Defeat Malaria ငှက်ဖျားရောဂါ ပပျောက်ရေး အစီအစဉ်သစ်တရပ်အတွက် အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုအစီအစဉ် USAID ကမြန်မာနိုင်ငံကို ဒေါ်လာ ၃၂ သန်း ပေးအပ်သွားမယ်လို့ ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
PMI လို့ခေါ်တဲ့ အမေရိကန်သမ္မတရဲ့ ငှက်ဖျား တိုက်ဖျက်ရေး အစပျိုးလုပ်ဆောင်မှုအစီအစဉ်ကနေ ၅ နှစ်စာအတွက် ဒီငွေကြေး အကူအညီပေးအပ်တာပါ။ Defeat Malaria နဲ့ PMI အစီအစဉ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေး လုပ်ဆောင်နေတာတွေဟာ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ သံဓိဌာန်ခိုင်မာမှုကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ကျင်းပတဲ့ ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးညီလာခံအတွင်း သမ္မတ Barack Obama အပါအဝင် နိုင်ငံခေါင်းဆောင် ၁၈ ဦးတို့က ၂၀၃၀ ခုနှစ်နောက်ဆုံးထားပြီး အာရှ ပစိတ်ဖိတ်ဒေသအတွင်း ငှက်ဖျားရောဂါကင်းစင်ရေးနဲ့ ပါတ်သတ်လို့ သဘောတူဆုံးဖြတ်ခဲ့ကြတာပါ။ ရည်မှန်းချက်ကြီးမားပေမယ့် တကယ့်လက်တွေ့ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်တာကတော့ အမျိုးသား ဌက်ဖျားရောဂါ တိုက်ဖျက်ရေး အစီအစဉ်အပေါ် ထောက်ပံ့နေတာတွေကို ၂ ဆတိုးလုပ်ဆောင်ဖို့ လက်တွဲ ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။
စိန်ခေါ်မှုတွေနဲ့ ဒီကြိုးပမ်းအားထုတ်မှုတွေအတွက် ကျန်းမာရေး၊ အားကစားရေးရာဝန်ကြီးဌာန၊ အလှူရှင်တွေ၊ တခြားပူးပေါင်းဆောင်ရွက်သူတွေအားလုံးနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်သွားဖို့ အမေရိကန်အစိုးရရဲ့ သံဓိဌာန်နဲ့ ပါတ်သတ်လို့ ဒီကနေ့ ကျနော် ထပ်မံပြောကြားပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Scot Marciel က နေပြည်တော်မှာ ပြောကြားခဲ့ပါတယ်။
Defeat Malaria အစီအစဉ်အနေနဲ့ မြန်မာအမျိုးသားငှက်ဖျားရောဂါ ထိန်းချုပ်ရေး အစီအစဉ်နဲ့အတူ၊ ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပြီး ကျေးရွာအဆင့်တွေအထိမှာပါ ငှက်ဖျားရောဂါ ကင်းစင်ရေး ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။