သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများ ပြန်လည်ကျင်းပမည်


ရပ်ကွက်သူ ရပ်ကွက်သားများ မဲစာရင်းကြည့်ရှု့နေစဉ်။
ရပ်ကွက်သူ ရပ်ကွက်သားများ မဲစာရင်းကြည့်ရှု့နေစဉ်။

တနိုင်ငံလုံးအတိုင်းအတာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေကို NLD အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ်နဲ့ လာမယ့် ဒီဇင်ဘာလထဲ ပြုလုပ်ဖို့ရှိနေပါတယ်။ ပြင်ဆင်ထားတဲ့ ဥပဒေသစ်အရ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေကို လူထုက တိုက်ရိုက်မဲပေးရွေးချယ်ခွင့်ရမယ့် အခွင့်အလမ်းဖြစ်တာကြောင့်၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေကို ပြည်သူ့ဆန္ဒနဲ့အညီ စနစ်တကျ ပြန်ရွေးချယ်နိုင်ဖို့ မျှော်လင့်မှုတွေ ရှိနေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရပ်/ကျေး အုပ်ချုပ်ရေးမှူး နည်းဥပဒေသစ်နဲ့အညီ ပြန်လည်ရွေးချယ်တော့မှာဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာ နဲ့ လာမယ့် ဒီဇင်ဘာလလောက်မှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးသစ် ရွေးကောက်ပွဲတွေ ပြုလုပ်နိုင်ဖို့၊ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြပြီလို့ မန္တလေးတိုင်းတွင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတဦးက အခုလိုပြောပါတယ်။

“ညွှန်ကြားချက်ကတော့ တိုက်ရိုက်မရောက်သေးပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြားချက်အရတော့ ၁၂ လပိုင်းကိုကျနော်တို့ အပြီးရွေးရပါမယ်ခင်ဗျ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ၄ လအတွင်း အပြီးလို့ သိရပါတယ်ခင်ဗျ။ အဓိကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးကနေပြီးတော့မှ စီမံခန့်ခွဲမယ်လို့ထင်ပါတယ်ခင်ဗျ။”

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၁၈၈ အရ တိုင်း ခရိုင် မြို့နယ် အဆင့် အုပ်ချုပ်ရေးမှူးတွေကို အစိုးရက ခန့်ထားပေးတာဖြစ်ပြီး၊ ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၁၈၉ အရဆိုရင် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေကို ရပ်ရွာက ရွေးချယ်ပေးရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီနည်းအရ လူထုက ရွေးချယ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပေါ်မှာရှိတဲ့၊ တိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးတွေဟာ အစိုးရခန့်ထားသူတွေဖြစ်နေတဲ့ အခြေအနေကို အရပ်ဖက်အဖွဲ့အစည်းတွေ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်သလို၊ အရင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ နည်းဥပဒေတွေဟာ လူထုဆန္ဒနဲ့တိုက်ရိုက်ရွေးချယ်နိုင်ခြင်းမရှိဘူးလို့ ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ ဥပဒေသစ်မှာတော့ ဆယ်အိမ်စုမှူး ရာအိမ်စုမှူးကိုသာမက ရပ်ကျေးအုပ်ချုပ်ရေးမှူးကိုပါ ဒေသခံလူထုက တိုက်ရိုက်ရွေးကောက်နိုင်မှာဖြစ်ပါတယ်။

NLD အစိုးရသစ်တက်လာချိန်မှာတော့ အရင်အစိုးရလက်ထက်က ရွေးချယ်ခဲ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့နဲ့ မပြေမလည်မှုတွေ ရှိခဲ့ပြီး၊ NLD အနေနဲ့ ရပ်ရွာအောက်ခြေအထိ အာဏာမသက်ရောက်နိုင်ဘူးလို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒါကြောင့်လည်း အခု တတိုင်းတပြည်လုံး အတိုင်းအတာနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေ ပြန်လည်ရွေးချယ်တာဟာ ကောင်းတဲ့လက္ခဏာဖြစ်ပြီး။ ပြည်သူ့ဆန္ဒနဲ့အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်စွာရွေးချယ်ခွင့်ဖြစ်ဖို့ လိုတယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က အကြံပြုပါတယ်။

“ဒီအစိုးရလက်ထက်မှာ အသစ်အဲလိုပြန်ရွေးတယ်ဆိုတော့ပိုပြီးတော့ ရွေးချယ်မှုတွေ လူထုက တကယ် တင်ချင်တဲ့လူတွေရွေးနိုင်တယ်ဆိုရင်တော့ လူထုဆန္ဒထင်ဟပ်တဲ့ ၊ လူထုအကျိုးကို တကယ်လုပ်ပေးမယ့် လူထုကရွေးတဲ့ ရပ်ကျေးပေါ့နော် အုပ်ချုပ်ရေးမှူးတွေပေါ်လာရင်တော့ ဒါ တိုင်းပြည်အတွက်ကောင်းတာပေါ့။”

အခုလို တနိုင်ငံလုံးအတိုင်းအတာနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အသစ် ပြန်လည်ရွေးချယ်တင်မြှောက်မယ့်အပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးအဆင့်ဆင့်ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး ဒီမိုကရေစီနည်းကျ ပြင်ဆင်ပြောင်းလဲသင့်တာတွေကို လေ့လာသုံးသပ်အကြံပြုနေတဲ့ ဒီမိုကရေစီဖွံဖြိုး တိုးတက်ရေး လုပ်ရှားဆောင်ရွက်မှု ကော်မတီစည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည် ကတော့သူ့အမြင်အခုလိုပြောပါတယ်။

“ဒီအုပ်ချုပ်ရေးဥပဒေသည် အခုလက်ရှိအခြေအနေအထိကို ဒါပြည်ထဲရေးလက်အောက်ပေါ့နော် ပြည်ထဲရေးလက်အောက် အထွေထွေအုပ်ချုပ်ရေး တွေကပဲ အဓိက ဦးစီးနေတာတွေဖြစ်တဲ့အတွက် ကောင်းသွားတာလည်းဖြစ်နိုင်တယ်၊ ဆိုးသွားတာလည်း ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်။ အဲ့ဒီ့တော့ ပိုပြီးကိုယ်စားပြုမှု များလာနိုင်တဲ့ဆိုတဲ့ဟာလည်း ရှိနိုင်သလို တချိန်တည်းမှာလည်း ဒီကိုယ်စားပြုမှုတွေက လက်ကိုင်တုတ်တွေဖြစ်လာနိုင်ခြေတွေလည်း အများကြီးရှိပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို နောက်ခံပေးထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ၊ စစ်တပ်က ခိုင်းတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုပဲ လုပ်ဖို့အတွက် ဒီလူတွေဟာ အသုံးချခံတွေဖြစ်လာမလား ဆိုတဲ့ စိုးရိမ်ချက်တွေလည်း အများကြီးရှိတယ်။ ဒီအတွက်ကြောင့်မို့လို့ ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲလုပ်တယ်ဆိုရင် တကယ့်ရွေးကောက်ပွဲရဲ့ နည်းစနစ်တွေနဲ့အညီ တကယ့်ဒီမိုကရေစီနည်းကျ ရွေးကောက်ခံတွေဖြစ်လာဖို့အတွက်ကို တိုက်တွန်းတယ်။ ပြီးတော့ ပြည်သူတွေအပေါ်မှာ ကိုယ်တွေ ရဲ့ ကိုယ်တိုင်တင်မြောက်လိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ကိုယ်တွေရဲ့ သဘောဆန္ဒကို ဦးစားပေးဖို့ပေါ့နော်။ သူတို့အထက်ကလာမယ့် မြို့နယ်အဆင့် ခရိုင်အဆင့် ၊ တိုင်းအဆင့် ခန့်အပ်ခံ အုပ်ချုပ်ရေးမှူးတွေရဲ့ ခိုင်းတဲ့အလုပ်ကိစ္စတွေ ဒါတွေထက်ကို ပြည်သူတွေကို ပိုပြီးတော့ မျက်နှာမူပေးဖို့ တောင်းဆိုခဲ့ကြတာတွေရှိတယ်ပေါ့။”

အခုလို ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေကို အကုန်လုံးပြန်လည် ရွေးချယ်ကြတဲ့ အခါ အောက်ခြေ အဆင့် ကျေးရွာ အုပ်ချုပ်ရေး ဒီမိုကရေစီနည်းကျ တိုးတက်ဖို့ဆိုရင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေနဲ့ပတ်သက်လို့ ပြည်သူအများစုသေချာသိရှိနိုင်ဖို့လိုသလို ရွေးချယ်မှုမှာလည်း ရပ်ကျေး ရွေးချယ်မှုအဆင့်ဆင့်ကို ပြည်သူတွေ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာကိုလည်း သိရှိဖို့လိုတယ်လို့ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ အရပ်ဖက်အစိုးရအသွင်ကူးပြောင်းမှုလုပ်ပြီးတဲ့နောက် ဖွဲ့စည်းပုံအရ ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေကို ပြည်သူ့ဆန္ဒအလိုကျ ရွေးချယ်နိုင်ဖို့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးဥပဒေတရပ်ကို ၂၀၁၂ ဖေဖော်ဝါရီလ အတွင်းက ပြည်ထောင်စု လွှတ်တော်မှာ ပြဌာန်းခဲ့ပါတယ်။ NLD ပါတီ အများစုအနိုင်ရလာတဲ့ ၂၀၁၆ လွှတ်တော်မှာတော့ ရွေးချယ်မှုပုံစံကို အနည်းငယ် ပြင်ဆင်ပြောင်းလဲခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG