ရန်ကုန်မြို့၊ အင်းစိန်ထောင်မှာထိန်းသိမ်းခံနေရတဲ့ ရွှေဝါရောင်ဆရာတော် နတ်ဇောလို့လူသိများတဲ့ အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို ထပ်တိုးစွဲဆိုထားတဲ့ အမှုနှစ်မှုနဲ့ မနက်ဖြန်မှာ ရုံးထုတ် စစ်ဆေးဖို့ရှိ နေပါတယ်။ ကနဦးစွဲဆိုထားတဲ့ စစ်တပ်ကိုအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ကနဲ့ လဝကအက်ဥပဒေ ချိုးဖောက်မှုတွေအတွက် ဒီကနေ့လည်း ထောင်တွင်းအထူးတရားရုံးမှာ ကြားနာခဲ့ တယ်လို့ တရာရုံး အသိုင်းအဝိုင်းက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။
ရွှေဝါရောင်ဆရာတော် နတ်ဇောလို့လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အမေရိကန်နိုင်ငံသား ဆရာတော်ဦးပညာဇောတကို စစ်ကောင်စီက ရန်ကုန်မြို့ စော်ဘွားကြီးကုန်းမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ သူ့ကို စစ်တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ကနဲ့ လဝကအက်ဥပဒေ တို့နဲ့ ကနဦးတရားစွဲဆိုထားရာကနေ မင်္ဂလာဒုံ ခရိုင်တရားရုံးကနေ အမှု နှစ်မှု နောက်ထပ်စွဲခဲ့တာပါ။ ထပ်စွဲလိုက်တဲ့ပုဒ်မနှစ်ခုက တော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေလို့ နာမည်ကြီးတဲ့ ၅၀ (ည) နဲ့ ၅၂ (က) တို့ ဖြစ်ပါတယ်။
ထပ်တိုးစွဲဆိုလိုက်တဲ့ပုဒ်မနှစ်ခုနဲ့ အင်္ဂါနေ့တွေမှာ ရုံးထုတ်စစ်ဆေးပြီး တရားလိုထွက်ချက်တွေကို ကြားနာလိမ့်မယ်လို့လည်း တရားရုံးအသိုင်းအဝိုင်းက ခန့်မှန်းထားပါတယ်။
ပုဒ်မ ၅၀ (ည) ဆိုတာက စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အဖွဲ့တွေကို အစား အသောက်ဆေးဝါး၊ ငွေကြေးထောက်ပံ့တာ၊ အဲဒီအဖွဲ့တွေလှုပ်ရှားမှုကို လူမှုကွန်ယက်မှာ အားပေးတာ၊ မျှဝေတာ ပုံစံတမျိုးမျိုးနဲ့ ထောက်ခံတာ၊ ထောက်ပံ့တာတွေတွေ့ရင် စွဲဆိုတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှား တယ်ဆိုပြီး သတ်မှတ်ခံရရင် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံးထောင်ဒဏ် တသက် ဒါမှမဟုတ် ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။ ပုဒ်မ ၅၂ (က) ကတော့ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အဖွဲ့အစည်းတခုခုရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးတာ၊ အကြမ်းဖက်ဆိုင်ရာလုပ်ငန်းတွေကို တာဝန်ယူလုပ်ကိုင်ပေးတာတွေ ပြုလုပ်တဲ့ အခါ တရားစွဲဆိုနိုင်တဲ့ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။
ဆရာတော်နတ်ဇောကို ကနဦးစွဲဆိုထားတဲ့ စစ်တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ကနဲ့ လဝက အက် ဥပဒေ တို့နဲ့စွဲဆိုထားတဲ့ အမှုတွေကိုတော့ အင်းစိန်ထောင်ထဲက အထူးတရားရုံးမှာ အပတ်စဉ် တနင်္လာနေ့တိုင်း အမှုရုံးချိန်းစစ်လျက်ရှိပါတယ်။ ဒီကနေ့ရုံးချိန်းမှာတော့ တရားလိုပြသက်သေ လာ ရောက် ထွက်ဆိုကြတယ်လို့ ပြောပါတယ်။
လက်ရှိ ဦးဇင်းနတ်ဇောရဲ့ကျန်းမာရေး ကောင်းမွန်လျက်ရှိနေတယ်လို့ တရားရေးနဲ့ နီးစပ်သူတွက ပြောပါတယ်။ လက်ရှိအမှုအခြေအနေ အသေးစိတ်နဲ့ အမှုကို ဘယ်သူက တာဝန်ယူ လိုက်ပါ ဆောင်ရွက်ပေးသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ဆရာတော် ဦးပညာဇောတ (နတ်ဇော)ဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြန်မာသံရုံးကနေ တရားဝင် ဗီဇာလျှောက်ထားပြီး မြန်မာနိုင်ငံကိုကြွရောက်ခဲ့တာဖြစ်ပါ တယ်။ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်အတွင်း သိမ်ကျောင်းတော်တခု ဆောက်လုပ်လှူဒါန်းတဲ့ ပန္နက်တင် မင်္ဂလာပွဲအခမ်းအနားအတွက် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါ။
အခုအချိန်အထိ ဆရာတော်ဦးပညာဇောတကို ဘာကြောင့်ဖမ်းဆီးထိန်းသိမ်းခဲ့တယ်၊ ဘာကြောင့် တရားစွဲသလဲဆိုတာကို စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ တရား လွှတ်တော် ရှေ့နေတဦးကတော့ စစ်ကောင်စီလက်အောက်မှာ ပုဂ္ဂလိကလွတ်လပ်ခွင့်အားလုံး ပိတ်ပင်ခံထားရသလို ပုဂ္ဂလိကအမြင်နဲ့ထုတ်ဖော်မှုတွေရှိလာရင်လည်း ပြင်းပြင်းထန်ထန် အပြစ်ပေး တာမျိုးထိ ကျင့်သုံးနေတာမို့ ပုဂ္ဂလိကလွတ်လပ်ခွင့်ကန့်သတ်ခံရမှုဟာ အဆိုးဆုံးအနေအထားမှာရှိနေ တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
“အကြမ်းဖက်အဖွဲ့အစည်းလို့သတ်မှတ်ထားတဲ့ CRPHတို့ NUG PDFတို့သူ့ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား အဖွဲ့တွေနုဲ့ပတ်သက်လို့ ဒါတွေနဲ့ပတ်သတ်တာတွေကိုဖေ့ဘုတ်မှာတင်တယ်။ တယောက် ယောက်တင်ထားတာကို ရှယ်ရင်ကို ခုနောက်ပိုင်းဆို လိုက်လုပ် (like) တာတောင် တရားစွဲတဲ့အဆင့် ရောက်လာတယ်။ နိုင်ငံသားတွေရဲ့အခွင့်အရေး၊ လွတ်လပ်မှု၊ နိုင်ငံသားတွေရဲ့ပုဂ္ဂလိကလုံခြုံမှု ဒါတွေကို ထည့်သွင်းမစဉ်းစားတော့တာ ရှင်းသွားပြီလေ။ ခုကြုံနေရတဲ့အနေအထားက အဲအနေအထားပဲ။ တကယ်ပြောရရင် အစိုးရတရပ်ဆိုတာ နိုင်ငံသားတွေရဲ့အကျိုးစီးပွား နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ လုပ်ပေးရမှာ။ အခုကအဲအခြေအနေတွေမရှိတော့ဘူး။”
ဆရာတော်ဦးပညာဇောတဟာ ၁၉၉၈ ခုနှစ်မှာ တကြိမ်၊ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ဒဏ်နှစ်ရှည် နှစ်ကြိမ်ချခံခဲ့ရဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတယောက်ဖြစ်ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ဆရာတော်နတ်ဇောအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုမှာ အခြေချသီတင်းသုံးနေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးချိန်ကာလ ကစလို့ အမေရိကန်ပြည်ထောင်စုဘက်က အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံတွင်း ခရီးသွားလာမှုနဲ့ပတ်သက်လို့ လုံခြုံရေးအထူးကြေညာချက်တွေထုတ်ပြန်ပြီး သတိပေးထားပါတယ်။
Forum