ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ မြန်မာ့ကျောက်မျက် ရတနာ ဥပဒေကြမ်းဟာ ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်ဒေသမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အပြင်မြန်မာပြည်မှာ ကျောက်စိမ်း ဈေးကွက်ကြီးဖြစ်လာစေဖို့ ရည်ရွယ်တာဖြစ်ကြောင်း အမျိုးသားလွှတ်တေ်ာ သံယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်က ပြောပါတယ်။ ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေကတော့ အရင်ကျောက်မျက်ဥပဒေကို တိတိကျကျ ဖော်ဆောင်အရေးယူတာတွေ မရှိခဲ့တဲ့အတွက် ဥပဒေသစ်အပေါ်မှာ အများကြီး မျှော်လင့်မထားကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ပြည်ထောင်စုလွှတ်တော်ကနေ အင်္ဂါနေ့က အတည်ပြုလိုက်တဲ့ မြန်မာ့ကျောက်မျက် ရတနာဥပဒေကြမ်းဟာ အကြီးစားကျောက်မျက်တူးဖေါ်မှုလုပ်ငန်းတွေကို ပိတ်ပင် တားမြစ်လိုက်ပြီး အလတ်စားနဲ့ အသေးစားတူးဖော်ထုတ်လုပ်ဖို့ကိုပဲ ခွင့်ပြုလိုက်တာပါ။
ဒီဥပဒေကြမ်းဟာ ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် အဓိက ရည်ရွယ်တာဖြစ်ကြောင်း ဖားကန့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် အမျိုးသားလွှတ်တေ်ာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးခင်မောင်မြင့်က အခုလို ပြောပါတယ်။
“ ကျနော်တို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးပြီးတော့မှ ဒီလို လုပ်တာပါ။ ကျောက်လုပ်ကွက်တွေ ကို နင်းကန်ခွတူးလိုက်လို့ရှိရင် အဲဒီက တူးတဲ့မြေစာတွေက ဥရုချောင်းရောက်တယ်။ ရေကြီးတယ်၊ ရေလျံတယ်။ ကြမ်းပြင်ကြီး က မြင့်တက်ပြီးတော့မှ ဥရုချောင်းတွေအားလုံးပျက်ဆီးသွားပြီ။ အဲလိုကို ဖြစ်နေပြီ။ နောက်သူတို့ရဲ့ သဲနှုန်းမြေ၊ ဒီကျောက်စလစ်ခဲတွေက ဒီလယ်ယာမြေတွေအားလုံးကို ဖုံးလွှမ်းသွားတဲ့အတွက် သဘာဝပတ်ဝန်းကျင် ပျက်ဆီးသွားတယ်။ အဲဒီအတွက်ကို ထိန်းသိမ်းချင်လို့ ဒီလို လုပ်တာပါ။”
ဖားကန့်ဒေသမှာ စွန့်ပစ်မြေစာတွေ ဥရုချောင်းမှာ စုပုံလာတာကြောင့် နှစ်စဉ်ရေကြီးရေလျံ တာတွေဖြစ်သလို၊ စွန့်ပစ်မြေစာပုံပြိုကျတာကြောင့် မကြာခန လူအသေအပျောက် ရှိနေပါတယ်။ ဒါအပြင် စက်ယန္တရားကြီးတွေကို အသုံးပြုတူးဖော်တာကြောင့် တော၊တောင်တွေ ပြုန်းတီးနေသလို ယာဉ်မတော်တဆ ထိခိုက်မှုတွေကြောင့် သေဆုံး တာတွေ ရှိနေတာဖြစ်ပါတယ်။
ဒီဥပဒေကြမ်းမှာ မြန်မာပြည်ကို ကမ္ဘာကျောက်စိမ်းဈေးကွက် တစ်ခုအဖြစ်ဖန်တီးဖို့လည်း ရည်ရွယ် ထားကြောင်း ဦးခင်မောင်မြင့်က အခုလို ဆက်ပြောပါတယ်။
“ ကျနော်တို့က အခွန်အကောက်တွေ အားလုံးလျော့ထားတယ်။ အချောထည်လုပ်ငန်းကို နိုင်ငံတကာကို ကျနော်တို့က ရာခိုင်နှုန်းပြည့် ရင်းနှီးမြုပ်နှံမှုကို ပြုလုပ်စေတယ်။ ထွက်လာ တဲ့ အချောထည်ကိုမှ ကျနော်တို့က ၁ ရာခိုင်နှုန်းကောက်မယ်။ နိုင်ငံခြားရောင်းတယ် ဆို ၅ ရာခိုင်နှုန်းကောက်မယ်။ တရုတ်ပြည်က ၄၈ ရာခိုင်နှုန်း ကောက်တယ်။ ဟိုတုံးက ကျနော်တို့ဆီမှာ အချောထည်လုပ်ငန်းက မဖွံ့ဖြိုးဘူး။ အချောထည် လုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့်ပေးမထားဘူး၊ နိုင်ငံခြားကုမ္ပဏီတွေ။ ခု ပေးလိုက်ပြီ ဆိုတော့ တရုတ်ရဲ့ကုမ္ပဏီတွေ ဒီမှာ လာဖွင့်မယ်။ တရုတ်ပြည်မှာ သွားပြီးတော့ မှ သူတို့ မဖွင့်တော့ဘူး။ မြန်မာပြည်မှာ လာ စက်ရုံတွေ တည်ကြမယ်။ အချောထည် လုပ်ငန်းတွေလုပ်ကြမယ်။ ဒီမှာ ကျောက်မျက်ဈေးကွက်ကြီး ကျောက်စိမ်း ဈေးကွက် အဓိက ဖြစ်လာမယ်။ မတူးဘဲနဲ့တောင်မှ သူတို့ ဆီက ဝင်လာတဲ့ ကျောက်တွေ ကို ပြန်လက်ခံပြီးတော့မှ ကမ္ဘာ့ဈေးကွက်ကြီးဖြစ်အောင် ကျနော်တို့က လုပ်နေတာပါ။”
ဒီအတွက် နည်းဥပဒေကို တိတိကျကျ ရေးဆွဲဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ဖားကန့်ဒေသက Greenland သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အရပ်ဖက် အဖွဲ့ရဲ့ တာဝန်ခံ ကိုနောင်းလတ် ကတော့ အသစ်ပြဋ္ဌာန်းမယ် ဥပဒေနဲ့ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။
“ ဥပဒေက ကောင်းပြီးတော့ လက်တွေ့မှာ လုပ်ဆောင်မှု အားနည်း တယ်ဆိုရင် ကျနော်တို့ ဘာမှ မျှော်လင့် စရာတော့ မရှိဘူး။ ဥပဒေမထုတ်ပြန်ခင်မှာ ကျောက်မျက် ဒီစည်းမျဉ်း စည်းကမ်းတွေကို အတွင်းကျကျ ဗြောင်ကျကျ ချိုးဖောက်နေတာတွေကို တစ်ကယ်တမ်း ကျနော်တို့ အပြစ်ပေးခဲ့သလား။ ဘယ်လိုအပြစ်ပေးခဲ့သလဲ၊ ကျနော်တို့ မတွေ့ရသေးဘူး။ ဒီဥပဒေ ဘယ်လောက်ပဲ ထုတ်ထုတ် လက်တွေ့မှာ မလုပ်နိုင်ဘူးဆိုရင် ကျနော်တို့ လောလောဆည်တော့ ပြောင်းလဲမှာ မဟုတ်ဘူး။ ဖားကန့်ဒေသ မှာတော့ ထိုနည်းလည်းကောင်း ပဲ ဆက်ပြီးရှိနေသေးတယ်ပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ ပြောဖို့တော့ စောလွန်းပါသေးတယ်။”
လက်ရှိ ဖားကန့်ဒေသမှာ လုပ်ကိုင်နေတဲ့ ကျောက်မျက်ကုမ္ပဏီတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေ က အရေးမယူရဲတဲ့အခြေအနေတွေ ရှိနေကြောင်းလည်း ထောက်ပြ ပါတယ်။
အခု အတည်ပြုလိုက်တဲ့ ၂၀၁၇ ကျောက်မျက်ရတနာဥပဒေမှာ အများဆုံး ၅ ဧကအထိ ပဲရှိတဲ့ လုပ်ကွက် အကျယ်အဝန်း ကို၃ နှစ်အထိ တူးဖေါ်ခွင့်ရရှိမှာဖြစ်ပြီး သက်တမ်းကို နောက်ထပ် နှစ်ကြိမ် တိုးခွင့် ရရှိမှာဖြစ်ပါတယ်။ အရင် ၂၀၁၆ က ဒုတိယအကြိမ် ပြင်ဆင်တဲ့ ကျောက်မျက်ရတနာ ဥပဒေမှာတော့အကျယ်အဝန်း ဧက ၅၀ အထိနဲ့ ၁၀ နှစ် အထိကို အကြီးစား ကျောက်မျက် တူးဖေါ်ရေးလုပ်ငန်းအဖြစ် ခွင့်ပြုထားတာဖြစ်ပါတယ်။