သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကာလ သတင်းမှန်စီးဆင်းမှု အရေးကြီးကြောင်း ယန်ဟီးလီ ထောက်ပြ


မြန်မာနိုင်ငံဆိုင်ရာ ကုလ ကိုယ်စားလှယ် Ms. Yanghee Lee (စက်တင်ဘာ ၀၃၊ ၂၀၁၉)
မြန်မာနိုင်ငံဆိုင်ရာ ကုလ ကိုယ်စားလှယ် Ms. Yanghee Lee (စက်တင်ဘာ ၀၃၊ ၂၀၁၉)

(Zawgyi/Unicode)

မြန်မာသတင်းသမား သုံးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူတာနဲ့ ပတ်သက်ပြီး ကုလ အထူးကိုယ်စားလှယ်ရဲ့ ကန့်ကွက်ဝေဖန်ချက်သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ဆက်ပေးပါမယ်။

အခုလို COVID-19 ကပ်ရောဂါအကြပ်အတည်ကာလမျိုးမှာ မြန်မာသတင်းသမားတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ ဖမ်းဆီးအရေးယူတဲ့အပေါ် မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က ကန့်ကွက်ဝေဖန်လိုက်ပါတယ်။ အခုလို အကြပ်အတည်းအချိန်မှာ သတင်းမှန်တွေ မပြတ်စီးဆင်းစေဖို့နဲ့ အထူးသဖြင့် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်းနေသလို စစ်ပွဲတွေကို ယာယီရပ်ဆဲထားဖို့လိုတယ်လို့လည်း မြန်မာအာဏာပိုင်တွေကို ကုလ ကိုယ်စားလှယ် Ms. Yanghee Lee က တိုက်တွန်းပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ကို နှိပ်ကွပ်တာတွေနဲ့၊ စစ်ပွဲနဲ့ပတ်သက်လို့ ရောဂါထိန်းချုပ်ရေးနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ ဖြတ်တောက်တာတွေအပေါ်မှာလည်း ကုလအထူးကိုယ်စားလှယ်အနေနဲ့ ကန့်ကွက်တဲ့အကြောင်း ကုလသမဂ္ဂရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာသတင်းသမားသုံးဦးဖြစ်တဲ့ ခိုင်မြတ်ကျော်၊ ဦးသာလွန်ဇောင်းထက်၊ ဦးနေမျိုးလင်းတို့ သုံးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူတယ်ဆိုတဲ့အပေါ် Ms. Yanghee Lee က ကန့်ကွက်ထားပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူခံရတဲ့ VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကိုတော့ မန္တလေး ချမ်းမြသာစည်တရားရုံးမှာ ဒီကနေ့မနက်ပဲ ဒုတိယအကြိမ် တရားရုံးထုတ်ပါတယ်။

ရုံးထုတ်လာချိန်မှာတော့ VOM သတင်းဌာန အယ်ဒီတာ ဖြစ်သူ ဦးနေမျိုးလင်းက

"လူ့အခွင့်အရေးချိုးဖောက်ခံနေရပါတယ်။ ကျနော်ကိုသေဒဏ်တွေ ကျခံရတဲ့ လူတွေ နေတဲ့တိုက်ထဲမှာ ထားပါတယ်။ တံခါး ၃ ပေါက် ပိတ်ထားပါတယ်။ ကျနော် ငြိမ်းချမ်းရေးသတင်းရေးတာပါ။ ငြိမ်းချမ်းရေးအတွက် အစိုးရပေးတာ လက်ထိပ်ပါ။"

ပြီးခဲ့တဲ့ မတ်လ ၂၇ နေ့က VOM သတင်းဌာနက အစိုးရဘက်က အကြမ်းဖက် အဖွဲ့အစည်းအနေနဲ့ သတ်မှတ်ထားတဲ့ AA ရက္ခိုင့် တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ VOM ဆက်သွယ်မေးမြန်ခဲ့တာက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး တရားစွဲဆိုခဲ့တာပါ။

ဒီအမှုအတွက် လာမယ့် ရုံးချိန်းကိုတော့ ဧပြီ ၂၃ ရက်နေ့ ထပ်မံ ချိန်းဆိုထားပါတယ်။ ဦးနေမျိုးလင်း ဇနီး သည် ဒေါ် ဇာနည်မာန်ကတော့ မတရားသဖြင့် ဖမ်းဆီးခံနေရတဲ့ အမျိုးသားအတွက် အမှန်တရားပေါ်ပေါက်ဖို့ တောင်းဆိုသွားပါတယ်။

"ရမန် က ၂၃ ရက်နေ့ထိ ထပ်ယူတယ်။ တရားရုံးကိစ္စတွေ ဘာမှလုပ်မရဘူး။ လောလော ဆယ် တရားစွဲ အဖွဲ့အစည်းထဲမှာ ရှိနေသေးတော့ ဘာမှလုပ်မရသေးပါဘူး။ ဒီကြားထဲ တရားခွင်ပေါ်ရောက်ရင်တော့ သူ ခုခံချေပခွင့်ရှိမှာပါ။ ဘာမှမဆိုင်၊ ဘာမှ မကျုးလွန်ဘဲ အခုလို တရားစွဲခံရတာဆိုတော့ မတရားဘူးပေါ့အမကတော့ အမြန်ဆုံး လွတ်စေချင်တယ်။"

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၀(က) ဟာ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တကျွန်း ကျစေနိုင်ပြီး အကြမ်းဖက်တိုက် ဖျက်ရေး ဥပဒေ ၅၂(က)ကတော့ အနည်းဆုံးထောင်ဒဏ် ၃ နှစ် မှ အများဆုံး ထောင်ဒဏ် ၇ နှစ် ထိ ကျခံရနိုင်တဲ့ ပုဒ်မတွေဖြစ်ပါတယ်။

သတင်းမီဒီယာကောင်စီက သတင်းသမားတွေအပေါ် မကျေနပ်ချက်ရှိပါက သတင်း မီဒီယာဥပဒေအရ သတင်းမီဒီယာကောင်စီကို ဦးစွာ တိုင်ကြားဖို့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်တွေနဲ့ သတင်းမီဒီယာ ကောင်စီတို့ တွေ့ဆုံချိန်မှာ ကတိပြုထားပေမယ့် ဒီတခါမှာလည်း သတင်းမီဒီယာကောင်စီကိုအကြောင်း တစုံတရာ အသိပေးတာ မရှိခဲ့ ပါဘူး။

ဦးနေမျိုးလင်း ရှေ့နေအဖြစ် လိုက်ပါ အကျိုးဆောင်မယ့် ရှေ့နေ ဦးသိန်းသန်းဦးကတော့ တရားဥပဒေအရ မျှတမှု မရှိတဲ့ အရေးယူမှုနဲ့ပတ်သတ်လို့ အစိုးရအနေနဲ့ စဉ်းစားလုပ်ဆောင်ဖို့ တိုက်တွန်းသွားပါတယ်။

"အမှန်ကတော့ဒါက သတင်းလွတ်လပ်ခွင့်ပဲလေ။ သတင်းသမားကမေးမှာပဲလေ။ ကြည့်ရတာဟိုဘက်က ဖြေရှင်းချက်ကို မပြောစေချင်ဘူးထင်တယ်။ ကိုယ်လုပ်တဲ့ အလုပ်က ဟုတ်နေရင် ဘာပြောပြောပဲပေါ့။ VOM က မလုပ်လဲ တခြားနိုင်ငံခြားသတင်းဌာနတွေကလုပ်မှာဘဲ။တခြားနိုင်ငံခြားသ တင်းဌာနတွေကျတော့ ဘာမှ မလုပ်နိုင်ဘူး ကိုယ့်ကြက်ကိုကိုယ်လည်မြိုပြန်ညစ်သလိုဘဲ။ ဒီတနှစ် ၂နှစ် အတွင်းမှာ ၂၀၁၉၊ ၂၀၂၀ အတွင်းမှာသိသိသာသာကြီး သတင်းမီဒီယာ လွတ်လပ်ခွင့်တို့ သတင်းရပိုင်ခွင့်တို့က တော်တော်ထိခိုက်လာတယ်စိုးရိမ်ရတဲ့ အခြေအနေ တခုဖြစ်နေတယ်။"

ကုလ အထူးကိုယ်စားလှယ် Ms. Yanghee Lee ကတော့ သတင်းထောက်တွေကို အခုလို အရေးယူတာတွေကို ပြန်ရုပ်ဖို့။ စစ်ဖြစ်နေတဲ့ ရခိုင်နဲ့ ချင်းဒေသမှာ အင်တာနက်လိုင်းဖြတ်တောက်တာတွေမလုပ်ဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။ အထူးသဖြင့် အခုလို ကပ်ရောဂါအကြပ်အတည်း ကြုံနေရချိန်မှာ သတင်းသမားတွေ လွတ်လပ်စွာသတင်းရယူခွင့်ရှိဖို့ကိုလည်း ထောက်ပြထားပါတယ်။ အကြပ်အတည်းကာလကို အသုံးချပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေ သတင်းသမားတွေ ကျန်းမာရေးလုပ်သားတွေနဲ့ သတင်းမှန်ပေးသူတွေကို အရေးယူတာမျိုးတွေ မလုပ်ကြဖို့ကိုလည်း အစိုးရအာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode Version]















XS
SM
MD
LG