သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဒ်မ ၆၆ ပြင်ဆင်ရေးမူကြမ်း ပြည်ထောင်စုလွှတ်တော် ကို တင်ပြထား


 ပြည်ထောင်စုလွှတ်တော် (MOI)
ပြည်ထောင်စုလွှတ်တော် (MOI)

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်ကို တင်ထားပြီလို့ သူရ ဦးရွှေမန်းက ဒီကနေ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုလိုက်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာ သမားတွေ အများစု စွဲဆိုခံနေရတဲ့ ဒီပုဒ်မ အပါအဝင် သတင်းသမားတွေ သတင်းရယူခွင့်၊ သတင်းသမားတွေကို အကာအကွယ်ပေးနိုင်ရေးတို့နဲ့ ပတ်သက်ပြီးလည်း ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အဓိက ပစ်မှတ်ထား တရားစွဲခံနေရဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီကို တင်ထားပြီလို့ သူရ ဦးရွှေမန်းက ဒီကနေ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနဲ့ တွေ့ဆုံချိန် မှာ ပြောဆို သွားပါတယ်။ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ရဲ့ ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ သူရ ဦးရွှေမန်းက ဥပဒေ ပြင်ဆင်ချက် တင်ထားတဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရဲ့ တွဲဖက် အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။

“ကျနော်တို့၆၆ (ဃ) ကိုလည်း ကျနော်တို့ ကော်မရှင်ကနေပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို သူတို့ ဥပဒေကြမ်းအထိတင်ပြပြီးသွားပါပြီ။ ဒီ ၆၆ (ဃ) ကိုပြင်ဆင်ဖို့အတွက် အဲဒီအထိကိုလည်း ကျနော်တို့ဆွေးနွေးဖြစ်ခဲ့ပါတယ်။ သူရဦးရွှေမန်းကလည်း ပြောပါတယ် သူတို့ ၆၆ (ဃ) ပြင်ဆင်တာက အခုလက်ရှိဖြစ်ပေါ်နေတဲ့Eleven ကိစ္စကြောင့် ဖြစ်လာတာမဟုတ်ပါဘူးတဲ့ အရင်တုန်ကတည်းက သူတို့ စပြီးစဉ်းစားလာတာပါ။ ချစ်သမီးကိစ္စ ကတည်းက ၆၆ (ဃ) ကို စပြီးစဉ်းစားလာတာ ယနေ့အထိ ဆက်လက် ဆောင်ရွက်နေစဲလို့ပြောပါတယ်။ ကျနော်တို့ ဒီ အချက်အလက်မှာပေါ့နော် ခုနက ပြောသွားတဲ့အထဲမှာ ကျနော်တို့ ရခိုင်ဒေသ တပ်မတော် နဲ့ တပ်ဘက်က သတင်းရယူဖို့၊ စစ်မြေပြင် သတင်းရယူဖို့အခက်အခဲတွေရှိပါတယ်ဆိုတာလည်း တင်ပြခဲ့တာရှိပါတယ်။ အဲဒီအတွက်လည်း သူတို့ကနေပြီးတော့ သေချာမှတ်သားထားပါတယ်။”

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ် မောင်တော ဒေသတွင်း သတင်းရယူခွင့် အကန့်အသတ်နဲ့ တိုက်ပွဲတွေ၊ တပ်မတော်နဲ့ သက်ဆိုင်တဲ့ သတင်းတွေ ရယူဖို့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဘက်ကတော့ သတင်းမီဒီယာ ဥပဒေ ပြဌာန်းချက်တွေကို မလိုက်နာတဲ့ အစိုးရ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး၊ နောက် သတင်းသမားတွေကို တရားစွဲဆိုနေတာတွေကနေ တစိတ်တပိုင်း အကာအကွယ်ပေးဖို့ အတွက် ဥပဒေမှာ ပြင်ဆင်လိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့တယ်လို့ ကောင်စီရဲ့ တွဲဖက် အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။

“ ပထမတခုကတော့ ကျနော်တို့ သတင်းမီဒီယာဥပဒေမှာ ပြဌာန်းထားတဲ့ Access To Information ဆိုတာရှိပါတယ်။သတင်းမီဒီယာသမားတွေ သတင်းရယူပိုင်ခွင့်၊ သတင်းရယူတဲ့အခါမှာ ကျနော်တို့ လုံခြုံရေးအရ ကာကွယ်ပေးမူတွေ နောက်တခါ သတင်းရယူတဲ့အခါမှာ နေရာထိုင်ခင်း အစီအစဉ်ပေးမှု ဒါတွေကို ကျနော်တို့ ဥပဒေအရ ကျနော်တို့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေက လိုက်နာဆောင်ရွက်မှုမရှိပါဘူး။ အဲဒီအတွက် လိုက်နာဆောင်ရွက်မှုတွေရှိလာအောင်လို့ ကျနော်တို့ ဒါကိုလုပ်ပါမယ်။ လိုက်နာဆောင်ရွက်မှုတွေရှိပြီးတဲ့အခါမှာကျနော်တို့ မလုပ်ပေးခဲ့သည်ရှိသော် ကျနော်တို့ အရေးယူခြင်း ဥပဒေ ပြဌာန်းချက်တွေ ကျနော်တို့ ပြန်ပြင်ဆင်တာမျိုးကို ဒါမျိုးကို ကျနော်တို့ တင်ပြခဲ့ပါတယ်။ နောက်တခုက ကျနော်တို့ သတင်းမီဒီယာသမားတွေကို ကျနော်တု့ိ အဟန့်အတားဖြစ်စေတဲ့ တချို့ဥပဒေတွေပေါ့နော်၊ အခုလက်ရှိတရားစွဲဆိုနေတဲ့ သတင်းမီဒီယာဥပဒေဘောင်ကို ကျော်ပြီးတော့ သတင်းမီဒီယာကောင်စီကိုမလာပဲနဲ့ ကျော်ပြီးတော့ တရားစွဲဆိုနေတဲ့ ဖြစ်စဉ်တွေပေါ့နော်။ အဲဒါကို ကျနော်တို့က ဥပဒေ ပြဌာန်းချက်မှာ သတင်းမီဒီယာကို တရားရုံးမရောက်ခင်ပေါ့နော် သတင်းမီဒီယာကောင်စီကို တိုင်ကြားနိုင်သည်ဆိုတာတော့ ပါတယ်။ ဒါပေမယ့် အဲဒါကို ကျနော်တို့က တိုင်ကြားရမယ်ပေါ့။ ကျနော်တို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကနေ တဆင့်ပြီးတော့မှပဲ ကျန်တာ ဆက်လုပ်လို့ရမယ်ဆိုတဲ့ ကျနော်တို့ ပြင်ဆင်ချက်တွေ ကျနော်တို့ ထည့်သွင်းထားပါတယ် ၊ ဒီ ၂ ချက်က အင်မတန်မှ အားကောင်းပါတယ်။”

လက်ရှိ အစိုးရဘက်က သတင်းမီဒီယာ ဥပဒေကို ကျင့်သုံးဆောင်ရွက်ဖို့ကိုလည်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက တိုက်တွန်းပါတယ်။ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို အသုံးချပြီး သတင်းမီဒီယာ အချင်းချင်း တရားစွဲဆိုမှုတွေရှိသလို အာဏာပိုင်တွေ ဘက်က သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အင်တာနက် အွန်လိုင်းပေါ်မှာ ရေးသားဖော်ပြမှုတွေကို တရားစွဲဆို ထောင်ချနေတာတွေ ခပ်စိပ်စိပ် ထွက်ပေါ်လာပြီးနောက်မှာတော့ သတင်းသမားတွေကို တရားဥပဒေ အရ တရားစွဲဆိုနေမှုတွေမှာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ကြားဝင် ဆောင်ရွက်နိုင်ဖို့ ကြိုးစားလာတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကိုတော့ သတင်းမီဒီယာ နည်းဥပဒေ အရ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG