သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက် မြန်မာအလုပ်သမား ၃၀၀ ကျော်နေရပ်ပြန်


ဓါတ်ပုံ-လေးဝတီသား ( မြဝတီလမ်းဘက်ကနေပြန်ကြတဲ့ မလေရှားက မြန်မာအလုပ်သမားများ)
ဓါတ်ပုံ-လေးဝတီသား ( မြဝတီလမ်းဘက်ကနေပြန်ကြတဲ့ မလေရှားက မြန်မာအလုပ်သမားများ)

မလေးရှားနိုင်ငံမှာ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးပြီး နေထိုင်နေတဲ့ ရခိုင်လူမျိုး အများစုပါတဲ့ မြန်မာအလုပ်သမားတွေဟာမြန်မာပြည်တွင်းက အခြေ အနေတွေကြောင့်ရော သက်တမ်းကုန်လို့ဖမ်းဆီးခံရမှာကိုပါ စိုးရိမ်ပြီး အလုပ်သမား ၃၀၀ကျော်ဟာ နေရပ်ကို ပြန်ကြပါတယ်။ တချို့ကတော့ မြဝတီကိုပြန်ကြပြီး တချို့ကတော့ တာချီလိတ်ဘက်ကိုပြန်ကြတယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရခိုင်ပြည်မြောက်ပိုင်းမှာ အကြမ်းဖက်မူတွေ ဖြစ်ပွားခဲ့ပြီး နယ်မြေမတည်မငြိမ် ဖြစ်နေချိန်မှာပဲ မလေးရှားနိုင်ငံမှာ ထောင်ဂဏန်းရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ က မြန်မာအစိုးရကို ဆန္ဒပြကြသလို မလေးရှားရောက်မြန်မာလူငယ်တချို့ဟာရန်ငြိုးရန်စမရှိပဲ တိုက်ခိုက်မူတွေ ခံခဲ့ရတာပါ။ဒီနောက်မှာတော့ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးပြီး တရားမဝင် နေထိုင် အလုပ်အလုပ်ကိုင်နေတဲ့ မြန်မာတွေဟာ စိုးရိမ်စိတ်တွေရှိလာပြီး အလုပ်သမား ၃၀၀ကျော်နေရပ်ကို ပြန်ဖို့ ဆက်သွယ်လာတယ်လို့ ထိုင်းနိုင်ငံက အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အေအေစီ မဟာမိတ်အဖွဲ့က ဒါရိုက်တာဦးခိုင်ကြီးကပြောပြပါတယ်။

“၂၈၀ ကျော်ဝင်တယ် ၊ ဒါပေမယ့် အားလုံး ၃၀၀ ကျော်တယ်ဝင်တာနော် ဒီမလေးရှားက လာတဲ့လူတွေက ကျနော်တို့ကို အကူအညီတောင်းတယ်။ ကျနော်တို့ကလည်း မြဝတီကအဖွဲ့တွေကို ချိတ်ဆက်ပြီးတော့ လုပ်ပေးလိုက်တာ။ သုံးသပ်တာကတော့ အများဆုံးကတော့ ရခိုင်လူမျိုးတွေ များတယ်ခင်ဗျ Overstay နဲ့နေကြတာ သူတို့က အခုတော့ သူတို့က နေခွင့်မရတော့ဘူး။ မလေးရှား အာဏာပိုင်တွေ နီးစပ်တဲ့လူတွေက သူတို့လက်မခံတဲ့အတွက် သူတို့ကို အတိအကျ အရေးယူမယ်လို့ ပြောတဲ့အတွက် သူတို့က မနေရဲပဲနဲ့ သူတို့ကထွက်လာတာ။ တခုခုပြဿနာတက်ရင် ထောင်ချတာတွေ ဘာတွေဖြစ်မှာ ကြောက်လို့ အရင်ဆုံးမောင်းမထုတ်ခင်မှာသူတို့ကပြန်တာ။ မြန်မာပြည်ရဲ့ လက်ရှိအနေအထားနဲ့လည်း သက်ဆိုင်တာပေါ့ခင်ဗျ၊ ဒါပေမယ့် အဲဒါကြီးကတော့ သူတို့ပြောကြတာပေါ့ ခင်ဗျ သူတို့အန္တရာယ်ရှိတယ်ဆိုတာကတော့ မှန်တယ်၊ ဘယ်လိုအန္တရာယ်ရှိတာလဲဆိုတော့ အဲဒီမလေးရှားမှာ အများစုကျင်လည်နေတာက ရခိုင်တွေပဲ ကျင်လည်နေတာ။ ရခိုင်တွေက မလေးရှားမှာ အကြာဆုံး၊ အင်အားအများဆုံးနဲ့ နေခဲ့တာဆိုတော့ ရခိုင်လူဦးရေကများတယ်။”

လူ၂၈၀ကျော်ကတော့ မြဝတီမြို့လမ်းကနေ ပြန်ကြပြီး နောက်ထပ် ၂၀ကျော်ကတော့ တာချီလိတ်လမ်းဘက်ကနေ ပြန်ခဲ့ကြပါတယ်။ နောက်ထပ်လည်းပြန်မယ့် သူတွေဟာ ဆက်သွယ်လာနေဆဲပဲလို့ ဆိုပါတယ်။ အရင်တုန်းကတော့ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ပြီး

နေရပ်ပြန်ချင်တဲ့ သူတွေဟာမြန်မာသံရုံးကိုဆက်သွယ်ပြီး ပြန်ကြလေ့ရှိပေမယ့် အခုတခါမှာတော့ အမြန်ဆုံးပြန်နိုင်ဖို့ အတွက်အခက်အခဲတွေရှိတာကြောင့် လူူပွဲစားတွေတဆင့် မလေးနယ်စပ် ထိုင်းနယ်စပ်ကိုဖြတ်ပြီး မြန်မာနိုင်ငံကိုပြန်ခဲ့ကြတာဖြစ်တယ်လို့လည်း ဦးခိုင်ကြီးကဆိုပါတယ်။

“မြန်မာသံရုံးကအရင်ကဆိုရင်တော့ဗျာ Overstay ဖြစ်တဲ့လူတွေကို အရင်ဆုံး CI လျှောက်ပြီးတော့ မြန်မာပြည်ကိုပြန်မယ်ဆိုရင် လေယာဉ်လက်မှတ်ကို ကိုယ့်ဟာကိုဝယ်လို့ရတယ်။ ဆိုတော့ အဲဒီအလုပ်သမားတွေက ထိုင်းနယ်စပ်ကတဆင့် ကယ်ရီတွေနဲ့ ချိတ်ဆက်ပြီးတော့ မြဝတီနယ်စပ်ကိုပြန်လာတယ်။ အမှန်ဆိုရင်တော့ သူတို့ တခါမှ မပြန်ဖူးဘူး အဲဒီအလုပ်သမားတွေက ပိုက်ဆံပေးပြီးတော့ ပြန်တာ မလေးရှားအာဏာပိုင်တွေကို ပိုက်ဆံပေးပြီးတော့ ပြန်နေကြ လေယာဉ်နဲ့ အခုတခါ အဲလိုပြန်ခွင့်တောင်မရတော့ဘူး carry ပေါ့ဗျာ။ အမြဲတမ်းပို့ဆောင်နေတဲ့ အာဏာပိုင်တွေကို သူကပိုက်ဆံပေးပြီးတော့ နယ်စပ်ကိုပို့တယ်၊ နယ်စပ်ကနေပြီးတော့ ထိုင်းဘက်အခြမ်းကို ခိုးကူးတယ်၊ ခိုးကူးပြီးတော့ ထိုင်းပွဲစားတွေနဲ့ အေးဂျင့်တွေနဲ့ ချိတ်ပြီးတော့ မြဝတီနယ်စပ်ကို တယောက်ကို ၄၅၀၀ ၊ ၈၀၀၀၊ ၇၀၀၀ အစားစားပေးပြီး ပြန်လာရတာ။”

နေရပ်ပြန်မြန်မာတွေနဲ့ ပတ်သက်လို့မလေးရှားနိုင်ငံက မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ လက်ရှိမှာတော့ မလေးရှား အပါအဝင် အစ္စလာမ်ဘာသာဝင်တွေ အများဆုံးရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာလည်း မြန်မာသံရုံးကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခံရသလို မြန်မာအစိုးရကို ဆန်ကျင်ကန့်ကွက်မူတွေလည်း ရှိနေတာပါ။ မလေးရှားနိုင်ငံမှာတော့ မြန်မာလူငယ်တွေတိုက်ခိုက်ခံရမူအပြီးမှာ စိုးရိမ်စိတ်တွေ ရှိနေကြပါတယ်။

မြန်မာ အလုပ်သမားလူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွန်ကြားမှူး ဦးစီးဌာနကတော့ မလေးရှားကို တရားဝင်စေလွတ်တဲ့အလုပ်သမားပေါင်း ၂သိန်းကျော်ရှိပြီးတခြားတရားမဝင်တဲ့ နည်းလမ်းတွေနဲ့ မလေးရှားကို ရောက်သွားသူ အားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅သိန်း ထက်မနည်းရှိနေတယ်လို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG