သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိကနိုင်ငံ ICC ကနေ နုတ်ထွက်မည်


တောင်အာဖရိကသမ္မတ Cyril Ramaphosa (ယာ) နဲ့  တရားဝင်ခရီးစဥ်နဲ့ရောက်နေတဲ့ ဖင်လန်သမ္မတ Sauli Niinisto (ဝဲ) တို့ကို ပရီတိုးရီးယားမြို့က Union Buildings မှာတွေ့ရစဥ်။ (ဧပြီ ၂၅၊ ၂၀၂၃)
တောင်အာဖရိကသမ္မတ Cyril Ramaphosa (ယာ) နဲ့  တရားဝင်ခရီးစဥ်နဲ့ရောက်နေတဲ့ ဖင်လန်သမ္မတ Sauli Niinisto (ဝဲ) တို့ကို ပရီတိုးရီးယားမြို့က Union Buildings မှာတွေ့ရစဥ်။ (ဧပြီ ၂၅၊ ၂၀၂၃)

တောင်အာဖရိကနိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကနေ နုတ်ထွက်မယ်လို့ ပြောလိုက်ပါတယ်။ သမ္မတ စီရဲလ်ရာမာဖိုဆာ (Cyril Ramaphosa) က တောင်အာဖရိကကို အလည်အပတ်ရောက်နေတဲ့ ဖင်လန်နိုင်ငံသမ္မတ ဆော်လီနီနီစတို (Sauli Niinisto) နဲ့အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ရာမှာ အခုလို မှတ်ချက်ပြုခဲ့တာပါ။

ICC က ဖမ်းဝရမ်းထုတ်ထားတဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် တယောက် ဒီနှစ်နှောင်းပိုင်းထဲမှာ တောင်အာဖရိကကို လာနိုင်ဖွယ် ရှိတဲ့အခြေအနေမှာပဲ အခုလို တောင်အာဖရိကခေါင်းဆောင်က ပြောလိုက်တာပါ။

ICC အနေနဲ့ တချို့နိုင်ငံတွေအပေါ် မမျှမတဆက်ဆံနေတယ်လို့ လက်ရှိ တောင်အာဖရိက အာဏာရပါတီဖြစ်တဲ့ အာဖရိကအမျိုးသားကွန်ဂရက်ပါတီ (ANC) ခေါင်းဆောင်ပိုင်းက ဟိုးအရင်ကတည်းက ခံစားခဲ့ရတယ်လို့ ရာမာဖိုဆာက ပြောပါတယ်။ ဒီလိုမမျှတတဲ့ ဆက်ဆံမှုကိစ္စကို မှန်မှန်ကန်ကန် ဆွေးနွေးစေချင်ပြီး ဒီအတောအတွင်းမှာတော့ နုတ်ထွက်သင့်တယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်လို့ ရှေ့ဆက်ဆောင်ရွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ မမျှတတဲ့ ဆက်ဆံရေးဆိုတာက အာဖရိက ခေါင်းဆောင်အများအပြားကို နယ်သာလန်နိုင်ငံ၊ သည်ဟိတ် တရားရုံးရှေ့မှောက်မှာ ဆင့်ခေါ်တရားစွဲဆိုဖူးတာကို ရည်ညွှန်းဖွယ်ရှိပါတယ်။

လက်ရှိမှာတော့ ICC က ယူကရိန်းနိုင်ငံမှာ ရုရှားတပ်တွေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ဖမ်းဝရမ်းထုတ်ထားတာပါ။ ရုရှားလည်းပါဝင်တဲ့ BRICS လို့ခေါ်တဲ့ ထွန်းသစ်စ စီးပွားရေး အင်အားကြီးနိုင်ငံများ အစည်းအဝေးကို တောင်အာဖရိက,က အိမ်ရှင် အဖြစ် လာမယ့်သြဂုတ်လထဲမှာ လက်ခံကျင်းပဖို့ရှိတာမှာ ရုရှားသမ္မတပူတင်ကိုလည်း ဖိတ်ထားပါတယ်။ အဲဒီအချိန်အထိ ICC အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ် ရေးထိုးထားလျက်ဆိုရင် ရုရှားသမ္မတပူတင် အစည်းအဝေးလာတက်ခဲ့ရင် တောင်အာဖရိကနိုင်ငံက သူ့ကို ဖမ်းဆီးဖို့တာဝန်ရှိပါတယ်။

ဒါပေမယ့် အာဖရိကအမျိုးသားကွန်ဂရက်ပါတီ (ANC) နဲ့ ရုရှားကြားမှာ ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေးရှိပြီး ယူကရိန်းကျူးကျော်စစ်ကိုလည်း ရှုတ်ချတာမျိုး မလုပ်ခဲ့ပါဘူး။

အရင်တုန်းက ဖြစ်စဥ်တခုမှာတော့ ဆူဒန်အာဏာရှင်ဟောင်း အိုမာ အယ်လ်-ဘာရှားကို ICC က ဖမ်းဝရမ်းထုတ်ထားပေမယ့် ၂၀၁၅ ခုနှစ်တုန်းက တောင်အာဖရိကကိုလာလည်ချိန်မှာ တောင်အာဖရိကအစိုးရက ဖမ်းဖို့ ငြင်းခဲ့ဖူးပါတယ်။

အာဖရိကအမျိုးသားကွန်ဂရက်ပါတီဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက နိုင်ငံတကာ ရာဇဝတ်တရားရုံးကနေ နုတ်ထွက်ချင်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး တောင်အာဖရိကတရားရုံးက တားမြစ်ခဲ့ဖူးပါတယ်။

တောင်အာဖရိကနိုင်ငံ ICC မှ နုတ်ထွက်မည်
please wait

No media source currently available

0:00 0:01:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG