သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှာ လူမျိုးတုံးရှင်းလင်းမှု မရှိခဲ့ဟု ဂျပန်သံအမတ် ယူဆ


ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့မာရုယာမ
ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့မာရုယာမ

(Zawgyi/Unicode)

ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို ICJ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောာင်ခဲ့တဲ့ မြန်မာအစိုးရအဖွဲ့ ရပ်တည်ချက်ကို ဂျပန်နိုင်ငံက ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု genocide အမှန်တကယ် မရှိခဲ့ဘူးဆိုတာ ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ဒီဇင်ဘာ ၂၆ ရက် သူ့နေအိမ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောလိုက်ပါတယ်။ ဒီပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု genocide မရှိဘူးဆိုတာ သူ့အနေနဲ့ ယုံကြည်ကြောင်း ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့မာရုယာမက ဒီနေ့ ဒီဇင်ဘာ ၂၆ ရက် သူ့နေအိမ်မှာ လုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

“genocide တကယ် (ဆုံးဖြတ်ချက်) ချ၊ မချ ဆိုတာ ကျနော် မရှင်းပြနိုင်ပါဘူး။ ဘာလို့ဆိုတော့ genocideရှိတယ်လို့ ကျနော် မထင်ပါဘူး။ ဒါကြောင့်မို့လို့ အပြည်ပြည်ဆိုင်ရာတရားရုံးက genocide ရှိတယ်ဆိုပြီး ဆုံးဖြတ်ချက်ချမယ်လို့ လုံးဝမထင်ပါဘူး။”

တကယ်လို့ မြန်မာနိုင်ငံအတွက် ICJ က ကြားဖြတ် အရေးယူ ဆောင်ရွက်မှု တွေ လုပ်ဆောင်ရမယ်လို့ ဆုံးဖြတ်ချက် ချပေးမယ် ဆိုရင်လည်း ဂျပန်အစိုးရက တတ်နိုင်တဲ့ ဘက်က အကူအညီပေးသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။


ICJ ကိစ္စမှာ ဂျပန်အစိုးရက မြန်မာအစိုးရကို ထောက်ခံတာဟာ ဂျပန်နဲ့ အနောက်နိုင်ငံတွေကြား သဘောထားကွဲလွဲ နေတာမျိုး မဟုတ်ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီရေး အောင်မြင်ဖို့၊ နိုင်ငံတကာနဲ့ဆက်ဆံရေး အဆင်ပြေဖို့အပြင် စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အနောက်နိုင်ငံတွေနဲ့ သဘောထား ထပ်တူ ဖြစ်ကြောင်း ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့မာရုယာမက ပြောပါတယ်။

“အနောက်နိုင်ငံ အစိုးရပဲဖြစ်ဖြစ် သူ ပိုပြီး ဖိအားပေးတာရှိတယ်။ ဝေဖန်တာတွေ ရှိတော့ ရှိပေမဲ့ သူတကယ် ရည်ရွယ်နေတာက ဘာလဲဆိုတော့ ဒီမိုကရေစီ အောင်မြင်စေချင်တယ်။ မြန်မာပြည်သူလူထုကို အဆင်ပြေစေချင်တယ်။ စီးပွားရေး တိုးတက်စေချင်တယ်။ အဲဒီလိုဆိုရင် ကျနော်တို့ အစိုးရ ရည်ရွယ်ချက်နဲ့ အနောက်နိုင်ငံများ အစိုးရနဲ့ ရည်ရွယ်ချက်က အတူတူလောက်ဖြစ်တယ်လို့ ကျနော်ပြောနိုင်ပါတယ်။”

ဂျပန်နိုင်ငံ လက်ရှိညွန့်ပေါင်းအစိုးရအဖွဲ့က Komeito ပါတီရဲ့ ခေါင်းဆောင်၊ အထက်လွှတ်တော်အမတ် Mr. Yamaguchi Natsuo ရဲ့ ဒီရက်ပိုင်း မြန်မာပြည်ခရီးစဉ်ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ သီးခြားစီတွေ့ဆုံပြီး ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံးအခြေအနေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဂျပန်နိုင်ငံက ဆက်ပြီးကူညီသွားမယ့် အခြေအနေကို အထက်လွှတ်တော်အမတ် Mr. Yamaguchi Natsuo က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတုန်း ပြောခဲ့တာပါ။

ဂျပန်နိင်ငံက မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အစဉ်တစိုက် အကူအညီတွေ ပေးနေတဲ့အပြင် မနှစ်က ဒီအချိန်ကလည်း ဂျပန်အစိုးရက ရခိုင်ပြည်နယ်ထဲကနေ တဘက်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဂျပန်ယန်းငွေ သန်း ၃၀၀ ကျော် အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG