သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း တရုတ်အကျိုးစီးပွားအတွက် တရုတ်နိုင်ငံ စိုးရိမ်


လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတခု မီးလောင်ကျွမ်းတဲ့ မြင်ကွင်း။ (မတ် ၁၄၊ ၂၀၂၁)
လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတခု မီးလောင်ကျွမ်းတဲ့ မြင်ကွင်း။ (မတ် ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ လက်ကိုင်ဖုန်းကနေ အင်တာနက်ဆက်သွယ်မှုကို ဒီနေ့ နေ့လယ်ပိုင်းကစပြီး အာဏာသိမ်းယူအုပ်ချုပ်နေသူတွေက ဖြတ်တောက်ထားပါတယ်။ နေပြည်တော်မှာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမှုရုံးချိန်း ဒီနေ့ရှိပေမဲ့ အင်တာနက်ဆက်သွယ်မှု မရလို့ Video conferencing နဲ့ အမှုကြားနာမှု မလုပ်နိုင်ခဲ့ဘူးလို့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။ လက်ရှိ အမှု ၄ ခုနဲ့ တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေအကျိုးဆောင်နိုင်ဖို့ ရှေ့နေကြီးဦးခင်မောင်ဇော် ခွင့်ပြုချက်မရသေးပေမဲ့ အကျိုးဆောင်အဖွဲ့ထဲက အငယ်တန်းရှေ့နေ ဦးယုယချစ်နဲ့ ဒေါ်မင်းမင်းစိုးတို့ကို အမှုအတွက် ရှေ့နေလိုက်ဖို့ ရဲက ခွင့်ပြုချက်ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ အမှုကို ရှေ့တပတ် ဗုဒ္ဓဟူး၊ မတ်လ ၂၄ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့တယ်လို့လည်း ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ မနေ့က လက်နက်ကိုင်တပ်တွေ အကြမ်းဖက်တိုက်ခိုက်မှု တိုးမြှင့်လုပ်ခဲ့ပြီးနောက် မြို့နယ် ၆ ခုမှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာပမြို့နယ် ၆ ခုမှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ရန်ကုန်မှာ မနေ့တုန်းက ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ပေမဲ့ ဒီနေ့ အများအပြား လမ်းပေါ် ပြန်ထွက်လာပြီး ဆန္ဒပြခဲ့ကြပါတယ်။ တရားမျှတမှု၊ အမှန်တရားအတွက် စိုးရိမ်တဲ့ကြားက ဆန္ဒထွက်ပြရတာလို့ ဆန္ဒပြလူငယ်တယောက်က ခုလိုပြောပါတယ်။

"စစ်အာဏာရှင် ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ညီမတို့ လုံးဝမနေနိုင်ဘူး။ အဲဒါကြောင့်မို့လို့ ညီမတို့ အခုလိုမျိုး လမ်းပေါ်ထွက်လာခြင်းပဲ ဖြစ်တယ်။ ကိုယ့်အသက်အန္တရာယ်လည်း ကိုယ်ကြောက်တယ် ဒါပေမဲ့လည်း အတတ်နိုင်ဆုံးရှောင်ကြဉ်ပြီးတော့ပေါ့နော်။"

နောက်ထပ် ၂၀ ကျော်လူငယ်ကလည်း သူတို့အနာဂတ်အတွက် ခုလို ဆန္ဒပြနေတာဖြစ်တယ်လို့ ပြောပါတယ်။

"ညီမတို့ အနာဂတ်အတွက်ကို ညီမတို့က ကြိုးစားရုန်းကန်ရမယ်။ ဒီစစ်အာဏာရှင် သိမ်းမှုကြီးကို လုံးဝ လက်မခံဘူး။ အဲ့ဒါကြောင့်မို့လို့ ညီမတို့က အသက်နဲ့လဲပြီးတော့ ထွက်လာရတာပါ။ ဒီအထဲထဲမှာလည်း ညီမတို့က ပြေးရလွှားရတာတွေ ရှိတယ်။ ညီမကိုယ်တိုင်လည်း အဆွဲခံရတဲ့အထဲပါဖူးပါတယ်။ ဒါပေမဲ့ ညီမတို့ အဖွဲ့သားတွေစုစည်းပြီးတော့ ညီမကို ကယ်ထုတ်လာတဲ့အတွက် အပြင်ကို ညီမပြန်ရောက်လာတာပါ။ ကြိုးတန်းပေါ်လမ်းလျှောက်နေရတာပေါ့နော်။"

မန္တလေးမြို့မှာလည်း ပြည်သူအမြောက်အများ ဒီနေ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေးတပ်တွေပစ်ခတ်မှုကြောင့် ဒီနေ့လည်း လှိုင်သာယာမြို့အပြင်၊ မန္တလေးမြို့ အောင်ပန်းမြို့၊ အောင်လံမြို့၊ မြင်းခြံမြို့၊ ကြို့ပင်ကောက်မြို့တွေမှာ သေဆုံး ဒဏ်ရာရသူတွေ ရှိပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်တပ်တွေက ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်း ဖြိုခွဲနေတာ မနေ့တနင်္ဂနွေနေ့ကတော့ သေဆုံးသူ ၁ ရက်ထဲအများဆုံး ဖြစ်ခဲ့ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာက တောင်းဆိုနေတဲ့ကြားက သွေးထွက်သံယိုဖြစ်အောင် ဆက်လုပ်နေတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ မြန်မာနိုင်ငံထဲက သူနဲ့ အဆက်အသွယ်ရှိသူတွေ ပြောပြချက်အရ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်အတွင်း သတ်ဖြတ်မှုတွေ၊ ဆန္ဒပြသူတွေအပေါ် မတရားလုပ်မှုတွေ၊ ဖမ်းဆီးခံရသူတွေအပေါ် နှိပ်စက်မှုတွေသတင်းကို ကြေကွဲစွာသိခဲ့ရတယ်လို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆေးဝန်ထမ်းတွေကို ရက်ရက်စက်စက်လုပ်တာ၊ အများပိုင်အခြေအခံအဆောက်အဦးတွေကို ဖျက်စီးနေတာတွေဟာ ငြိမ်းချမ်း တည်ငြိမ်းရေးကို အကြီးအကျယ်ထိခိုက်တယ်လို့ အထူးကိုယ်စားလှယ် Schraner Burgener ကပြောပါတယ်။ ဒေသတွင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ စည်းလုံးမှုပြသပြီး သူတို့လိုလားတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်တွေ အကောင်အထည်ပေါ်လာအောင် လုပ်ရမယ်လို့ မနေ့က ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က တုံ့ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ အာဏာနဲ့ မထိုက်တန်ဘဲ၊ အချုပ် သံတိုင်နောက်မှာသာ ရှိသင့်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် Tom Andrews ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ ရေးပါတယ်။ သူတို့ဆီ ငွေကြေးနဲ့ လက်နက်စီးဆင်းမှုရပ်အောင် ချက်ချင်း လုပ်ရမယ်။ သူတောင်းဆိုသလို ကုလသမဂ္ဂအနေနဲ့ ဆောင်ရွက်ပေးပါလို့လည်း လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန်က ပန်ကြားထားပါတယ်။

မနေ့ မတ်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်မှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်ပိုင် လုပ်ငန်းတချို့ ဖျက်စီးခံခဲ့ရပြီးနောက် မြန်မာနိုင်ငံထဲက တရုတ်အကျိုးစီးပွားတွေအတွက် စိုးရိမ်တယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

တရုတ်ပိုင်လုပ်ငန်းတွေနဲ့ တရုတ်လူမျိုးတွေရဲ့ လုံခြုံရေးအတွက် သိပ်ကို စိုးရိမ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ ကျောင်လီကျန်က ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောသွားတာပါ။ မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ်လူမျိုးတွေ လုံခြုံရေးကို အကာအကွယ်ပေးဖို့နဲ့ အလားတူအဖြစ်မျိုး နောင်ထပ်မဖြစ်အောင် အစွမ်းကုန်ရှောင်ရှားဖို့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့ ဆိုပါတယ်။ မနေ့က တရုတ်လုပ်ငန်းစက်ရုံတချို့ ဖျက်စီး မီးရှို့ခံခဲ့ရပြီး တရုတ်ဝန်ထမ်းများစွာ ဒဏ်ရာရခဲ့သလို ပိတ်မိတဲ့ ဝန်ထမ်းတွေလည်းရှိတယ်လို့ ရန်ကုန်မြို့ တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ထိခိုက်ခဲ့တဲ့လုပ်ငန်းအများစုက အထည်ချုပ်လုပ်ငန်းတွေဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီအခြေအနေမျိုး ထပ်မဖြစ်အောင် ထိထိရောက်ရောက် ဆောင်ရွက်ကိုင်တွယ်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြောထားတယ်လို့ တရုတ်အစိုးရပြောခွင့်ရက ဒီနေ့ ပြောပါတယ်။

ဖြစ်ခဲ့တဲ့ အခြေအနေဟာ သိပ်ဆိုးပါတယ်။ ဖြစ်ဖြစ်ပြီးခဲ့ချင်း တရုတ်သံရုံးက မြန်မာနိုင်ငံထဲက တရုတ်လုပ်ငန်း ကုန်သည်ကြီးများအသင်းအပြင် သက်ဆိုင်တဲ့လုပ်ငန်းတွေကို ဆက်သွယ်ခဲ့ပါတယ်။ တရုတ်လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးကို ဒေသခံရဲတွေအနေနဲ့ ထိထိရောက်ရောက် ကာကွယ်ပေးဖို့ တရုတ်သံရုံးက ချက်ချင်းတောင်းဆိုခဲ့တယ်လို့ တရုတ်အစိုးရပြောခွင့်ရက ပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာ နောက်ထပ် သွေးထွက်သံယိုမဖြစ်အောင် ကာကွယ်ဖို့လိုတယ်လို့လည်း ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောခွင့်ရ ကျောက်လီကျန်က ပြောကြားပါတယ်။

မြန်မာပြည်သူတွေအကျိုးအတွက် အားလုံး တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ မျှော်လင့်တယ်လို့ ပြောသွားတာပါ။ နောက်ထပ် သွေးထွက်သံယို အဖြစ်တွေ မဖြစ်ရေးကို အဓိကဦးစားပေး ကာကွယ်ပြီး တင်းမာမှုတွေလျော့သွားအောင် လုပ်ရမယ်လို့ တရုတ်အစိုးရဖက်က ပြောပါတယ်။ မြန်မာပြည်မှာ သူ့နည်းသူ့ဟန်နဲ့ ဒီမိုကရေစီနည်းလမ်းကျ အသွင်ကူးပြောင်းရေးကို ဆက်ပြီးလုပ်သွားနိုင်ဖို့ ဖွဲ့စည်းပုံ ဥပဒေဘောင်ထဲကနေ တိုင်ပင်ဆွေးနွေးဖို့လည်း တရုတ်ဘက်က အလေးထားတိုက်တွန်းတယ်ဆိုတာကိုလည်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရက ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မတ်လ ၁၄ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ လုံခြုံရေးတွေလက်ချက်နဲ့ အသေအပျောက် အများဆုံး ရက်တရက် ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေအပေါ် အကြမ်းဖက်တာကို ဂျပန်အစိုးရအနေနဲ့ အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချတယ်လို့ ဂျပန် Cabinet ဝန်ကြီးအဖွဲ့အတွင်းဝန်ချုပ် Katsunobu Kato က ဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားပါတယ်။ မြန်မာနိုင်ငံ အခြေအနေတွေကို စောင့်ကြည့်နေပြီး ဘယ်လိုတုံ့ပြန်မယ်ဆိုတာ စဉ်းစားမယ်လို့လည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက အခြေအနေအပေါ် မူတည်ပြီး စီးပွားရေးအရ မူဝါဒပိုင်းအရ ဘယ်လို့ တုံ့ပြန်မယ်ဆိုတာ ဂျပန်နိုင်ငံက စဉ်းစားမှာဖြစ်ပါတယ်။ ခုလို စဉ်းစားနေတဲ့ တချိန်ထဲမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေတွေကို ဂျပန်က စောင့်ကြည့်နေပါတယ်လို့ ဂျပန် Cabinet ဝန်ကြီးအဖွဲ့အတွင်းဝန်ချုပ် Kato ပြောကြားသွားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






နောကျထပျ ၂၀ ကြောျလူငယျကလညျး သူတို့အနာဂတျအတှကျ ခုလို ဆန်ဒပွနတောဖွဈတယျလို့ ပွောပါတယျ။












XS
SM
MD
LG