သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရပ်/ကျေး အုပ်ချုပ်ရေးရွေးကောက်ပွဲဆိုင်ရာ ပညာပေးရေးလိုအပ်


 ရွေးကောက်ပွဲ မဲဆန္ဒပေးနေတဲ့ ပြည်သူများ။ (နိုဝင်ဘာလ ၇-၂၀၁၀)
ရွေးကောက်ပွဲ မဲဆန္ဒပေးနေတဲ့ ပြည်သူများ။ (နိုဝင်ဘာလ ၇-၂၀၁၀)

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်တွေ ပြန်လည်ရွေးချယ်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေ ကိုယ်တိုင် ပူးပေါင်းပါဝင်ပြီး ဆန္ဒမဲပေးကြဖို့နဲ့ ကိုယ်တိုင်လည်း ဝင်ရောက်အရွေးချယ်ခံကြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းလိုက်ပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးအဆင့် ရွေးချယ်ပွဲတွေ သန့်ရှင်းမျှတမှုရှိရေး ဒေသခံပြည်သူတွေ အနေနဲ့ ဘယ်လို ရွေးချယ်နိုင်သလဲဆိုတဲ့ ပညာပေးမှုတွေကို ရှင်းလင်းတိကျစွာ သိရှိနိုင်အောင် သက်ဆိုင်တဲ့တာဝန်ရှိသူတွေဘက်ကလည်း စနစ်တကျ လုပ်ဆောင်ဖို့ တိုက်တွန်းကြပါတယ်။ အခုဆိုရင် မြို့နယ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်နိုင်ရေး စတင်လှုပ်ရှားဆောင်ရွက်နေကြပြီလည်းဖြစ်ပါတယ်။ မဆုမွန် အသေးစိတ် ဆက်ပြောပြပါမယ်။

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်နယ် တိုင်းဒေသကြီးအသီးသီးက ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အကုန်လုံး တပြိုင်နက်တည်း ပြန်လည်ရွေးချယ်တော့မှာဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီနည်းကျ တရားမျှတမှုရှိတဲ့ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲဖြစ်ရေးကိုလည်း သက်ဆိုင်ရာပြည်နယ်၊ တိုင်းအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေဘက်က အခုကတည်းကစလို့ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ မိမိတို့ ရပ်ကွက် အုပ်ချုပ်ရေးအဆင့် အရေးကြီးတဲ့ရွေးချယ်မှုတွေ ပူးပေါင်းပါဝင်ကြဖို့နဲ့ ကိုယ်တိုင်လည်း အုပ်ချုပ်ရေးအဆင့်တွေမှာ ပါဝင်ရွေးချယ်ကြဖို့ ရန်ကုန်တိုင်း ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဘမျိုးသိန်းက အခုလိုတိုက်တွန်းပါတယ်။

“အခုလာမယ့် အထွေထွေအုပ်ချုပ်ရေးမှူးရွေးချယ်ပိုင်းမှာတော့ ပြည်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ပေါ့။ မှန်မှန်ကန်ကန်ရွေးချယ်ပေးဖို့လိုတယ်။ ၂ ခုပေါ့နော် တခုကတော့ ကိုယ်တိုင်လည်း မဲပေးဖို့လိုတယ်။ နောက်တချက်ကတော့ ကိုယ်ကိုတိုင်လည်း အရွေးခံဖို့ ၊ ကိုယ်ကိုတိုင်အရည်အချင်းရှိတယ်ဆိုရင် အများပြည်သူအကျိုးအတွက် လုပ်မယ်ဆိုရင် ကိုယ်ကိုတိုင်လည်းအရွေးချယ်ခံဖို့ ဒီ ၂ ခုစလုံးကို တပြိုင်နက်ထဲ ပြည်သူတယောက်အနေနဲ့ လုပ်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကို ပြောရမှာပေါ့နော် ဒါလေးကိုပြောချင်တာပေါ့။”

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်မှုတွေမှာ သမာသမတ်ကျတဲ့ ရပ်ကွက်ကျေးရွာအကျိုး အမှန်တကယ်သယ်ပိုးပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ အုပ်ချုပ်သူတွေ ပါဝင်နိုင်ရေး ကိုယ်တိုင်မဲပေး ရွေးချယ်ပေးကြဖို့ကိုလည်း ဒီမိုကရေစီဖွံဖြိုး တိုးတက်ရေး လုပ်ရှားဆောင်ရွက်မှု ကော်မတီစည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည် ကလည်း ပြည်သူတွေ တိုက်တွန်းပါတယ်။

“အခုအသစ်ပြဌာန်းလိုက်တဲ့ တတိယအကြိမ် ရပ်/ကျေးဥပဒေအရဆိုရင် ပြည်သူလူထုရဲ့ပါဝင်မှုက အဆင့်တိုင်းမှာပါဝင်ခွင့်ရှိတယ်လို့ ကျမတို့သတ်မှတ်လို့ရတယ်။ နံပတ်၁ အရေးကြီးဆုံးက ကြီးကြပ်ရေးမှူး ၅ ဦးကို ရွေးချယ်တဲ့အခါမှာ စပြီးတော့ ပြည်သူလူထုပါဝင်လို့ရပြီပေါ့နော်။ ကြီးကြပ်ရေးမှူးတွေက သိပ်ကိုအရေးကြီးတယ် သူတို့တွေသည် ရွေးကောက်ပွဲတခုလုံးကကို သမာသမတ်ကျကျနဲ့ နည်းစနစ်အမှန်ဖြစ်အောင်လို့ ပြည်သူလူထုက ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ ဆယ်အိမ်မှူးရွေးချယ်တာ ၊ ဒီ ဆယ်အိမ်မှူးစဖြစ်ခြင်းသည် ဘယ်အထိ သက်ရောက်မှုရှိသွားသလဲဆိုရင် ကိုယ့်ရပ်ကွက် ကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပိုင်ခွင့်အထိပါ ဆယ်အိမ်မှူးတွေက ဖြစ်နိုင်ခြေရှိတယ်ပေါ့နော်။ အုပ်ချုပ်ရေးမှူးဖြစ်ချင်တယ်ဆိုရင် ဆယ်အိမ်မှူးအရင်ဖြစ်မှ ရမှာပါ။ ဆိုတော့ ကိုယ့်ရပ်ရွာမှာ ကိုယ့်ဆယ်အိမ်မှူးတွေကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့အခါမှာ စနစ်တကျ ဖြစ်တာနဲ့ အတူတူပဲပေါ့နော်။ ဆိုတော့ ဆယ်အိမ်မှူးတွေကိုလည်း စနစ်တကျရွေးချယ်ဖို့အတွက် ပြည်သူလူထုက ဘာကိုသတိထားရမလဲဆိုတော့ ဘယ်အချိန်မှာ ဘယ်ရွေးကောက်ပွဲကို လုပ်မှာလဲ ၊ ဘယ်လိုနည်းတွေနဲ့ လုပ်မှာလဲ၊ ဘယ်အချိန်မှာ လာရမှာလဲ စသဖြင့် အတိအကျကို သူတို့ ကြီးကြပ်ရေးမှူးတွေနဲ့ ညှိနှိုင်းပြီးတော့ သတင်းအချက်အလက်ကို ကိုယ့်ရပ်ရွာမှာ အတိအကျ ဖြန့်ဝေပေးဖို့ လိုအပ်တယ်။”

သက်ဆိုင်တဲ့ တာဝန်ရှိသူတွေအနေနဲ့လည်း ကိုယ်တိုင်ရွေးချယ်မဲပေးရမယ့်ပြည်သူတွေအတွက် ရွေးချယ်နည်းအဆင့်ဆင့် ရွေးချယ်ပုံအဆင့်ဆင့်ကို သိရှိနားလည်အောင် ပညာပေးမှုတွေကို စနစ်တကျဆောင်ရွက်သင့်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ဦးဘမျိုးသိန်းကပြောပါတယ်။

“အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲလုပ်မယ့် အချိန်နဲ့ နေရာနဲ့ ကိုသေသေချာချာပြောပေးဖို့လိုတယ်။ နောက်ပြည်သူတွေကိုယ်တိုင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်ပေးဖို့ မဲပေးဖို့ လိုတယ်။ နောက်အိမ်ထောင်စုတိုင်း အိမ်ထောင်စုတိုင်းမှာ ရှိတဲ့ ဒီ အသက် ၁၈ နှစ်ထက် ပြည့်တဲ့သူ ဆိုရင်လည်း မဲပေးရမယ်ဆိုရင် မဲပေးဖို့လိုတယ်။ ရွေးချယ်တဲ့အခါလည်း မှန်မှန်ကန်ကန် ရွေးချယ်ပေးဖို့လိုတယ်ပေါ့ အဲဒါကတော့ အရေးကြီးတယ်ပေါ့။ မှန်ကန်တဲ့လူကို ရွေးချယ်ပေးဖို့ကတော့ အရေးကြီးဆုံးအလုပ်ပါပဲ ဒီဟာကလေ။ ကျနော်တို့ ၂၀၁၂ ခုနှစ်တုန်းကလည်း တခါပေါ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ရွေးတော့မယ်ဆိုတော့ အသိပေးမှုတွေလုပ်တယ်ပေါ့နော်။ လုပ်တယ်ဆိုပေမယ့် ခက်တာက ပြည်သူတွေက စိတ်ဝင်စားမှု နည်းတယ်ပေါ့နော် အဲလိုပဲပြောရမှာပါ။ နည်းတဲ့အခါကျတော့ ကိုယ့်ရပ်/ကျေး ရွာ၊ကျေးကို တကယ်ဆောင်ရွက်မယ့်သူတွေ ပါလာတာထက် အရင် လူဟောင်းတွေပဲ ပါလာတယ်။ တကယ်အလုပ်အကျိုးသက်ရောက်မှုက ပြည်သူတွေကပဲ ခံစားရတာပေါ့နော် ဒီဟာကို နမူနာယူပြီးတော့မှ အခုလာမယ့် အထွေထွေအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမှာတော့ ပြည်သူတွေအားလုံး တက်တက်ကြွကြွဆောင်ရွက်ဖို့လိုတယ်ပေါ့။ မှန်မှန်ကန်ကန် ရွေးချယ်ပေးဖို့ လိုတယ်။”

ပြည်ထဲရေးလက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ မိမိတို့ဒေသ ရပ်ကွက်ကျေးရွာကို အုပ်ချုပ်မယ့်အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့ဆန္ဒနဲ့အညီ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ဖို့ ရပ်ကွက်အကျိုးကို သယ်ပိုးနိုင်ရေး ဆန္ဒမဲပေးရွေးချယ်မှုတွေမှာလည်း အရွေးမမှားကြဖို့လိုတယ်လို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ စနစ်တကျရွေးချယ်ခွင့်ရရေး လှုပ်ရှားဆောင်ရွက်နေသူ မသဉ္ဇာရွှန်းလဲ့ရည်က တိုက်တွန်းပါတယ်။

“ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးဆိုတာက အမှန်အတိုင်းပြောရရင် နေ့စဉ်ဘဝမှာပေါ့နော်။ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြောင်းအရာမှန်သမျှ ဆက်စပ်မှု ရှိနေတယ်။ ကျမတို့ နေ့စဉ်အုပ်ချုပ်နေရကြတဲ့ လူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုလူမျိုးကို သင့်တင့်မှန်ကန်အောင် ရွေးချယ်မှုက လူငယ်၊ လူလတ်၊ လူကြီးမရွေးက သူတို့ကိုယ်တိုင်လည်း စိတ်ဝင်တစားနဲ့ ကိုယ့်ရပ်ရွာ ကောင်းကျိုးအတွက် ကြိုးစားချင်တယ်ဆိုရင် သူတို့ကိုယ်တိုင်ဝင်ရောက်ပြီး ရွေးချယ်ပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတရပ်ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို တိတိပပ ရှင်းရှင်းလင်းလင်းဖော်ပြပေးသင့်တယ်။ ရှင်းပြပေးသင့်တယ် အသိပေးသင့်ပါတယ်။ အဲဒါပြီးတာနဲ့ ရွေးချယ်ပွဲလုပ်ငန်းတွေ လုပ်ဆောင်မယ်ဆိုတဲ့ အခါကျရင် ဒါကို ကျမတို့ ရှင်းလင်းစွာနဲ့ စနစ်တကျနဲ့ အားလုံးသိအောင် ကြိုးစားပေးသင့်တယ်လို့ မြင်ပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းထားတဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးဥပဒေ နဲ့အညီ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပုံ အဆင့်ဆင့်နဲ့ ရွေးချယ်ခြင်းအဆင့်ဆင့်ကို ပြည်သူတွေ ရှင်းရှင်းလင်းလင်းသိရှိနိုင်ဖို့အတွက်ကိုလည်း ရပ်ကွက်မြို့နယ်တွေမှာ ကြီးကြပ်ရေးအဖွဲ့တွေကို ဒီသီတင်းပတ်ကစလို့ ရန်ကုန်တိုင်း က မင်္ဂလာတောင်ညွှန့်အပါအဝင် နေရာတချို့မှာ စတင်ဖွဲ့စည်းနေကြပြီလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG