သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BRICS အဖွဲ့တိုးချဲ့မှု အိန္ဒိယဝန်ကြီးချုပ် ကြိုဆို


အိန္ဒိယဝန်ကြီးချုပ်နရိန်ဒြာမိုဒီ (ယာ-ဒုတိယမြောက်)
အိန္ဒိယဝန်ကြီးချုပ်နရိန်ဒြာမိုဒီ (ယာ-ဒုတိယမြောက်)

အင်္ဂလိပ်အက္ခရာ BRICS (ဘရစ်စ်) လို့ အတိုသိကြတဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက (၅) နိုင်ငံအဖွဲ့မှာ “အဖွဲ့ဝင် နိုင်ငံအသစ်တွေတိုးလာတာဟာ ကမ္ဘာ့အရေးအရာ၊ စည်းမျည်းတွေမှာ နိုင်ငံပေါင်းစုံက ဦးဆောင်မောင်းနှင်မှာအပေါ် ကမ္ဘာတဝန်းယုံကြည်မှု အားကောင်းလာစေမယ်” လို့ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒြာ မိုဒီကကြာသပတေးနေ့ (သြဂုတ် ၂၄ ရက်) မှာ ပြောလိုက်ပါတယ်။

"အဖွဲ့ဝင်အသစ်တွေက BRICS ကို အဖွဲ့အစည်းတခုအနေနဲ့ အားကောင်းလာစေမှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘုံကြိုးပမ်းအားထုတ်မှုတွေကို အားဖြည့်ပေးမယ်လို့ အိန္ဒိယက ရှုမြင်ကြောင်းပြောပါတယ်။ အိန္ဒိယဟာ အခု အဖွဲ့ဝင်သစ် နိုင်ငံတွေအားလုံးနဲ့ရင်းနှီးပြီး သမိုင်းဝင်တဲ့ဆက်ဆံရေးရှိထားပြီး BRICS အဖွဲ့ရဲ့ အကူအညီနဲ့ ကျနော်တို့ နိုင်ငံချင်းကြားရိုင်းပင်းကူညီမှုမှာ ကဏ္ဍသစ်တွေ ထပ်မံ ထည့်သွင်းမယ်လို့လည်း မိုဒီက ပြောပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကစပြီး ဆော်ဒီအာရေးဗီးယား၊ အီရန်၊ အီသီယိုးပီးယား၊ အီဂျစ်၊ အာဂျင်တီးနားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု ဖွံ့ဖြိုးဆဲ (၅) နိုင်ငံကို BRICS အဖွဲ့ဝင်အဖြစ် လက်ခံမှာဖြစ်ကြောင်း ကြာသပတေးနေ့မှာ BRICS အဖွဲ့က ကြေညာပါတယ်။ ဒါဟာ လက်ရှိ ကမ္ဘာ့ရေးရာ စည်းမျဥ်းတွေကို ပြန်လည်ချိန်ညှိဖို့ တွန်းအားပေးနေတဲ့ BRICS အဖွဲ့ရဲ့ သြဇာအာဏာကြီးထွားလာစေဖို့ ရည်ရွယ်တယ် ဆိုပါတယ်။

နိုင်ငံပေါင်း ၄၀ ကျော်က BRICS အဖွဲ့မှာ ပါဝင်ဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောကြားထားကြောင်း တောင်အာဖရိကနိုင်ငံတာဝန်ရှိသူတွေက ပြောပြီး လက်ရှိမှာ နိုင်ငံ ၂၂ နိုင်ငံ အဖွဲ့ဝင်အဖြစ် တရားဝင်လက်ခံပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ BRICS အုပ်စုကို ၂၀၀၉ မှာ (၄) နိုင်ငံ စခဲ့တာဖြစ်ပြီး ၂၀၁၀ မှာ တောင်အာဖရိက ပါဝင်လာခဲ့တာပါ။

BRICS အဖွဲ့ရဲ့ (၃) ကြာအစည်းအဝေးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က တောင်အာဖရိကမှာ စတင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG