ရွှေဝါရောင် ဆရာတော် နတ်ဇောလို့လူသိများတဲ့ အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီက အမှု ၂ မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ခံထားရတဲ့ ဆရာတော်ကို နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုတွေနဲ့ စွဲချက်တင်လိုက်တာပါ။ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား ဆရာတော်အမှုနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို ရန်ကုန်မြို့ စော်ဘွားကြီးကုန်းမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှာ အာဏာပိုင်တွေ ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားပါတယ်။ ဖမ်းဆီးခဲ့ပြီးနောက် စစ်တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁) ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေဖြစ်တဲ့ ၅၀(ည) နဲ့ ၅၂(က) စုစုပေါင်း ပုဒ်မ ၄ မှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။ တနင်္လာနေ့က ရုံးထုတ်ကြားနာပြီးနောက်မှာတော့ အမှု ၄ မှုထဲက စစ်တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့စွဲထားတဲ့အမှု လဝကအက်ဥပဒေ နဲ့ စွဲထားတဲ့ အမှု ၂ ခုအတွက် အမှုခိုင်လုံတယ်လို့ဆိုပြီး စွဲချက်တင်လိုက်ပါတယ်။ ဒီစွဲချက် ၂ ခုအတွက် မတ်လ ၁၇ ရက်နေ့မှာ စတင် စစ်ဆေးမှာဖြစ်ပါတယ်။ ဒီအမှု ၂ ခုအတွက် အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၂ ခုနဲ့ဖွင့်ထားတဲ့ ကျန် ၂ မှုအတွက်တော့ မင်္ဂလာဒုံခရိုင်တရားရုံးမှာ စွဲချက်တင်သင့် မသင့် ကြားနာမှုတွေ ဆက်လက်လုပ်နေဆဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသားဖြစ်သူ ဆရာတော် ဦးပညာဇောတ (နတ်ဇော) ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးကနေ တရားဝင် ဗီဇာလျှောက် ထားပြီး မြန်မာနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်အတွင်း သိမ်ကျောင်းတော်တခု ဆောက်လုပ်လှူဒါန်းတဲ့ ပန္နက်တင် မင်္ဂလာပွဲအခမ်းအနားအတွက် မြန်မာနိုင်ငံကို သွားရောက်ချိန် အဖမ်းခံခဲ့ရတာပါ။ သူဟာ အရင်ကလည်း နိုင်ငံရေးမှုနဲ့ ဖမ်းဆီးအကျဉ်းကျခံရဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သလို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့မှုအတွက် နောက်ကွယ်မှာ ပြစ်ဒဏ်ချခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက တရားဝင်ခွင့်ပြုတဲ့ ပြည်ဝင်ခွင့်ဗီဇာနဲ့ မြန်မာနိုင်ငံ ပြန်သွားချိန် အဖမ်းခံရတာနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ရှေ့နေပညာရှင်တဦးဖြစ်တဲ့ ဦးကြီးမြင့်က ခုလိုသုံးသပ်ပါတယ်။
"ဥပဒေနဲ့ညီသလားဆိုတဲ့အခါကျတော့ ခိုးဝင်လာတာမဟုတ်ဘူးလဝကအက်နဲ့ ငြိရအောင် ဗီဇာနဲ့လာတာလေ လဝကအက်နဲ့ဘယ်လို မညီစရာရှိမှာလဲ ၅၀၅ ကကော ဘာဖြစ်သလဲဆိုရင် ဘယ်တုန်းက ၅၀၅ဖြစ်တာလဲ အဲဒါ ကာလအကန့်အသတ်တွေရှိသေးတယ်လေ မလိုမုန်းထားတယ် ၅၀၅ကိုသုံးလာတယ်လေ လူတိုင်းရှိတယ် ဆရာကျောကုန်းမှာလည်း ၅၀၅ ကပ်ထားတာ ၅၀၅ကိုအာဏာတည်မြဲရေးအတွက်လိုသလိုသုံးနေတယ်။ ဥပဒေနဲ့မညီဘူး အဲလိုမညီအောင် လဲ ရှေ့နေချုပ်ကိုအဆင့်နိမ့်ထားပြီးတော့ ရှေ့နေချုပ်ကဘာမှပြန်ပြောခွင့်မရှိဘူး။ ဒီလိုလုပ်မရဘူးလို့ပြောခွင့်မရှိတော့ဘဲနဲ့ လုပ်ချင်သလိုလုပ်နေတာမလို့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အမှုတွေက ဥပဒေနဲ့မညီဘူးလို့ ဆရာပြောချင်တယ်။"
ဦးဇင်းနတ်ဇောဟာ လက်ရှိမှာ ကျန်းမာရေး ကောင်းကောင်းမွန်မွန်ရှိနေတယ်လို့ တရားရေးနဲ့ နီးစပ်သူတွက ပြောပါတယ်။ အခုအချိန်အထိ ဆရာတော်နတ်ဇောကို ဘာကြောင့်ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ ဘာကြောင့် တရားစွဲသလဲဆိုတာကို စစ်ကောင်စီ ဘက်က တရားဝင် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
သာသနဓဇဓမ္မာစရိယ စာချဆရာတော် အရှင်ပညိန္ဒကတော့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ပေမယ့် အာဏာသိမ်း အုပ်ချုပ်နေသူတွေဟာ အာဏာတည်မြဲရေးအတွက် မတရားမှုတွေ ဆက်တိုင်လုပ်နေတာဖြစ်တယ်လို့ ခုလို မိန့်ပါ တယ်။
"စစ်အုပ်စုက သူတို့နဲ့ဆန့်ကျင်ဘက်ဖြစ်လာပြီဆိုရင် သူတို့အာဏာထိပါးလာပြီဆိုရင် သူတို့မှာ ဘုရားလည်းမရှိဘူး။ တရားလဲမရှိဘူး။ သံဃာလည်းမရှိဘူး။ ကိုယ် ချင်းစာတရားလည်းမရှိဘူး။ သူတို့မထင်ရင်မထင်သလို ဖမ်းဆီးညှင်းပန်းနှိပ်စက် အကျဉ်းချမှာဘဲ။ မြန်မာနိုင်ငံသားဆိုရင်အသက်အန္တရာယ်ထိပါ ဖျောက်ဖျက်ခံ ရတာတွေ လက်လွန်ခြေလွန်ဖြစ်သွားတဲ့သာဓကတွေ အများကြီးပါဘဲ ဦးဇင်းကတော့ဒီလိုဘဲမှတ်ချက်ပေးချင်တော့တယ်။"
ဆရာတော် ဦးပညာဇောဟာ ၁၉၉ဝ ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း သပိတ်ကံဆောင်ပွဲမှာတစ်ကြိမ်၊ ၁၉၉၈ခုနှစ်မှာ တစ်ကြိမ် နိုင်ငံရေးလှုပ် ရှား မှု နဲ့ ထောင်ဒဏ် နှစ်ရှည် ၂ ကြိမ် ချခံခဲ့ရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ဆရာတော် နတ်ဇောအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုမှာ အခြေချသီတင်းသုံးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအပေါ် ခရီးသွားအကြံပြုချက်တွေ ထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ဇွန်လကစလို့ အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံကို မသွားပါနဲ့လို့ ခရီးသွား သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Forum