား အရေးယူဒဏ်ခတ်မှုအချို့က တည်နေဆဲပါ။ ဒါကြောင့် မြန်မာနိုင်ငံတွင်း အမေရိကန် ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံရာမှာ အခြားတိုင်းပြည်တွေတော့ အကန့်အသတ် ပိုကြီးတယ်လို့ GE မြန်မာတာဝန်ခံ ကိုအင်ဒရူးက ပြောပြပါတယ်။
“US မှာအခုရှိတဲ့ Law တွေက ရှင်းရှင်းပြောမယ်ဆိုရင် ဗမာပြည်မှာဆိုရင် Sanction က Ease ဖြစ်သွားပြီ။ ဒါပေမဲ့ lifted အကုန်လုံး မလုပ်သေးဘူးနော်။ ပြီးတော့ SDN လည်း ရှိသေးတယ်။ အဲ့ဒီ SDN ဆိုတာက Specially Designated Nationals က Treasury Ofac က ပေးထားတဲ့သူတွေ၊ ဒီလူတွေက ရှင်းရှင်းပြောရရင် သူတို့နဲ့ အလုပ်လုပ်လို့ မရဘူး။ သူတို့ရဲ့ Black list ထဲမှာဆိုရင် အမေရိကန်ကုမ္ပဏီတွေ နည်းနည်းတော့ ဟိုဟာဖြစ်တယ်ပေါ့နော် အလုပ်လုပ်ရတာ သိပ် ဟိုဟာ အချိန်ပိုပေးရတာပေါ့နော်။”
အစည်းအဝေးအတွင်းမှာတော့ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေနဲ့ ဥပဒေကြောင်းဆိုင်ရာ လိုအပ်ချက်တွေကိုလည်း စိုးရိမ်မှုတွေရှိကြောင်း နှစ်ဘက် စီးပွားရေးလုပ်ငန်းရှင်တွေဘက်က ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အရေးကြီးတဲ့ စီးပွားရေး အခြေခံအဆောက်အဦးတွေကိစ္စ၊ ငွေကြေးဆိုင်ရာကိစ္စ၊ လုပ်ငန်းတွေအတွက် လျှပ်စစ်မီး ဖူလုံရေးဆိုင်ရာ စိုးရိမ်မကင်းဖြစ်မှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။