သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BRICS မှာပါဝင်ဖို့ မြန်မာစစ်ကောင်စီ စူးစမ်းနေ


India BRICS Summit
India BRICS Summit

အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူခံထားရပြီး အာဆီယံအတွင်း အရာသွင်းမခံရတဲ့ စစ်ကောင်စီဟာ BRICS လို့ခေါ်တဲ့ ငါးနိုင်ငံအဖွဲ့မှာပါနိုင်ဖို့ စူးစမ်းနေတယ် လို့ ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေနဲ့ BNN သတင်းကဆိုပါတယ်။

စက်တင်ဘာလ ၁ ရက်က ဘရာဇီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံဟာ ဘရာဇီးနိုင်ငံရဲ့ ဘရစ်အဖွဲ့ ပေါင်းစပ်ညှိနှိုင်းရေးမှူးကို စုံစမ်း မေးမြန်းခဲ့တယ်ဆိုတဲ့သတင်းကိုအခြေခံပြီး ပြောကြတာပါ။ အဖွဲ့ကိုဝင်ရောက်ဖို့ လိုအပ်ချက်တွေနဲ့ အဖွဲ့ကအသုံးပြုနေတဲ့ဘဏ်အကြောင်းကို မြန်မာသံအမတ်ကြီးက သိချင်ခဲ့တယ်လို့ သတင်းကဆိုပါတယ်။

BRICS လို့ပြောတဲ့ ငါးနိုင်ငံအဖွဲ့ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့တရုတ်တို့က အပြန်အလှန် ရင်းနှီးမြှုပ်နှံဖို့စခဲ့ကြပြီး ၂၀၀၉ က စလို့ ပထဝီနိုင်ငံရေးသဘော အုပ်စု ဖြစ်လာခဲ့တာပါ။ နောက်တနှစ်မှာ တောင်အာဖရိက ဝင်ရောက်လာခဲ့တဲ့အတွက် ၅ နိုင်ငံ အဖွဲ့ ဖြစ်လာပါတယ်။ ဆော်ဒီအာရေဗျ၊ အီရန်၊​ အာဂျင်တီးနား၊ ယူအေအီး၊ အီဂျစ်နဲ့ အီသီယိုပီးယား ၆ နိုင်ငံ ကို လက်ခံလိုက်တာကြောင့် ၂၀၂၄ မှာ ၁၁ နိုင်ငံ အဖွဲ့ ဖြစ်လာတော့မှာပါ။ အဖွဲ့ဝင်အသစ်တွေဖြစ်ကြမယ့် ဆော်ဒီအာရေဗျ၊ အီရန်၊​ ယူအေအီး၊​ အီဂျစ်တို့ဟာ အစ္စလာမ်နိုင်ငံများအဖွဲ့မှာ ဩဇာရှိတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။

စစ်ကောင်စီဟာ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ နိုင်ငံတကာတရားရုံးမှာ အမှု ရင်ဆိုင်နေရတာမို့ အဲဒီ အဖွဲ့ဝင်နိုင်ငံသစ်တွေက စစ်ကောင်စီ​အပေါ် ဘယ်လို သဘောထားကြမလဲဆိုတာကလည်း မရှင်းလှသေးသလို အချိန်အားဖြင့်လည်း စောနေပါသေးတယ်။​ ပိုးလမ်းမသတင်းလို့ အဓိပ္ပါယ်ရနိုင်တဲ့ silkroadbriefing အင်တာနက်စာမျက်နှာမှာ BRICS အဖွဲ့ဝင်အသစ် ဖြစ်လာနိုင်စရာ တိုင်းပြည်တော်တော်များများကို ပြထားရာမှာတော့ မြန်မာနိုင်ငံ မပါဝင်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG