သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အုပ်ချုပ်ရေးကောင်စီ ခန့်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကန့်ကွက်မှုတွေ ရှိနေ


မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သော့ခတ် ချိတ်ပိတ်ထားတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Shwe Phyo - ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁)
မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သော့ခတ် ချိတ်ပိတ်ထားတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Shwe Phyo - ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံက နေရာဒေသအတော်များများမှာ စစ်အုပ်ချုပ်ရေးကောင်စီက အစားထိုးခန့်အပ်တဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေကို ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်တာတွေရှိနေပြီး တချို့ဒေသတွေမှာတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က တိုက်တွန်းထားတဲ့ ပြည်သူအုပ်ချုပ်ရေး ကော်မတီတွေ ဖွဲ့စည်းဖို့ ပြင်ဆင်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ဒီလ ၁၁ ရက်နေ့မှာ အရပ်သားအစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တာဝန်က ရပ်စဲကြောင်း ကြေညာခဲ့တာပါ။

ဒီလိုကြေညာပြီးနောက်မှာတော့ ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးတွေကို အစားထိုးခန့်အပ်တာတွေရှိခဲ့သလို တချို့နေရာဒေသတွေမှာတော့ ခန့်အပ်ဖို့ ပြင်ဆင်တာတွေ ရှိလာခဲ့ပါတယ်။

ဒီလို စစ်ကောင်စီက ခန့်အပ်တာကို နေရာဒေသအတော်များများမှာ လက်မခံကြသလို မန္တလေးတိုင်းဒေသကြီး ကျောက်ချောနဲ့ ကြွက်နဖားရွာတွေကလည်း အုပ်ချုပ်ရေးမှူးသစ်ကို ကန့်ကွက်ကြောင်း ဒီကနေ့ ဆန္ဒပြခဲ့ကြတယ်လို့ ရွာခံ အမျိုးသမီးတစ်ဦးက ဗွီအိုအေ ကို ပြောပါတယ်။

“ကျမတို့ ရွာက ရွှေစာရံအုပ်စု၊ ၃ ရွာအုပ်စုပေါ့။ ရွှေစာရံအုပ်စု နဂိုအုပ်စု ဥက္ကဋ္ဌကို ဖယ်လိုက်ပြီးတော့ ဟိုဘက် ကြွက်နဖားရွာက ဦးစိုးမြင့်ကို အုပ်စု အုပ်ချုပ်ရေးမှူးခန့်တယ်လို့ ကြားတယ်။ ကျမတို့ရွာတွေကတော့ လက်မခံဘူးရှင်... ကျောက်ချောရွာနဲ့ ကြွက်နဖားရွာ။ ခုနလေးတင်ပဲ... ကျမတို့ နှစ်ရွာစပ်ကြား လမ်းဆုံမှာ လက်မခံတဲ့အကြောင်းကို သံပုံးတီးပြီးတော့ ဟွန်းတွေနဲ့ အော်ပြီးတော့ စစ်အာဏာရှင် အစိုးရက ခန့်အပ်တဲ့ ဥက္ကဋ္ဌကို အလိုမရှိတဲ့အကြောင်း ဆန္ဒပြခဲ့တယ်။”

အခြားရွာသားတစ်ဦးကတော့ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တိုက်တွန်းထားတဲ့ ပြည်သူအုပ်ချုပ်ရေး အဖွဲ့ ဖွဲ့နိုင်ဖို့ ညှိနှိုင်းနေကြောင်းလည်း ပြောပါတယ်။

“ဒီနှစ်ရွာမှာ လက်မခံကြောင်းလည်း ဆန္ဒပြလိုက်တယ်ဗျာ။ ပြီးတော့ အုပ်ချုပ်ရေးမှူးရုံးကိုလည်း သော့ခတ်ပိတ်ပြီးတော့ ချိတ်ပိတ်လိုက်တယ်ဗျာ။ ဒါကို လူထုက ပိတ်ပါတယ်ဆိုတဲ့အကြောင်း စာရေးထားလိုက်တယ်ဗျာ။ ရွာလူထုရဲ့ ဆန္ဒနဲ့ ပိတ်လိုက်တာ။ ပိတ်ပြီးတော့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ရဲ့ ကိုယ်စားရဲ့အဖွဲ့ ဖွဲ့ဖို့ စီစဉ်လုပ်ထားဆဲပါ။ အဲဒါကတော့ အခုအစီအစဉ်ဆွဲတုန်းဆိုတော့ သိပ် ပြောလို့ မရသေးဘူး။ ညှိနှိုင်းတုန်း ရှိပါသေးတယ်ဗျ။”

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် မင်းကုန်းကျေးရွာမှာလည်း ဒီလ ၂၂ ရက်နေ့က အလားတူ ဆန္ဒပြခဲ့ကြပါတယ်။

“ကျနော်တို့ ဟိုတစ်နေ့က အုပ်ချုပ်ရေးမှူးရုံးရှေ့ကို သွားပြီးတော့ စစ်အာဏာရှင်က ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒပြထားတာ။ အာဏာသိမ်းထားတဲ့ အစိုးရလေ။ အာဏာသိမ်းတာလည်း ပြည်သူ့အာဏာကို လုယူထားတာလေ။ သူတို့ ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးကို ကျနော်တို့ အလိုမရှိကြောင်းပါ။ မင်းကုန်းကျေးရွာက လူ ၆၀-၇၀ တော့ ပါမှာပေါ့။ ၂၂ ရက်နေ့ကပေါ့။ ကိုယ့်ရပ်ကိုယ့်ရွာကို ကိုယ့်ပြည်သူကပဲ ဝိုင်းဝန်းပြီး ထိန်းသိမ်းနေတာပေါ့။ အဲဒါမျိုး။”

ဒါကတော့ မင်းကုန်းရွာခံတစ်ဦးက ပြောပြတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ် ဒ/၁၇ ရပ်ကွက်က အင်္ဂါနေ့က ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက အခုလို ပြောပါတယ်။

“သူတို့ စစ်ကောင်စီကနေပြီးတော့ ခန့်မယ့်အသံတွေတော့ ကြားတယ်။ ကြားတဲ့အခါကျ အမတို့က အဲဒါကို ကြိုတင်ပြီးတော့ ရပ်ကွက်က လူတွေက တညီတညွတ်တည်း စစ်ကောင်စီက လာပြီး အုပ်ချုပ်မယ့်သူတွေကို လက်သင့်မခံနိုင်ဘူး။ ကိုယ့်ရပ်ကွက်ကိုယ် ကိုယ့်ပြည်သူပဲ အုပ်ချုပ်မယ်ဆိုပြီး လုပ်တာ။ အဲဒါ မနေ့က တက်ညီလက်ညီပဲ အပိုင်း ၁၊ ၂၊ ၃၊ ၄၊ ၅ ရှိတယ်။ အဲဒါကို ပြည်သူတွေအားလုံးစုပြီးတော့ စစ်အာဏာရှင်ကို အလိုမရှိဘူးဆိုပြီးတော့ ဆန့်ကျင်ကြတာပေါ့။ လူက ၁၀,၀၀၀ ကျော်တယ် မောင်လေး။ ၁၀,၀၀၀ ကျော် ဆိုတာ အကုန်မထွက်သေးဘူး။ အဲဒါ ၁၀,၀၀၀ ကျော်တယ်။”

ရွှေပြည်သာ မြို့နယ် ဒ/၁၇ ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ရုံးဝန်ထမ်းတွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ပြီး ရုံးပိတ်ထားကြောင်း၊ လောလောဆယ်မှာ အသစ်ခန့်အပ်တဲ့အုပ်ချုပ်ရေးမှူး မရောက်လာသေးကြောင်းနဲ့ ရောက်လာရင် ထပ်မံ ကန့်ကွက်ဆန္ဒပြဖို့ ပြင်ဆင်ထားကြောင်း ပြောပါတယ်။

သူတို့အနေနဲ့ကတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က တိုက်တွန်းထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ရေးကို ညှိနှိုင်းထားတာမရှိသေးကြောင်း ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ နိုင်ငံနဲ့တဝန်း ကန့်ကွက်ဆန္ဒပြတာတွေနဲ့ အစိုးရဝန်ထမ်းတွေရဲ့ CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကို ရင်ဆိုင်နေရသလို ကုလသမဂ္ဂအပါဝင် နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေသလို လူထုရွေးကောက်ထားတဲ့ အစိုးရကို အာဏာပြန်လည်အပ်နှင်းဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

















XS
SM
MD
LG