ကုလသမဂ္ဂရဲ့ MDG ထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက်အပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့ အာရှ၊ ပစိဖိတ် နိုင်ငံတွေက ဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ၂ ရက်ကြာ ညီလာခံ ကျင်းပနေကြပါတယ်။ ကုလသမဂ္ဂရဲ့ ဒီ ထောင်စုနှစ် ဖွံ့ဖြိုးမှု စီမံကိန်းတွေ အကောင်အထည် ဖော်ဆောင်ဖို့ မြန်မာနိုင်ငံမှာတော့ အများကြီး လိုသေးတယ်လို့ မြန်မာ့အရေး လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
အခု ဂျကာတာမြို့မှာ ကျင်းပနေတဲ့ MDG ထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက် ညီလာခံကို မြန်မာ၊ အိန္ဒိယ၊ နယူးဇီလန်နဲ့ တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေ အပါအဝင် အာရှ၊ ပစိဖိတ်ဒေသ နိုင်ငံတွေက ကိုယ်စားလှယ် ၃၈ ယောက်အပြင် UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၊ FAO ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့၊ ADB အာရှဖွံ့ဖြိုးမှုဘဏ်နဲ့ ကမ္ဘာ့ဘဏ်က ကိုယ်စားလှယ်တွေပါ တက်ရောက်နေကြတာပါ။
ကမ္ဘာတလွှား ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေးအတွက် ရည်ရွယ်ပြီးတော့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံက ခေါင်းဆောင်တွေက ၂၀၀၀ ခုနှစ်မှာ ဒီဖွံ့ဖြိုးမှု စီမံကိန်း ချမှတ် အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
တချို့နေရာတွေမှာ တိုးတက်မှုတွေ ရှိခဲ့ပေမဲ့ တိုင်းပြည်တွေအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာခြားချက် ရှိနေပြီး မကြာခင်က ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေကြေး ဂယက်ကြီးက အခြေအနေတွေကို ပိုဆိုးသွားစေတယ်လို့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဌာန အကြီးအကဲ ရှာ ဇုခန်း (Sha Zukang) က ပြောပါတယ်။
“ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး ကောင်းမွန်အောင် လုပ်ဆောင်တဲ့နှုန်းနဲ့ မီးတွင်း သေဆုံးမှုနှုန်း လျော့ကျအောင် လုပ်ဆောင်တဲ့ နေရာမှာ တိုးတက်မှု နှေးကွေးနေတာကို တွေ့ရပါတယ်။ အမျိုးသား၊ အမျိုးသမီး လိင်မတူသူတွေအကြား သာတူညီမျှရှိမှုနဲ့ အမျိုးသမီးတွေ အခွင့်အလမ်း ပိုရလာအောင် လုပ်ဆောင်တဲ့ နေရမှာလည်း လုံလောက်တဲ့ ဖွံ့ဖြိုးမှုကို မတွေ့ရပါဘူး။”
ကုလသမဂ္ဂရဲ့ MDG ထောင်စုနှစ် စီမံကိန်းတွေ အကောင်အထည် ဖော်ဆောင်တဲ့ နေရာမှာ မြန်မာနိုင်ငံ အနေနဲ့လည်း အများကြီး နောက်ကျ ကျန်နေတာကို တွေ့ရတယ်လို့ NGCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။
“မြန်မာပြည် အနေအထားနဲ့ ပြန်ကြည့်မယ်ဆိုရင် ဒီလို Set လုပ်ထားတဲ့ ရည်မှန်းချက်တွေနဲ့ ကွာနေတာပေ့ါ။ ဥပမာ ဆင်းရဲတာတွေ ပြောလို့ရတယ်။ မိသားစုရဲ့ ဝင်ငွေ ၆၀% ကျော်ကို အစားအသောက်အတွက် သုံးနေရတယ်။ ဒီလို ဆင်းရဲတာတွေ များလာသလို အာဟာရ ချို့တဲ့တာတွေ များလာတယ်။ ကလေးသေနှုန်း၊ မိခင်သေနှုန်းပေါ့။ နောက် Diseases တွေလည်း ပြောလို့ရတာပေါ့။
“အဲဒီအပြင် ပြည်နယ်နဲ့ အတွင်းပိုင်းနဲ့ ဖွံ့ဖြိုးမှုတွေ သိပ်ကွာဟနေတဲ့ ကိစ္စတွေ၊ ချင်းပြည်နယ်ဆိုရင် Poverty လိုင်းက ၆၀ လောက် ရှိတာပဲ။ တနေ့ကို ၂ နပ် မစားနိုင်တော့ဘူးပေါ့။ အစားကိုတောင် ၂ နပ်မစားနိုင်ရင် Below Poverty လို့ သူတို့ သတ်မှတ်တာကိုး။ ချင်းမှာဆိုရင် ကြွက်ကျတာတွေ ဘာတွေ ဖြစ်ပြီးတော့ Food Security ကိစ္စပေါ့၊ World Food Program က သွားကူနေရတာတွေ ရှိတာပဲ။”
သယံဇာတ ပေါကြွယ်ဝပေမဲ့ မြန်မာနိုင်ငံအတွင်း ဆင်းရဲဒုက္ခ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို ပြည်တွင်း ပြည်ပက အကူအညီ ပေးချင်သူတွေ၊ NGO အဖွဲ့အစည်းတွေကို အာဏာပိုင်တွေက လုပ်ပိုင်ခွင့် မပေးတာက အဓိကပြဿနာ ဖြစ်တယ်လို့ ဒေါက်တာသောင်းထွန်းက ဆက်ပြောပါတယ်။
“မြန်မာပြည်ရဲ့ ပြဿနာက သူများပေးတာတောင် လိုက်ပြီး ကန့်လန့်ကန့်လန့် လုပ်နေတယ်လေ။ ကိုယ်လည်း သုံးတာမဟုတ်ဘူး။ အမှန်တော့ မြန်မာပြည်က လက်ရှိ တနှစ်ကို ဂက်စ်က ၅ ဘီလီယံလောက် ဝင်နေတာပဲ။ နောက် မြန်မာပြည်မှာက ဆန်လည်းထွက်တယ်။ ပင်လယ်ပိုင်နက်ကလည်း ငါးတွေ ထွက်နေတယ်။ မြန်မာပြည်မှာ အာဟာရ ချို့တဲ့တယ်ဆိုတာ ဘယ်လိုမှ ဖြစ်သင့်တဲ့ကိစ္စ မဟုတ်ဘူး။ ဒါတွေက ပေါ်လစီကြောင့် ဖြစ်နေတာ။ ပေါ်လစီက လူထုရဲ့ လူနေမှုအဆင့်နဲ့ ကျန်းမာရေး၊ ပညာရေးကို ဦးစားမပေးဘဲ စစ်ရေးတည်ဆောက်မှုကို ဦးစားပေးလိုက်တာ အဓိက ပြဿနာပဲ။
“မြန်မာပြည်မှာ အခုနေ စေတနာ့ဝန်ထမ်း အဖွဲ့တွေ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပါလား၊ ပိုက်ဆံထည့်မယ့် လူတွေလည်း အများကြီး၊ စေတနာ့ဝန်ထမ်း လုပ်မယ့်လူတွေလည်း အများကြီးပဲ။ ဆိုတော့ အတွင်း အရင်းအမြစ်တွေကို ပိတ်ထားပြီးတော့ လုပ်တဲ့လူလည်း ဖမ်းလားဆီးလား ထောင်ချလား၊ ဒါမျိုးတွေလုပ်တော့ ဒါတွေက ဒီ Goal တွေနဲ့ ကွာနေတယ်၊ မဖြစ်သင့်ဘူးပေါ့။”
ဂျကာတာမြို့မှာ ကျင်းပနေတဲ့ ၂ ရက်ကြာ ညီလာခံဟာ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ့် တိုင်းပြည်အသီးသီးရဲ့ MDG ထောင်စုနှစ် ဖွံ့ဖြိုးမှု စီမံကိန်း အကောင်အထည် ဖော်ဆောင်မှု အတိုင်းအတာ ပြန်လည်သုံးသပ်ရေး ညီလာခံ မတိုင်ခင် အာရှ၊ ပစိဖိတ် ဒေသတွင်း နိုင်ငံတွေက ကြိုတင် သုံးသပ်ကြတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂက ၂၀၁၅ ခုနှစ် မတိုင်ခင် အကောင်အထည်ဖော်ဖို့ ချမှတ်ထားတဲ့ MDG ထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက်ရဲ့ အဓိက ၈ ချက်ကတော့ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး၊ လူတိုင်း အခြေခံပညာ သင်ကြားခွင့် ရရှိရေး၊ လိင်ခွဲခြားဆက်ဆံမှု ပပျောက်အောင် ကြိုးပမ်းပြီး အမျိုးသမီး အခွင့်အရေး မြှင့်တင်ပေးရေး၊ ကလေးငယ် သေဆုံးမှုနှုန်း လျှော့ချရေး၊ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ ကျန်းမာရေး မြှင့်တင်ပေးရေး၊ HIV/AIDS၊ ငှက်ဖျားနဲ့ တခြားရောဂါတွေ တိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ ကမ္ဘာတလွှား ဖွံ့ဖြိုးမှုအတွက် အပြန်အလှန် ပူးပေါင်းလုပ်ဆောင်ရေးတို့ ဖြစ်ပါတယ်။