သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မှု ကရင်အဖွဲ့အစည်း ၁၀၀ ကျော် ကန့်ကွက်


လ ျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတွေကြောင့် သံလွင်မြစ်မှာ ညစ်ညမ်းမှု ဖြစ်လာမယ့် အရေး ဒေသခံတွေ စိုးရိမ်။ နိုဝင်ဘာ ၁၆ ရက် ၂၀၁၄။
လ ျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတွေကြောင့် သံလွင်မြစ်မှာ ညစ်ညမ်းမှု ဖြစ်လာမယ့် အရေး ဒေသခံတွေ စိုးရိမ်။ နိုဝင်ဘာ ၁၆ ရက် ၂၀၁၄။

ကရင်ပြည်နယ် အတွင်းမှာ တိုယိုထိုင်း ကုမ္ဗဏီကနေ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့် ကိစ္စနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမူ တာဝန်ယူတာဝန်ခံမှု အားနည်းနေတာနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့ ကာလမှာ မူတွေ၊ ပေါ်လစီတွေ သေချာ မချမှတ်ရသေးတဲ့ အတွက်ကြောင့် အကြီးစား စီမံကိန်းတွေ မလုပ်သင့်ဘူးဆိုပြီး ကရင်လူထု အခြေပြု အဖွဲ့အစည်း အပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်း ၁၀၀ ကျော်က ကန့်ကွက် လိုက်ပါတယ်။ ထိုင်း အခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် ဘားအံ မြို့နယ်တွင်းမှာ လ ျှပ်စစ် ဓာတ်အား ၁၂၀၀ မဂ္ဂါဝပ် ထွက်ရှိမယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်မယ့် ကိစ္စနဲ့ ပတ်သက်လို့ ထိုင်း ကုမ္ဗဏီက ဖိတ်ကြားပြီး မြန်မာ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်မယ့် အစီအစဉ် မိတ်ဆက်ပွဲကို ကရင်ပြည်နယ် ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့တာပါ။

ဒီလို ကျင်းပ အပြီးမှာ အစိုးရဘက်ကလည်း ဒီစီမံကိန်းကို ဆက်လုပ်မယ့် အနေအထားကြောင့် ကရင်လူထု အခြေပြု အဖွဲ့ ၃၀ ကျော်နဲ့ အတူ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ကန့်ကွက်ခဲ့ရတာ ဖြစ်တယ်လို့ EITI လုပ်ငန်းစဉ်ရဲ့ အရပ်ဘက် ကိုယ်စားလှယ် ဖြစ်တဲ့ စောမီးဘွယ်ဒိုက အခုလို ပြောပါတယ်။

“ ဒီဟာကို ကန့်ကွက်တယ်။ ကုမ္ဗဏီက လုပ်တဲ့ လုပ်ငန်းတွေက ပွင့်လင်းမြင်သာမှု သိပ်မရှိဘူး။ လုပ်နေတဲ့ ပုံစံတွေကလည်း ပြည်သူကို သေသေချာချာ ရှင်းပြတာမျိုး မရှိဘူး။ နောက် အခု လုပ်နေတဲ့ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့မှာ ဒီ ရွာတွေမှာ သူတို့ Presentation လုပ်တယ်။ နောက် ဒီနေ့ ပြည်နယ် ခန်းမမှာ လုပ်တဲ့ ပွဲတွေကလည်း အချိန်လုံလောက်မှုလည်း မရှိဘူး။

ပြီးတော့ လူထုတွေကိုလည်း သေချာ နားလည်အောင် ရှင်းပြတဲ့ Process မဟုတ်ဘူးလို့ ကျနော်တို့ နားလည်တယ်လေ။ ဒီ နည်းပညာကောင်းကြောင်းကိုဘဲ ပြောသွားတာလေ။ သူတို့နဲ့ ပတ်သက်ပြီးတော့ ဘာမှ ပြောသွားတာ မရှိဘူး။ အရင်ဆုံးကတော့ ဒီမြေယာနဲ့ ပတ်သက်တဲ့ အရှုပ်အရှင်းတွေ၊ ဒါက ဖြစ်ချင်လည်း ဖြစ်လာနိုင်တဲ့ အရာတွေပေါ့။

နောက်ပိုင်းတွေကတော့ ခုနက ပြောတဲ့ ပြည်သူလူထုတွေရဲ့ ထိခိုက်နစ်နာမှုတွေကို ဘယ်သူက တာဝန်ယူမှာလဲပေါ့။ ဘယ်သူက စီစဉ်မှာလဲပေါ့။ ကျနော်တို့ ထင်တယ် လူထုတွေက ဘယ်သူ့ကို အားကိုးရမှာလဲ ပေါ့နော်။ တကယ်လို့ ပြသနာ ဖြစ်လာရင် မြေယာတွေ အတွက် ပြသနာဖြစ်လာရင်သော်လည်းကောင်း၊ ခုနက ဒီ သံလွင်မြစ်ကို အသုံးပြုမှာကိုး။ သံလွင်မြစ်နဲ့ ပတ်သက်တဲ့ ရေညစ်ညမ်းမှုတွေ ဖြစ်လာလို့ ရှိရင်၊ ဒီ ရေအရင်းအမြစ် ဆုံးရှုံး နစ်နာမှု ရှိလာလို့ ရှိရင် ပြည်သူလူထုတွေက ဘယ်သူ့ကို တိုင်ရမလဲ ဆိုတာတွေ ပေါ့လေ။ အဲဒါတွေက သူတို့ အတွက်တော့ တော်တော်ခက်ခဲလာမယ်လို့ ထင်ပါတယ်။ ”

ကရင်ပြည်နယ် အတွင်းက သံလွင်မြစ်ကို အသုံးပြု လုပ်ဆောင်မယ့် အစိုးရရဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ကရင်လူထု အခြေပြု အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလမှာ စီမံကိန်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေက လူထုတွေ အပေါ် သက်ရောက်မှုတွေ ရှိနိုင်တာတွေ ရှိနိုင်တဲ့ အတွက် စီမံကိန်း အကြီးစားတွေ မလုပ်ဆောင်သေးဖို့ တောင်းဆိုနေကြတာပါ။

ဒီထဲမှာ မြန်မာ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့ကြီး ဖြစ်တဲ့ KNU ကိုလည်း ဆွေးနွေးပွဲတိုင်းမှာ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလ ျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့် ကိစ္စနဲ့ ပတ်သက်လို့ KNU ပါဝင်ပတ်သက်နေမှုတွေကိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ ဒီ ပြီးခဲ့တဲ့ ၁၉ ရက်နေ့က ဝတ်ကြီးမှာ လုပ်သွားတဲ့ လူထု Presentation မှာတော့ KNU တာဝန်ရှိသူ တယောက်က နေပြီးတော့ ဂျပန် အတွေ့အကြုံကို ရှင်းသွားတာတွေ့ရတယ်။ ဆိုတော့ ကျနော်တို့ အရပ်ဘက်မှာတော့ ဒါတွေက စဉ်းစားစရာတွေ ဖြစ်လာတယ်ပေါ့နော်။ ကြားကာလမှာ ပေါ့လေ ဒီလိုမျိုး စီမံကိန်းတွေ အကြီးစား စီမံကိန်းတွေ မလုပ်သင့် သေးဘူးလို့ ကျနော်တို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုက မူတွေ ကြားကာလနဲ့ ပတ်သက်တဲ့ မူတွေ၊ ပေါ်လစီတွေလည်း မရှိသေးဘူးဆိုတော့လေ။ ”

ကရင်ပြည်နယ် ခန်းမမှာ ဒီနေ့ ပြုလုပ်တဲ့ တိုယိုထိုင်း ကုမ္ဗဏီနဲ့ အစိုးရတို့ မိတ်ဆက်ပွဲမှာလည်း အစိုးရဘက်က ကရင်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်ခဲ့ပြီး သူ့ရဲ့ သဘောထားကိုလည်း ပြောဆိုခဲ့တယ်လို့ အခုလို ပြောပါတယ်။

“ ကရင်ပြည်နယ် ဝန်ကြီးချုပ်ကတော့ ဒီကနေ့ ရှင်းလင်းပွဲမှာတော့ ဒါကြီးကို လုပ်မယ်လို့တော့ ပြောသွားတယ်လေ။ ကျောက်မီးသွေး စက်ရုံနဲ့ ပတ်သက်လို့ အကယ်၍ လူထုတွေက တခုခု ဆိုးကျိုးတွေ ဘာတွေ ပေါ်လာခံစားရမယ် ဆိုရင် သူ့အနေနဲ့ အပြစ်ကို ခံယူမယ်လို့တော့ ပြောသွားတာတော့ တွေ့ရတယ် ခင်ဗျ။”

ကျောက်မီးသွေးသုံး လ ျှပ်စစ်ဓာတ်အားပေး စက်ရုံကို ကရင်ပြည်နယ် ဝတ်ကြီး ကျေးရွား အနီးမှာ တည်ဆောက်မှာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်ကနေ စတင် လုပ်ဆောင်ပြီး ၂၀၂၂ မှာ အပြီးသတ် ထုတ်လုပ်နိုင်လိမ့်မယ်လို့ လျာထားချက် ရှိတာပါ။ ကရင်ပြည်နယ် အတွင်းမှာ အစိုးရ အနေနဲ့ ဖွံ့ဖြိုးရေးနဲ့ စွမ်းအင် ထုတ်လုပ်မှု မြင့်တက်နိုင်ဖို့တွေ ရည်ရွယ်ပြီး လုပ်ဆောင်နေပေမယ့်လည်း သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်တာကြောင့် အရပ်ဘက် လူ့အဖွဲ့အစည်း ၁၀၀ ကျော်က ကန့်ကွက်ရတာ ဖြစ်တယ်လို့လည်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG