သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးဘောလုံးသင်း ၅ ဂိုး၊ ဂိုးမရှိနဲ့ မလေးရှားသင်းကို အနိုင်ရ


29th SEA Games မြန်မာအမျိုးသမီးအသင်းနှင့် အိမ်ရှင် မလေးရှားအသင်းကစားစဉ် ( Myanmar Football Federation)
29th SEA Games မြန်မာအမျိုးသမီးအသင်းနှင့် အိမ်ရှင် မလေးရှားအသင်းကစားစဉ် ( Myanmar Football Federation)

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပွဲမှာတော့ မြန်မာအမျိုးသမီးအသင်းက အိမ်ရှင် မလေးရှားအသင်းကို ၅ ဂိုး ဂိုးမရှိ နဲ့ အပြတ်အသတ်အနိုင်ရသွားပါတယ်။

ပထမပိုင်းမှာ မြန်မာအမျိုးသမီးအသင်းက မလေးရှားကို ခြေအသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ၊ ပထမပိုင်းမှာ ဂိုးမရှိ သရေဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ဒုတိယပိုင်းပြန်စပြီး ၂ မိနစ်မှာပဲ မလေးရှားဘက်က ကိုယ့်ဂိုးကိုယ်သွင်းလို့ မြန်မာအသင်းက ဂိုးစရခဲ့ပါတယ်။ မြန်မာအတွက် ဒုတိယဂိုးကိုတော့ ၆၂ မိနစ်မှာ ဘယ်တောင်ပံ ကနေ ဂိုးရှေ့တင်ပေးလိုက်တာကို ဝင်းသိင်္ဂီထွန်းက ခေါင်းတိုက်သွင်းလို့ ဒုတိယဂိုးရပါတယ်။ မြန်မာအတွက် တတိယဂိုးကိုတော့ ၇၂ မိနစ်မှာ ခင်မိုးဝေက ပယ်နယ်တီဧရိယာ ဘယ်ဘယ်ခြမ်းကနေ ကန်သွင်းသွားခဲ့လို့ တတိယဂိုးရခဲ့ပါတယ်။ မြန်မာအတွက် စတုတ္ထမြောက်ဂိုးကိုတော့ ၇၆ မိနစ်မှာ ဝင်းသိင်္ဂီထွန်းက ညာဘက်ကနေ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ မြန်မာအတွက် နောက်ဆုံးဂိုးကိုတော့ ၇၉ မိနစ်မှာ ခင်မိုးဝေက သွင်းယူခဲ့လို့ နောက်ဆုံးမှာ ၅ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။ ဒီကနေ့ ပထမပွဲစဉ်မှာတော့ ဗီယက်နမ်က ဖိလစ်ပိုင်ကို ၃ ဂိုး ဂိုးမရှိ နဲ့ နိုင်ထားပါတယ်။

အခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပွဲမှာတော့ အိမ်ရှင် မလေးရှားအသင်းနဲ့ အတူ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နဲ့ မြန်မာတို့ နိုင်ငံ ၅ နိုင်ငံ အုပ်စုပတ်လည်အဖြစ်နဲ့ ပြိုင်ကြတာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အသင်းဟာ အုပ်စုပထမပွဲစဉ်မှာတော့ ထိုင်းကို ၃ ဂိုး ၂ ဂိုး နဲ့ ရှုံးထားတာဖြစ်ပါတယ်။ ဒါကြောင့် အခုအခါမှာတော့ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း နဲ့ ဖိလစ်ပိုင်တို့ ၃ မှတ် စီရထားပြီး မလေးရှားကတော့ ၂ ပွဲစလုံးရှုံးပြီး တမှတ်မှမရသေးပါဘူး။

မြန်မာအမျိုးသမီးအသင်းဟာ လာမယ့် ၂၀ ရက်နေ့မှာ ဗီယက်နမ် နဲ့ ကစားရမှာဖြစ်ပြီး၊ ၂၂ ရက်နေ့မှာတော့ ဖိလစ်ပိုင် နဲ့ ကစားရမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပွဲ ၉ ကြိမ်ကျင်းပပြီးစီးထားတာမှာ ထိုင်းက ၅ ကြိမ်၊ ဗီယက်နမ်က ၄ ကြိမ် အနိုင်ရထားပြီး မြန်မာအမျိုးသမီးအသင်းက ၁၉၉၇ ၊ ၂၀၀၃ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ဒုတိယ ၃ ကြိမ် ရထားပြီး၊ တတိယ ၅ ကြိမ်ရထားပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့အထိတော့ မြန်မာနိုင်ငံက ခြင်းလုံးပြိုင်ပွဲကနေ ရွှေတံဆိပ် ၂ ခု ရရှိထားပြီး ဆုတံဆိပ်ရရှိမှု အနေအထားမှာ တတိယနေရာမှာ ရှိနေပါတယ်။ အိမ်ရှင်မလေးရှားက ရွှေ ၄ ၊ ငွေ ၃ ၊ ကြေး ၃ နဲ့ ပထမနေရာမှာရှိနေပြီး၊ အင်ဒိုနီးရှားက ရွှေ ၂ ကြေး ၁ နဲ့ ဒုတိယ၊ စင်ကာပူက ရွှေ ၁ ၊ ငွေ ၂ ၊ ကြေး ၂ နဲ့ စတုတ္ထ၊ ထိုင်းက ရွှေ ၁ ငွေ ၁ နဲ့ ပဉ္စမနေရာ အသီးသီးမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG